အချစ်မိုးကောင်းကင်ထဲက RETRO ငှက်ကလေးတွေ

အချစ်မိုးကောင်းကင်ထဲက RETRO ငှက်ကလေးတွေ
Published 5 July 2015
ဒေါက်တာမိုးမိုးသီ

ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်လာတာပေပဲလား။ ဒါမှမဟုတ် ပြုသူအသစ်ဘဝမှာ ဝဋ်ကြွေးခံရတဲ့ေ ရောဂါပေပဲလား။
 
ကျွန်မနဲ့ ငယ်စဉ်ကျောင်းသူဘဝက ခင်မင်ရင်းနှီးသူ သူငယ်ချင်းတစ်ယောက်ပါ။ နယ်မှာ ကျွန်မ ၁၀ တန်း၊ သူက ရှစ်တန်းဆိုတော့ မေးထူးခေါ်ပြော အဆင့်လောက်ပါပဲ။  ကျွန်မတို့ အတန်းပိုင်ဆရာမရဲ့သားမို့ လူသိများတဲ့ ကျောင်းသားတစ်ယောက်ပါ။ ၈၈၈၈ အရေးအခင်းမှာ သူက မြို့နယ်မှာ ကျောင်းသားခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။ ကျွန်မတို့ ပြန်ရောက်ချိန်မှာ သူက အဖမ်းမခံဘဲ အဝေးကို ပြေးခဲ့ပါတယ်။ ဒီလိုနဲ့မတွေ့ဘဲ တော်တော်ကြာခဲ့ပါတယ်။ ကျွန်မတို့ မင်္ဂလာဒုံမှာနေတဲ့အချိန်မှာ အ.လ.က ကျောင်းတစ်ကျောင်းကို ဆရာမတစ်ယောက် ပြောင်းလာလို့ အဒေါ်နဲ့တွေ့ရာကတစ်ဆင့်  ကျွန်မရဲ့ဆရာမဖြစ်နေပါတယ်။ အဲဒီကနေ သူ့ကို ပြန်တွေ့ရပါတယ်။ သူ ဘာတွေလုပ်နေလဲ။ ဘယ်လိုပြန်ရောက်လာလဲ အားနာလို့ မမေးပါဘူး။ 
 
အသက်ရှင်လျက်တွေ့ရတာ ကံကောင်းတယ်လို့ဆိုရမှာပါ။ နောက်ပြီး  ကျွန်မတို့နှစ်ယောက်ဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နာမည်ကြီးကြတဲ့သူတွေပါ။ ကျွန်မဟာ ဘေးပတ်ဝန်းကျင်ကလူတွေရဲ့ အကြောင်းကို ဝိုင်းဖွဲ့ပြောဆို စပ်စုတဲ့စိတ်မျိုး မရှိကိုယ်တိုင်ကလည်း စာဖတ်တာနဲ့ကို မအားတော့ ဘာမှသိပ်မသိပါဘူး။ အဒေါ် ပြောပြမှ  ကျွန်မဆရာမရဲ့အကြောင်း သိရပါတယ်။ ဆရာမအမျိုးသားက (အိမ်မှာ ခိုင်းထားသူနဲ့) နောက်ထပ် တစ်အိမ်ဆောက်လို့ နယ်ပြောင်းပြီးထွက်လာတာဆိုတော့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ အိမ်ကအထွက် လမ်းမကြီးမှာ ဆရာမရဲ့ကျောင်းကို ကြုံသလို ဝင်ထွက်သွားလာရင်း တတ်နိုင်သမျှ အားပေးကူညီနေခဲ့ပါတယ်။ ဒီအချိန်မှာ သူကမြို့ထဲမှာ ဂျာနယ်တစ်စောင်ထုတ်မလို့ပြင်ဆင်နေပါတယ်။ သူတို့ ကိုယ်ပိုင်စာပေထုတ်ဝေရေး လည်းလုပ်ပြီး စာအုပ်တွေ ရိုက်နေပါပြီ။ သူတို့ စာအုပ်တိုက်ဖွင့်ပွဲလုပ်လို့ ညီမတွေနဲ့ မုန့်သွားစားလိုက်ပါသေးတယ်။ သူ့မျက်နှာက ပြည့်ပြည့်ဝိုင်းဝိုင်းကို စကားသိပ်မပြောဘဲ ပြုံးပြုံးကြီး လုပ်နေတတ်လွန်းလို့ သူ့ကို ရွှေလလို့ခေါ်ကြပါတယ်။ ကျွန်မကိုလည်း အယ်ဒီတာလုပ်မလား။ 
သတင်းရေးမလားနဲ့ပြောပါ ရဲ့။ ကျွန်မ ဘွဲ့လွန်တက်ဖို့ အလုပ်တွေရှုပ်နေလို့ ဘယ်မှမရောက် ဘယ်သူနဲ့မှ မတွေ့ဘဲ ခြောက်လလောက်ကြာပြီးတော့ ဆရာမအိမ်ကို နယ်ထွက်ကုန်လေးပေးစရာရှိလို့ရောက်တော့ အိမ်ရှေ့အပင်ရိပ်မှာ ထိုင်နေပါတယ်။ သူ့ကို ရုတ်တရက် မမှတ်မိဘူး။ ပိန်ပြီး အသားအရေတွေက ဖြူဖျော့နေတာ။ ဆရာမနဲ့အိမ်ထဲမှာတွေ့ပြီး ပေးစရာရှိတာပေးပြီး မေးတော့ ဆေးရုံကဆင်းလာတာ တစ်ပတ်ပဲရှိသေးတယ်။ အဆုတ်ထဲ ရေဝင်လို့  ဆေးရုံမှာ ဖောက်ထုတ်ပြီး သက်သာလို့ဆင်းလာပါပြီတဲ့။ 
 
