ဖန်သော...ခါးသော...ချိုမြိန်သော...ဖန်ခါးမြေ

ဖန်သော...ခါးသော...ချိုမြိန်သော...ဖန်ခါးမြေ
Published 5 July 2015
အောင်ကျော်သူ

မြတ်စွာဘုရားရဲ့ မြသားသလွန်တော် ကိန်းဝပ်ရာ ဖန်ခါးမြေ..။ ဖန်ခါးသီးတွေသီးတဲ့ မြန်မာပြည်အလယ်ပိုင်းက ဖန်ခါးမြေ..။ ထနောင်းရိပ်၊ တမာရိပ်၊ မကျည်းရိပ်တွေ၊ ထန်းတောတွေနဲ့ ဖန်ခါးမြေ..။ ဘောသော၊ ဘောကျော် ဘီလူးညီနောင်တို့ ပျော်ပါးရာ ဖန်ခါးမြေ..။ ချစ်သော ဧရာဝတီမြစ်ကြီးကို ဖြတ်သန်းစီးဆင်းခွင့်ပေးတဲ့ ဖန်ခါးမြေ..။ နွေအခါ နေ့အပူချိန်တွေ စံချိန်တင်သလောက် ဆောင်းမှာ ညအပူချိန်တွေ ထိုးကျတတ်တဲ့ ဖန်ခါးမြေ..။ တစ်ခါတလေ ရိုးသားသလောက် တစ်ခါတလေ မာယာများတဲ့ ဖန်ခါးမြေ..။ တစ်ခါတလေ ချစ်စရာကောင်းသလောက် တစ်ခါတလေ သိပ်ရက်စက်တတ်တဲ့ ဖန်ခါးမြေ..။ တစ်ခါတလေ ချိုမြိန်သလောက် တစ်ခါတလေ ဖန်တွတွ ခါးသက်သက်နဲ့ ဖန်ခါးမြေ..။ သူ့အရိပ်ကိုခိုရင်း ဆရာဝန်ပညာတွေ ဆည်းပူးခွင့်ပေးခဲ့တဲ့ ဖန်းခါးမြေ..။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ သူငယ်ချင်းများစွာနဲ့ ဆုံဆည်းခွင့်ပေးခဲ့တဲ့ ဖန်ခါးမြေ..။ ဘာပဲဖြစ်ဖြစ် ဖန်ခါးမြေဟာ ကျွန်တော်တို့ရဲ့ ဘဝအချိုးအကွေ့တစ်ခု၊ ကျွန်တော်တို့ရဲ့ ဘဝမှတ်တိုင်တစ်ခု၊ ကျွန်တော်တို့ရဲ့ ဘဝတွေကို ပြောင်းလဲစေခဲ့တဲ့ အရပ်ဒေသ တစ်ခုဆိုရင် မမှားပါဘူးလေ..။ကျွန်တော် အပါအဝင် မြစ်ဝကျွန်းပေါ်က သူငယ်ချင်းတွေ၊ တနင်္သာရီက သူငယ်ချင်းတွေ၊ ချင်းတောင်တန်း၊ ရှမ်းတောင်တန်းပေါ်က သူငယ်ချင်းတွေ၊ ငွေတောင်ပြည်က သူငယ်ချင်းတွေ၊ ရာမညမြေက သူငယ်ချင်းတွေ၊ မနောမြေက သူငယ်ချင်းတွေ၊ ဇွဲကပင်မြေက သူငယ်ချင်းတွေ၊ သာစွဌာနီ ရခိုင်ပြည်က သူငယ်ချင်းတွေ…. အားလုံးအားလုံးဟာ မြန်မာပြည်အလယ်ပိုင်းမှာလာပြီး တက္ကသိုလ် လာတက်ကြရလိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်မကူးမိခဲ့ကြပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့တစ်တွေ တကယ်ပဲ ဒီဒေသမှာ တက္ကသိုလ် တက်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရလက်ထက်မှာ မြေလတ်ဒေသ ဖွံ့ဖြိုးဖို့ဆိုပြီး မကွေးမှာ တက္ကသိုလ်တွေ ဖွင့်ရင်းက နောက်ဆုံးမှာ ဆေးတက္ကသိုလ်ပါ အဆစ်ပါလာခဲ့လို့ ဖြစ်ပါတယ်။ ဆေးတက္ကသိုလ်ဖွင့်ဖို့ မြေနေရာရွေးတာက ၂၀၀၀ ပြည့်နှစ်၊ ဒီဇင်ဘာမှာ..