အသက်ရှည်စေလို မန်းတောင်ရိပ်ခို

အသက်ရှည်စေလို မန်းတောင်ရိပ်ခို
Published 8 July 2015
■ သက်ထွန်းအောင်(မန္တလေး)

အခုလို မိုးရာသီဆိုတော့ မန္တလေးတောင်ကြီးဟာ စိမ်းလဲ့လို့ နေပါတယ်။ ဆီဒိုးနားဟိုတယ်ရှေ့ကနေ မြောက်ဘက်ကို လှမ်းကြည့်လိုက်ရင် ကျုံးရေပြင် အဖွေးသားရဲ့ အဆုံးမှာ စိမ်းမြမြ မန္တလေးတောင်ကြီးဟာ အခန့်သား ရှိနေပါတယ်။ရာသီဥတုသာယာတဲ့ နေ့များဆိုရင် အပြာရောင် မိုးသားကောင်းကင်နောက်ခံနဲ့ ငွေမင်ရောင် တိမ်စိုင်တိမ်လိပ်တွေဟာ မန္တလေးတောင်ရဲ့ အလှကို ဖြည့်စွက်ထားပါတယ်။မန္တလေးတောင်ဟာ မန္တလေးသားတွေအတွက် ဂုဏ်ယူဖွယ်ရာ နေရာတစ်နေရာဖြစ်ပြီး ရပ်ဝေးရပ်နီး မိတ်ဆွေများ လာတဲ့အခါ မရောက်မဖြစ် ပို့ပေးရတတ်တဲ့ နေရာတစ်နေရာ ဖြစ်ပါတယ်။ကျွန်တော့်အနေနဲ့ အဝေးက မိတ်ဆွေတွေလာရင် လိုက်ပို့ပေးတတ်ပေမယ့် ကိုယ့်ဘာသာကိုယ် သွားဖြစ်ဖို့ ခဲယဉ်းပါတယ်။ မြို့နေ လူတန်းစားရဲ့ စက်ရုပ်တစ်ရုပ်လို အချိန်ဇယားအတိုင်း သွားလာလှုပ်ရှားနေရတော့ မန္တလေးတောင်နားကို ရံဖန်ရံခါ ဖြတ်သွားတတ်ပေမယ့် မဝင်ဖြစ်ပါဘူး။ဒါပေမဲ့ တစ်ခုသော ညနေမှာတော့ ကျွန်တော် မန္တလေးတောင်ကို ကျန်းမာရေးအတွက် လမ်းလျှောက်မယ်ဆိုပြီး ရောက်ဖြစ်ခဲ့တယ်။ ပင်လယ်ရေအထက် ၇၇၆ ပေ အမြင့်ရှိတဲ့ မန္တလေးတောင်ဟာ ကျန်းမာရေး လိုက်စားသူတွေအတွက် လေကောင်းလေသန့် ရှူရှိုက်ရင်း လမ်းလျှောက်လို့ကောင်းတဲ့ နေရာတစ်ခုပါ။

ကျွန်တော့်ရဲ့ ဆိုင်ကယ်ကို မန္တလေးတောင်ခြေရင်းမှာ အပ်ခဲ့ပြီး တောင်တက်ကားလမ်းအတိုင်း တက်ခဲ့တယ်။ မန္တလေးတောင်ကိုလာတဲ့ ဘုရားဖူး အများစုဟာ စောင်းတန်းလှေကားကနေ အတက်များကြပေမယ့် မန္တလေးမြို့ခံ ကျန်းမာရေး လိုက်စားကြတဲ့ သူတွေကတော့ တောင်တက်ကားလမ်းက အတက်များကြပါတယ်။ လမ်းတစ်လျှောက်မှာ လမ်းလျှောက်တဲ့သူတွေ အပြေးလေ့ကျင့်သူတွေ သာမက စက်ဘီးစီးတဲ့ သူတွေပါ တွေ့ခဲ့ရတယ်။တောင်တက်လမ်းတစ်လျှောက်မှာ သစ်ပင်အမျိုးအစား စုံလင်စွာ ပေါက်နေပြီး သစ်ပင်တွေကို ကာကွယ်ဖို့အတွက် ‘သစ်တစ်ပင်ခုတ် ထောင်သုံးနှစ်’ ဆိုတဲ့ နီနီရဲရဲ ဆိုင်းဘုတ်ကြီးတစ်ခု စိုက်ထူထားတာလည်း တွေ့ခဲ့ရပါတယ်။ကျွန်တော် ဆုတောင်းပြည့်ဘုရား ခြေတော်ရင်း ရောက်တဲ့ အချိန်မှာ ဘုရားဖူးလာတဲ့ ဧည့်သည်တွေ နိုင်ငံခြားသား ခရီးသည်တွေနဲ့ စည်ကားနေတာကို တွေ့မြင်ရပါတယ်။“ဒီအချိန်က ဘုရားဖူးလာတဲ့ ဧည့်သည် သိပ်မများဘူး။ ဆောင်းရာသီဆို လူစည်တယ်” လို့ အမှတ်တရပစ္စည်းများ ရောင်းချတဲ့ ဈေးသည်တစ်ဦးက ပြောပါတယ်။မန္တလေးမြို့နား တစ်ဝိုက်က တောင်ပြုန်းပွဲတော်၊ ရတနာဂူပွဲတော် စတဲ့ ပွဲတော်တွေရှိရင် တောင်ပေါ်မှာ လူအရမ်းစည်ကားပြီး ဈေးဆိုင်တွေလည်း ရောင်းအားကောင်းတယ်လို့ သူမက ဆက်ပြောပါတယ်။သူမရဲ့ ဘိုးဘွားတွေ လက်ထက်ကတည်းက မန္တလေးတောင်မှာ ဈေးရောင်းလာတာ ဖြစ်တဲ့အတွက် ဘယ်အချိန် ဘယ်ရာသီမှာ လူစည်တယ်၊ ဈေးရောင်းကောင်းတယ်ဆိုတာ သူမက ကောင်းကောင်း သိနေပါတယ်။ဆုတောင်းပြည့်ဘုရား ရင်ပြင်တော်ပေါ်မှာ မန္တလေးမြို့ရဲ့ ဆည်းဆာနေဝင်ချိန် အလှကို လာရောက်ခံစားနေတဲ့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေနဲ့ ပြည့်နေပါတယ်။မန္တလေးမြို့ရဲ့ နေဝင်ဆည်းဆာ (Sun Set) ကြည့်ရှုကြတာနဲ့ ပတ်သက်ပြီး ဧည့်လမ်းညွှန်တစ်ဦးက “ဘယ်နိုင်ငံခြားသားနေနေ မန္တလေးတောင်ကနေ နေဝင်ဆည်းဆာ (Sun Set)ကြည့်ဖို့ ပို့ပေးရပါတယ်။ သူတို့က ဒီလိုကြည့်ရတာကို အရမ်းကြိုက်ကြတယ်။ ဒီပေါ်ကနေကြည့်ရင် အရမ်းလှတယ်လေ” လို့ ပြောပါတယ်။အရှေ့ဘက်မှာ ရှမ်းရိုးမ၊ ရန်ကင်းတောင်၊ ကျွဲနဖားတောင်၊ မြောက်ဘက်မှာ ဆားလူတောင်၊ သခင်မတောင်၊ အနောက်ဘက်မှာ စစ်ကိုင်းတောင်ရိုးနဲ့ မင်းဝံတောင်တန်းတွေ၊ တောင်ဘက်မှာ နန်းမြို့ရိုးနဲ့ ကျုံးရေပြင် အလှတို့ဟာ ခံစားလို့ မဝနိုင်ပါဘူး။“မန္တလေးတောင်ပေါ်မှာ ဘုရားဖူး ဧည့်သည်တွေက ပြတ်တယ်လို့ မရှိပါဘူး။ နိုင်ငံပေါင်းစုံက ခရီးသွား ဧည့်သည်တွေနဲ့ အမြဲမပြတ် လာတယ်။ ရှမ်း၊ ကချင်၊ ကရင်၊ ချင်းစတဲ့ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ လူမျိုးစုတွေလည်း လာကြတယ်။ အခုခေတ်က ကိုယ်ပိုင်ဖုန်းတွေမှာ ကင်မရာတွေ ပါနေတော့ ကိုယ့်ဟာကိုယ် ရိုက်ကြတာတွေ များတယ်။ ဒီတော့ ကျွန်တော်တို့လုပ်ငန်း အထိုက်အလျှောက်တော့ ထိခိုက်တာပေါ့” လို့တောင် ထိပ်ရင်ပြင်တော်ပေါ်က ဓာတ်ပုံဆရာတစ်ဦးက ပြောပါတယ်။သူက အဲဒီလိုပြောပြီး ဆုတောင်းပြည့် မြတ်စွာဘုရား မြောက်ဘက်စောင်းတန်းက ဘုရားဖူးနေဟန် ပြုလုပ်ထားတဲ့ မြွေကြီးနှစ်ကောင် ရုပ်တုအနီးမှာ နယ်က ဧည့်သည်တွေကို အမှတ်တရ ဓာတ်ပုံရိုက်ဖို့ သွားစည်းရုံးနေပါတယ်။ရင်ပြင်တော်ပေါ်မှာ သဘာဝအလင်းရောင် မှိန်လာတဲ့အတွက် လျှပ်စစ်မီးတွေ စပြီး ထွန်းလာပါတယ်။ ညဦးအစရဲ့ လေပြည်လေးဟာလည်း တဟူးဟူး တိုက်ခတ်နေပါတယ်။ စိတ်ထဲမှာတော့ ငယ်ငယ်က သင်ခဲ့ရတဲ့ ကဗျာလေးကို ရွတ်နေမိတယ်။အသက်ရှည်စေလို၊မြနန္ဒာရေညိုသန်းတဲ့မန်းတောင်ရိပ်ခို၊ခေါင်းလောင်းသံချိုချိုနဲ့၊ရွှေဗဟိုရ်စည်တော်ဟိန်းတယ်၊ဘေးရန်ကငြိမ်း...။

Most Read

Most Recent