ကျွန်မမျက်စိထဲမှာတော့ သူ့ကြည့်ရတာ ဖြူဖျော့ပြီး အားမရှိတဲ့ပုံ ပေါက်နေပါတယ်။ ဒီတော့ အားရှိအောင် အားဆေးသွင်းပုလင်းကြီး ချိတ်ရမယ်ဆိုတော့ ဆရာမက ဝမ်းသာအားရနဲ့ ဆေးသွင်းပေးဖို့ပြောပါရော။ ကျွန်မ ဒီလိုပဲဆွေမျိုးတွေနဲ့ကြုံရင် လုပ်ပေးနေကျဆိုတော့ နောက်နေ့မှာ ဆေးသွင်းပေးမယ်လို့ ပြောခဲ့ပါတယ်။
 
နောက်နေ့မှာ ဆေးတွေယူပြီးသွားတော့ သူက ခါးခါးသီးသီးငြင်းပါတယ်။ ကျွန်မက သူ့ကို နာမှာစိုးလို့လားဆိုပြီး ပြောတော့လည်း မရပါဘူး။ စကားသိပ်မပြောချင်သလို ပုံစံဆိုတော့ ကျွန်မစိတ်ထဲအောင့်ပြီး ကောက်မိပါတယ်။ ဆေးတွေ ထားခဲ့ပြီး Nurse သာ ခေါ်ပြီး ထိုးပေးလိုက်ပါဆိုပြီး ပြန်လာခဲ့ပါတယ်။ နောက်တစ်ပတ်လောက်နေတော့ တစ်ခေါက်ရောက်တော့ သူက အိမ်ထဲမှာထိုင်နေပါတယ်။ ကျွန်မလည်း သူ့ကို စကားမပြောဘဲ ဆရာမကိုပဲ အကျိုးအကြောင်းမေးတော့ ဆေးရုံက နာ့စ်ကြီးတစ်ယောက်ကို ခေါ်ပြီး ဆေးသွင်းပေးလိုက်တယ်။ ဒါပေမဲ့ အစားမစားနိုင်ဘူးလို့ပြောပါတယ်။ ကျွန်မစိတ်ထဲမှာ နာလန်ထမို့လို့အစာစားချင်စိတ် မရှိဘူးလို့ထင်တာ။ သူတက်တဲ့ စစ်ဆေးရုံက စာရွက်တွေ ဓာတ်မှန်တွေကို တောင်းပြီး ဆရာကြီးတွေကိုပြဖို့ယူလာခဲ့ပါတယ်။ သူ့ကိုဆေးရုံမှာ တစ်လနေရင်ပြန်ပြဖို့လည်း ရှိသေးတယ်ဆိုတော့ ထပ်ပြီးမေးလို့ရတာပဲဆိုပြီး ဆရာမကို အားပေးပြီးပြန်ခဲ့ပါတယ်။
 
နောက်တစ်ပတ်မှာ သူတို့ဆီရောက်တော့ သူ့ကို အပြင်မှာမတွေ့ရပါဘူး။ အိပ်ခန်းထဲမှာ အိပ်နေတယ်ဆိုလို့ ကြည့်ရုံကြည့်ပြီး အပြင်မှာ အကျိုးအကြောင်း မေးကြည့်ပါတယ်။ ဆေးရုံမှာ ရက်ချိန်းစေ့လို့ ပြန်ပြတာ ဘယ်လိုနေသလဲဆိုတော့ ဆရာမမျက်နှာ မကောင်းပါဘူး။ မြောက်ဥက္ကလာက အထူးကုဆေးခန်းမှာ CT Scan  ရိုက်ရမယ်လို့ပြောပါ တယ်။ လူနာက မသက်သာဘဲ မောနေတယ်တဲ့။ Scan ရိုက်ပြီးမှအဖြေကို စစ်ဆေးရုံက ပြန်ကြည့်ပေးမယ့်သဘောပါ။ နောက်တစ်ပတ်ရောက်တော့ အခန်းထဲမှာ ပြတင်းပေါက်နားကပ်ပြီး ပက်လက်ကုလားထိုင်နဲ့ထိုင်နေလို့သူနဲ့ကျွန်မ ထွေရာလေးပါး ပြောကြပါတယ်။ နေကောင်းရင် စာအုပ်တိုက်မှာ အလုပ်တွေပြန်လုပ်ဖို့ပြောနေလို့ နေကောင်းဖို့ အားပေးခဲ့ရပါတယ်။ အပြင်မှာ ဆရာမနဲ့တွေတော့ ဘာစကားမှမပြောဘဲ ကျွန်မကို စာရွက်တွေ တစ်ထပ်ကြီးပေးပြီး ဖတ်ခိုင်းပါတယ်။ ဆေးရုံမှာကတည်းက သူက  HIV(+) ပါ။ ဒါကို လူနာကို မပြောဘဲ လျှို့ဝှက်ထားတာပါ။ ဆရာမကတော့ ဒီတစ်ခေါက် ဆေးရုံသွားမှ သိတာထင်ပါရဲ့။ သူ့အခြေအနေဟာ တဖြည်းဖြည်းချင်းဆုတ်ယုတ်လာတာ ကိုယ့်မျက်စိအောက်တင်ပါပဲ။ ကျွန်မလည်း ဘာမှမပြောနိုင်ဘဲ စိတ်မကောင်းခြင်းများစွာနဲ့ ပြန်လာခဲ့ပါတယ်။
 