။ ကျောင်းသားတွေလက်ခံပြီး စဖွင့်တာက ၂၀၀၁ ခုနှစ်၊ မေ ၂၂ ရက်မှာဆိုတော့…. အချိန်ငါးလလောက်အတွင်းမှာ လူ့အသက်ကယ်တဲ့ ပညာရပ်တွေ ပို့ချမယ့် ဆေးတက္ကသိုလ်တစ်ခုကို လွယ်လင့်တကူ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းကလွဲလို့ ကျန်ပြည်နယ်နဲ့ တိုင်း ၁၂ ခုက ဆေးတက္ကသိုလ် အမှတ်မီသူတွေဟာ ခေတ်စနစ်ရဲ့ သားကောင်တွေ အဖြစ်နဲ့ မြေလတ်ဒေသ ဖွံ့ဖြိုးဖို့အတွက် ဖန်ခါးမြေကြီးမှာလာပြီး ဆေးပညာတွေ သင်ကြားခဲ့ရပါတော့တယ်..။ဒီမိုကရေစီ ပင်မကျောင်းသားသပိတ် မကွေးမြို့မှ ဖြတ်သန်းသွားစဉ်
ကျောင်းတက်ကာစမှာ ကျွန်တော်တို့ အသက်တွေဟာ ၁၇-၁၈ ပတ်ဝန်းကျင်လောက် ဖြစ်ပါတယ်။ ရန်ကုန်နဲ့ မန္တလေးတိုင်းက သက်တူရွယ်တူ သူငယ်ချင်းတွေ မိဘအရိပ်အောက်မှာနေရင်း၊ မိဘနဲ့ အနီးအနားမှာ နေကြရင်းနဲ့ ကိုယ့်အိမ်ကနေကိုယ် ဆေးကျောင်းတက်၊ အချိန်တန်ရင်အိမ်ပြန်၊ စာဖတ်၊ စားချင်တဲ့ အချိန်ဝင်စား၊ အိပ်ချင်တဲ့ အချိန်ဝင်အိပ်နဲ့ Establish ဖြစ်ပြီးသား ဆေးတက္ကသိုလ်ကြီးတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေး ပညာသင်ကြားနေရချိန်မှာ…ကျန်ပြည်နယ်နဲ့ တိုင်းတွေက ၁၀ တန်းအောင်စ မနူးမနပ်လေးတွေဟာ မိဘတွေရဲ့ မမြင်ကွယ်ရာအဝေးမှာ ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကို ခံစားရင်း၊ ငါးလအတွင်း တည်ထောင်ဖွင့်လှစ်လိုက်တဲ့ အစစအရာရာ အဆင်သင့်မဖြစ်၊ မပြည့်စုံသေးတဲ့ ဆေးတက္ကသိုလ်၊ မကွေးမှာ အစမ်းသပ်ခံဘဝနဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ကြရပါတယ်။ဆေးတက္ကသိုလ်ကြီးဆိုလို့ မကွေးမြို့ထဲမှာ ရှိတယ်လို့တော့ မထင်လိုက်ပါနဲ့။ မကွေးနဲ့ ၇ မိုင်လောက်ဝေးတဲ့ မကျည်းကန်ရွာနဲ့ ကန်လှရွာနှစ်ရွာရဲ့ကြား…မကွေး-ရေနံချောင်း ကားလမ်းနံဘေးမှာပါ။ ကားလမ်းနံဘေးဆိုလို့ ကားလမ်းနံဘေးကပ်ရပ်လည်း မဟုတ်သေးပါဘူး။ ကားလမ်းပေါ်ကနေ အတွင်းဘက်ကို တစ်မိုင်လောက် ထပ်ဝင်ရပါသေးတယ်။ ဒီတော့မှ ကျွန်တော်တို့ရဲ့ ဘူမိနက်သန် မကွေးဆေးတက္ကသိုလ်ကြီးကို ရောက်ပါတယ်။ ကျွန်တော်တို့ ကျောင်းတက်စမှာ မကွေး-ရေနံချောင်း ကားလမ်းကနေအတွင်းကို ဝင်တဲ့လမ်းကြီးဟာ ဖုန်တသောသောနဲ့ “လှည်းလမ်းကြောင်းတစ်လျှောက် ... ဖုန်လုံးကြီးတွေ ...တစ်လိမ့်လိမ့်တက်တာ မြင်ယောင်နေတော့သည်...” ဆိုတဲ့ သန်းထွန်းလေးသီချင်းထဲကလိုပါပဲ။ ကျောင်းကိုရောက်ရင် အားလုံးရဲ့ကိုယ်ပေါ်မှာ မြေနီမှုန့်တွေ အလိမ်းလိမ်း ကပ်ငြိလို့။ ပါးစပ်ထဲမှာလည်း ကျလိကျလိနဲ့။ ဒီဖုန်အလိမ်းလိမ်း ခန္ဓာကိုယ်ကြီးနဲ့ပဲ စာသင်ခန်းထဲမှာ Lecture လိုက်ကြပေါ့။ ဒီလိုမျိုး တစ်နှစ်ကျော် နှစ်နှစ်နီးပါး နေပြီးကာမှ အဲဒီလမ်းကြီးဟာ ကတ္တရာလမ်း ဖြစ်လာခဲ့ပါတယ်။ သရုပ်ပြ ဆရာအဖြစ် ကျောင်းမှာပြန်ရောက်နေခဲ့တုန်းက အဲဒီလမ်းကြီးကို ဖြတ်သွားရင်းနဲ့ တစ်ခါတလေလည်း ဖုန်လုံးကြီးတွေကို လွမ်းတော့ လွမ်းမိသလိုလိုပါပဲ။အဲဒီတုန်းက ကျွန်တော်တို့ကို ကျောင်းကြိုပို့လုပ်တဲ့ ကားကြီးတွေထဲမှာ မှန်လုံကားက သုံးစီးလောက် ရှိပါတယ်။ ကားအများစုကတော့ ပုံမှာပြထားတဲ့ ကုန်းလမ်းပို့ဆောင်ရေး RTC က ကားကြီးတွေ ဖြစ်ပါတယ်။ ကမ္ဘာမှာရော မြန်မာမှာပါ ဘယ်အရပ်ဒေသမှာမှ လူမစီးတဲ့ ဒီကုန်တင်ကားကြီးတွေပေါ်မှာ တန်းလျားလေးတွေရိုက်လို့ လူထိုင်လို့ရအောင် စီမံလိုက်တဲ့အခါ ဆေးကျောင်းကြိုပို့ Ferry ယာဉ်ကြီးတွေ ဖြစ်လာပါတယ်။ အမိုးအကာအဖြစ်နဲ့ တာလပတ်စကြီးတွေ အုပ်ထားပါတယ်။ မိုးရွာရင် မိုးယိုတတ်တဲ့ မိုးမလုံ လေမလုံ ဒီကားကြီးတွေဟာ ကျွန်တော်တို့တွေ ချောင်ချောင်လည်လည် စီးရတာတော့ မဟုတ်ပါဘူး။ ကားပေါ်မှာ ကျပ်ကျပ်ညပ်ညပ် မတ်တတ်ရပ်စီးရတဲ့ ကားနောက်ပိုင်းက လှေကားထစ်မှာ တွယ်ပြီး လိုက်ကြရတဲ့ ဆရာဝန်လောင်းလေးတွေကို နေ့စဉ်လိုလို တွေ့ရတတ်ပါတယ်။ မှန်လုံကားတွေမှာဆိုလည်း ကျပ်ပြည့်သိပ်လို့ပေါ့။ ပူပူလောင်လောင် ရာသီဥတုမှာ ကျပ်ကျပ်တည်းတည်း ကားတွေကို ဖုန်တသောသော ချွေးတလုံးလုံး စီးရင်းနဲ့ပဲ ငါးနှစ်တာကာလကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ကြရပါတယ်။၂၀၀၆ ခုနှစ်က တွေ့ရသည့် မကွေးဆေးတက္ကသိုလ်ကျောင်းကား
ဖုန်ထူထူ၊ နေပူပူနဲ့ အင်မတန် ရာသီဥတု ပြင်းထန်တဲ့ မကွေးမြို့ဟာ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး အပူချိန်တွေ နှစ်စဉ်နီးပါး စံချိန်တင်တဲ့မြို့ ဖြစ်သလို ဆောင်းတွင်းမှာ အေးချက်ကတော့ “မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်ရဲ့” ဆိုတဲ့ မန္တလေးသားတွေတောင် “ကွေးတုန်အောင် အေးပုံကို ညဉ်းချင်ရဲ့” လို့ စာချိုးပြောင်းပြီး ဟစ်ရမလောက်ပါပဲ။ “မန္တလေးတောင် ဒီလောက်မအေးဘူး” ဆိုပြီး အတူနေခဲ့တဲ့ မန္တလေးက ဆရာတွေ မကြာခဏ ညည်းလေ့ရှိတတ်ပါတယ်။ ကျောင်းတက်ကာစ ဒီဇင်ဘာလကြီးမှာ မနက်စောစောနဲ့ ညဘက်တွေဆိုရင် အေးစိမ့်နေသလောက် နေ့လယ်ဆိုရင် ချစ်ချစ်တောက်ပူတဲ့ မာယာများတဲ့ မကွေးရာသီဥတုဒဏ်ကို စခံစားကြရပါတယ်။ နှာခေါင်းနဲ့ လည်ချောင်းထဲကို အတောင့်လိုက်ဝင်တဲ့ ဖုန်တွေကြောင့်လား၊ ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကြောင့်လားတော့ မသိပါဘူး။ လည်ချောင်းနာလိုက်၊ ချောင်းဆိုးလိုက်နဲ့ နေကောင်းကျန်းမာစွာနဲ့ စာကျက်ရတယ်ဆိုတာ မရှိခဲ့သလောက်ပါပဲ။ အဲဒီတုန်းက ဆိုးခဲ့တဲ့ ချောင်းဟာ ကျွန်တော့်ဘဝမှာ ကာလအရှည်ကြာဆုံး ဆိုးခဲ့တဲ့ချောင်း ဖြစ်ပါတယ်။အရာရာကို စူးစမ်းလိုတဲ့ အရွယ်မှာ မိဘအရိပ်အောက်က ဗြုန်းခနဲ ထွက်လာကြရတဲ့အပြင် အရင် တက္ကသိုလ်ကျောင်းသားတွေလို ကျောင်းအဆောင်မှာ သီးသီးသန့်သန့် မနေကြရဘဲ အကျင့်စုံ၊ စရိုက်စုံ၊ ဆွဲဆောင်မှု ပေါင်းစုံရှိတဲ့ ရပ်ကွက်ထဲမှာ ရောက်သွားကြတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းနိုင်သူ အချို့ဟာ အဲဒီဆွဲဆောင်ရာ နောက်တွေကို ကောက်ကောက်ပါအောင် လိုက်သွားကြပါတော့တယ်။ ကွမ်းယာ၊ ဆေးလိပ်၊ တီဗွီဂိမ်း၊ ကွန်ပြူတာဂိမ်းကစလို့ ဖဲ၊ အရက်၊ ဘိလိယက်၊ စနူကာ စတဲ့ ကျောင်းသားနဲ့ မအပ်စပ်တဲ့ ကိစ္စရပ်တွေနဲ့ ရင်းနှီးလာကြပါတယ်။ နောက်ပိုင်း တွေ့ရတဲ့ ကျောင်းထွက်သွားရတဲ့ ကျောင်းသားတွေဆိုရင်၊ ဂိမ်းဆိုင်မှာအိပ်၊ ဂိမ်းဆိုင်မှာစား၊ ဂိမ်းဆိုင်ကနေကျောင်းလာ၊ ဂိမ်းဆိုင်ကနေထပြီး စာမေးပွဲလာဖြေတဲ့ အထိတောင် ဖြစ်ရတာကို တွေ့ခဲ့ရပါတယ်။ တချို့မိန်းကလေးတွေ အကြောင်းကိုတော့ စာမျက်နှာပေါ် မတင်ချင်တဲ့အတွက် မရေးတော့ပါဘူး။ ဒါတွေဟာ တကယ့်ကို ဖြစ်နေခဲ့တာတွေ၊ ဖြစ်နေဆဲကိစ္စတွေ ဖြစ်ပါတယ်။ ဒီလိုနဲ့ ပင်ကိုယ်အရည်အချင်း မနိမ့်ဘဲ ကျနှစ်ကျ 2F ထိပြီး ကျောင်းထွက်သွားရသူတွေ မနည်းလှပါဘူး။ သူတို့တွေသာ ရန်ကုန်၊ မန္တလေးက ကျောင်းသားတွေလို မိဘအရိပ်အောက်မှာ ကျောင်းတက်ခဲ့ရရင် ဒီလိုဖြစ်ချင်မှ ဖြစ်ရှာမှာလို့ တစ်ခါတလေ တွေးမိပါတယ်။ စနစ်ဆိုးတစ်ခုရဲ့အောက်မှာ အမြော်အမြင်နည်းပါးတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆုံးဖြတ်ချက်မှားတွေကြောင့် တစ်ချိန်မှာ ဖူးပွင့်လန်းဆန်းပြီး လောကကို အလှဆင်မယ့် ပန်းကလေးများစွာဟာ အငုံအဖူး ဘဝမှာတင် ပျက်ကြွေကြေမွခဲ့ရပါတယ်။ တကယ့်ကိုပဲ ပျက်ကြွေကြေမွ ခဲ့ကြရပါတယ်။ဒါက ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းလို့ ဖြစ်တာပါ ဆိုရင်လည်း လက်ခံရမှာပါပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်းနဲ့ စာကြိုးစားတဲ့ ကျောင်းသားတွေလည်း စိတ်ပျက်အားလျော့ဖွယ်ရာတွေ အကြိမ်ကြိမ် ကြုံခဲ့ရပါတယ်။ ဒီထဲကမှ အားလုံးရဲ့ စိတ်ထဲမှာ တနုံ့နုံ့နဲ့ ခံစားခဲ့ရတဲ့ ကိစ္စတစ်ခုကတော့ ဆေးတက္ကသိုလ်မကွေးဟာ WHO အသိအမှတ်ပြု တက္ကသိုလ်တစ်ခု မဟုတ်ဘူး ဆိုတာပါပဲ။ ဒီအရိပ်ကြီးဟာ ကျွတ်တော်တို့ ကျောင်းတက်ခဲ့ရတဲ့ ကာလတစ်ခုလုံး ကျွန်တော်တို့ရဲ့ စိတ်အစဉ်ကို အမြဲခြောက်လှန့် လွှမ်းမိုးခဲ့တဲ့ အရိပ်မည်းကြီးတစ်ခု ဖြစ်ပါတယ်။ “WHO အသိအမှတ် မပြုလည်း ဘာအရေးလဲကွာ။ ငါနိုင်ငံခြားသွား အလုပ်လုပ်မှာမှ မဟုတ်ဘဲ။ ဒီနိုင်ငံက အသိအမှတ်ပြုရင် ပြီးတာပဲ” ရယ်လို့ စိတ်နှလုံးတုံးတုံးချပြီး ကျွန်တော်တို့ ခြေလှမ်းတွေ ရှေ့ဆက်ခဲ့ရပါတယ်။ မကွေးမှာ အမှတ်နည်းလို့ တက်ရတာလို့ ထင်နေကြတဲ့ သူတွေနဲ့ တွေ့ရတဲ့ အခါမှာလည်း စိတ်အနှောင့်အယှက် ဖြစ်ကြရပါတယ်။ အဲလိုလူတွေ အရင်က ခဏခဏ တွေ့ရပေမယ့် အခုနောက်ပိုင်းမှာတော့ သိပ်မတွေ့ရတော့ပါဘူး။ အခုတော့ ကျွန်တော်တို့ကျောင်းက ဘွဲ့ကို နိုင်ငံတကာက အသိအမှတ်ပြုတဲ့အတွက် နိုင်ငံခြားစာမေးပွဲ ဖြေဆိုအောင်မြင်သူတွေ၊ နိုင်ငံခြားက တက္ကသိုလ်မှာ သွားပြီး ဘွဲ့လွန်တက်နေသူတွေ ရှိနေပြီ ဖြစ်ပါတယ်။ဒီလို အခက်အခဲတွေနဲ့ မပြည့်မစုံဖြစ်နေတဲ့ ဖန်ခါးမြေ ဆေးကျောင်းတော်ကြီးကနေ ရန်ကုန်၊ မန္တလေး ဆေးကျောင်းတွေကို ပြောင်းရွှေ့ချင်သူတွေဟာလည်း ဒုနဲ့ဒေး ရှိခဲ့ပါတယ်။ ပြောင်းရွှေ့ဖို့အတွက်လည်း စည်းကမ်းချက်တွေ၊ မူတွေချမှတ်ထားတာ ရှိပါတယ်။ မိဘဝန်ထမ်းက ရန်ကုန်၊ မန္တလေးတိုင်းမှာ တာဝန်ထမ်းဆောင်တာတု့ိ၊ ညီအစ်ကို မောင်နှမ အရင်းတစ်ယောက်ယောက်က ရန်ကုန်၊ မန္တလေးမှာရှိတဲ့ ဆေးသိပ္ပံအောက်က တက္ကသိုလ်တစ်ခုခုမှာ တက်နေတာတို့ ဘာတို့ပေါ့။ ဒါပေမဲ့လည်း စည်းကမ်းချက်နဲ့မညီ၊ မူနဲ့မကိုက်တဲ့ ကျောင်းသားတွေ ပြောင်းရွှေ့ခွင့် ရသွားတာကတော့ တကယ့်ကို အံ့သြစရာပါပဲ။ ဒီလို ပြောင်းရွှေ့ခွင့် ရသွားသူအချို့က ကျွန်တော်တို့တစ်တွေကို ငတုံးငအလေးတွေ ဖန်ခါးမြေမှာ နေရစ်ခဲ့ကြဦးပေါ့ဆိုတဲ့ အထင်သေးတဲ့ မျက်လုံးတွေ၊ လေသံတွေနဲ့ နှုတ်ဆက်လမ်းခွဲသွားခဲ့တာ အကြိမ်ကြိမ် အခါခါ ပါပဲ။ တစ်မြို့တည်း နေသူတွေတောင်မှ ပါပါသေးတယ်။ ဒါတွေဟာ တကယ်ကိုရှိခဲ့၊ ကြုံခဲ့ရတာတွေ ဖြစ်ပါတယ်။ကျွန်တော်တို့ ဘွဲ့ယူခဲ့ရတဲ့နေ့ကလည်း အမှတ်တရပါပဲ။ ဘွဲ့နှင်းသဘင်စင်မြင့်ကို စတုရန်းပုံ ကျောင်းဆောင်ကြီးရဲ့အလယ် မြက်ခင်းပြင်မှာ ဆောက်ထားပါတယ်။ နေပြည်တော်မှာ အကယ်ဒမီပေးတဲ့ လဟာပြင် ဇာတ်ရုံကြီးလို လဟာပြင်ကြီးမို့ နေမြင့်လာရင် နေထိုးလာ၊ နေပူလာတဲ့အတွက် မနက်စောစော ၆ နာရီခွဲ၊ ၇ နာရီလောက်မှာ အခမ်းအနားစပြီး ၉ နာရီလောက်မှာ အပြီးသတ်ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ မိုးရွာလို့ ဘွဲ့နှင်းသဘင် ပျက်သွားတယ် ဆိုတာမျိုးတော့ ခုချိန်ထိ မကြားမိခဲ့ပါဘူး။ ခုဆိုရင် ဘွဲ့နှင်းသဘင်ဟာ အဋ္ဌမအကြိမ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်,နှစ်လောက်က ဘွဲ့နှင်းသဘင်ခန်းမလည်း ဆောက်လုပ်ပြီးစီးသွားပြီဖြစ်လို့ လဟာပြင် ဘွဲ့နှင်းသဘင်တွေတော့ မရှိတော့ပါဘူး။“တိမ်တိုက်တိုင်းမှာ ငွေအနားကွပ် ရှိတယ်” လို့ ဆိုသလိုပဲ ကန္တာရသဖွယ် ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းရတဲ့ ဖန်ခါးမြေမှာ အိုအေစစ်သဖွယ် အေးမြမှုကို ပေးစွမ်းခဲ့တဲ့ သူတွေကတော့ မကွေးဆေးတက္ကသိုလ်ကြီးမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများပဲ ဖြစ်ပါတယ်။ ဆရာကြီး၊ ဆရာမကြီးတွေရဲ့ မေတ္တာရေ၊ စေတနာ မြေဆီသြဇာတွေကြောင့်သာ… ပျိုးပင်ငယ်တွေနဲ့တူတဲ့ ကျွန်တော်တို့တစ်တွေဟာ ကန္တာရသဖွယ် ဖန်ခါးမြေကျောင်းတော်ကြီးမှာ အညွန့်အတက်ကလေးတွေထွက်လို့ ရှင်သန်ကြီးထွားခွင့် ရခဲ့ကြတာ ဖြစ်ပါတယ်။ Knowledge နဲ့ Skill ကိုသာမက စိတ်နေစိတ်ထား Attitude ကောင်းအောင် သင်ကြားပေးခဲ့ကြတဲ့၊ ကျောင်းဖွင့်စမှာ အနစ်အနာခံပြီး မေတ္တာစေတနာ ကြီးမားစွာနဲ့ Establish လုပ်၊ အပင်ပန်းခံခဲ့ကြတဲ့ ဆရာတွေရဲ့ ကျေးဇူးတရားတွေကို ယနေ့ထက်တိုင် အောက်မေ့တသ အမှတ်ရနေမိတုန်းပါပဲ။ အဲဒီတုန်းက ဆရာကြီး၊ ဆရာမကြီးတွေကိုသာမက ကျောင်းသက်တမ်း ၁၁ နှစ်ခွဲ ကာလအတွင်းမှာ မိသားစုနဲ့ခွဲ၊ ဒုက္ခတွေအရောက်ခံ၊ အနစ်နာခံပြီး၊ အချို့ပုဂ္ဂိုလ်တွေ ပစ္စန္တရာဇ်အရပ် တစ်ခုလို သဘောထားလို့ နာမည်တောင်မကြားချင်တဲ့ မကွေးဆေးတက္ကသိုလ်မှာ စေတနာမေတ္တာ ရှေ့ထားပြီး လာရောက်တာဝန်ထမ်းဆောင်ခဲ့တဲ့၊ တာဝန်ထမ်းဆောင်နေတဲ့၊ တာဝန်ထမ်းဆောင်လိမ့်ဦးမယ့် ဆရာ၊ ဆရာမတွေကို အထူးအထူးကို ကျေးဇူးတင်ပါတယ်လို့ ကျောင်းသားအားလုံးရဲ့ကိုယ်စား ကျေးဇူးတင်စကား ဆိုလိုက်ပါရစေ။အချုပ်ပြောရရင်တော့ တက္ကသိုလ်ကျောင်းသားတွေ အဆင်ပြေပြေ ချောချောမွေ့မွေ့ ပညာသင်နိုင်တာ မသင်နိုင်တာတွေ၊ ပညာတတ်တာ မတတ်တာတွေကို ဘေးဖယ်ထားပြီး ကျောင်းသားတွေဟာ ငါတို့ကို ဆန့်ကျင်လာနိုင်တဲ့ ရန်သူအလောင်းအလျာတွေလို့ သဘောပိုက်လို့၊ နိုင်ငံရေးမလုပ်ရင်ပြီးရော၊ စုစုစည်းစည်းမရှိရင် ပြီးရောဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ တက္ကသိုလ်တွေကို အရည်အသွေးထက် အရေအတွက်ကို ဦးစားပေးပြီး တစ်နိုင်ငံလုံးမှာ ဖြန့်ကြက်ဖွင့်ခဲ့တဲ့၊ တက္ကသိုလ်တွေကို လူသူမနီးတဲ့ မြို့ပြင်လယ်ကွင်းတွေထဲကို ပို့ခဲ့တဲ့ ခေတ်ဆိုးကြီးထဲမှာ ကျွန်တော်တို့တစ်တွေဟာ မကွေးမြို့ပြင် လယ်ကွင်းတစ်နေရာမှာ ဆေးပညာကို သင်ယူခဲ့ရပါတယ်။ အဆင်မပြေမှုများစွာနဲ့ ပတ်ဝန်းကျင် အခြေအနေတွေရဲ့ ရိုက်ခတ်မှုကြောင့် လိုတာထက်ပိုပြီး ပင်ပင်ပန်းပန်းအားထုတ်လို့ ဆေးပညာကို သင်ကြားခဲ့ကြရပါတယ်။ တက္ကသိုလ်ဝင်တန်းမှာ ဂုဏ်ထူးများစွာနဲ့ အောင်မြင်ခဲ့ကြပေမယ့် အခြေအနေ အရပ်ရပ်ကြောင့် လမ်းတစ်ဝက်မှာ ကြွေလွင့်ပြီး ဆရာဝန်မဖြစ်ခဲ့ကြတဲ့ ဆရာဝန်အလောင်းအလျာတွေလည်း မနည်းမနောကို ရှိခဲ့ပါတယ်။ဒါ့ကြောင့် နောင်လာနောက်သား တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေကို ကျွန်တော်တို့လို အဖြစ်ဆိုးမျိုးတွေ ထပ်မကြုံစေချင်တော့ပါဘူး။ တက္ကသိုလ်တွေကိုလည်း တက္ကသိုလ်နေရာမှာပဲ ရှိနေစေချင်ပါတယ်။ တက္ကသိုလ်ကျောင်းသားတွေကိုလည်း တက္ကသိုလ်ကျောင်းသားလိုနေပြီး ပညာသင်နေကြစေချင်ပါတယ်။ အထူးသဖြင့်တော့ နောင်အနာဂတ်မှာ ညီငယ် ညီမငယ်တွေ အနေနဲ့  မိမိတို့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေကို ရန်သူလိုသဘောထားပြီး လူစုခွဲ လယ်ကွင်းထဲပို့ နှိပ်ကွပ်ခံကြရတဲ့ အဖြစ်ဆိုးမျိုးတွေ ထပ်ပြီးမကြုံတွေ့ကြရပါစေနဲ့ တကယ်လို့ ကြုံတွေ့နေရခဲ့ရင်လည်း အမြန်ဆုံး လွတ်မြောက်ကြပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုလိုက်ရပါတယ်။

Most Read

Most Recent