 
ဒဂုံအရှေ့မြို့နယ်ရှိ HIV/AIDS ရောဂါကာကွယ်ရေးနှင့် ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးဂေဟာမှ ဝေဒနာသည်တစ်ဦး(ဓာတ်ပုံ-ကြည်နိုင်)
 
ကျွန်မ နောက်တစ်ခေါက်ရောက်တော့ ဆရာမက အခန်းထဲကို လက်ညှိုးထိုးပြီး ညွှန်ပြပါတယ်။ သူ့ညီမလေးက သူ့ကို အစားစားဖို့ ပြောနေတာထင်ပါရဲ့။ သူက အိပ်ရာနံဘေးမှာ ရှိတဲ့စာအုပ်တွေကိုဆွဲပြီး ကျွန်မတို့ဘက်ကို ပေါက်ထည့်လိုက်ပါတယ်။ ပါးစပ်ကလည်း “သွားကြ သွားကြ ”ဆိုပြီး အော်ဟစ်နေပါတယ်။  ဒီအချိန်မှာ သူ့ကိုစကားပြောလို့လည်း ရမယ်လို့မထင်ပါဘူး။ ဆရာမကတော့ မျက်ရည်တွေကျလို့။ ကျွန်မကိုလည်း ဘာမှမပြောနိုင်။ ကျွန်မလည်း သူတို့ကို ဘယ်လိုနှစ်သိမ့်ရမှန်း မသိပါဘူး။ တကယ်တမ်းတော့ သူဟာ တိုင်းပြည်ကိုချစ်တဲ့ ဒီမိုကရေစီတိုက်ပွဲဝင် သူရဲကောင်းတစ်ဦးပါ။ စာပေကို ချစ်လွန်းလို့ စာအုပ်တိုက်တစ်ခု တည်ထောင်ထားသူပါ။ နည်းပညာရပ်တွေကိုလည်း စိတ်ဝင်စားလွန်းလို့ ကျွန်မတက်နေတဲ့ ဘွဲ့လွန်ဘာသာထဲက  Cloning ဆိုတဲ့ ပုံတူမျိုးကူးပညာရပ်ကို စိတ်ဝင်စားလွန်းလို့ စာရွက်တွေတောင်းပြီး ကူးထားသူပါ။ ဒီလိုလူမျိုးတစ်ယောက်ဟာ တဖြည်းဖြည်းချင်း သင်းသတ်ခံရတဲ့ သစ်ပင်တစ်ပင်လိုခြောက်သွေ့ပြီး ဘုန်းဘုန်းလဲသွားတော့မှာကို မြင်ရတာ ကျွန်မဘယ်လို စိတ်ဆင်းရဲရတယ်ဆိုတာ မပြောပြတတ်ပါဘူး။ 
ကာယကံရှင်ဖြစ်တဲ့ သူ့မှာလည်း ရည်ရွယ်ချက်တွေ ပန်းတိုင်အနာဂတ်တွေနဲ့ ရှင်သန်မှုတွေကို စွန့်လွှတ်ရတော့မယ့် သေလူတစ်ဦး ဖြစ်နေတာကို သူဘယ်လိုရင်ဆိုင်မှာလဲ။ ဒါ့ကြောင့် သူပေါက်ကွဲနေတဲ့အချိန်မှာ ကိုယ်က နားလည်နိုင်တာပါ။ ဒီလိုမျိုး ဆရာမတို့ စိတ်ဆင်းရဲနေရတဲ့အချိန်မှာလည်း ပတ်ဝန်းကျင်ကြောင့် စိတ်ပျက်စရာကြုံရပါသေးတယ်။ ဝန်ထမ်းအိမ်ဆိုပေမယ့် သီးသန့်နေရတဲ့နေရာကိုပဲ ရောဂါသည်ရှိလို့မနေခိုင်းဘဲ ပြောင်းဖို့ ပြောနေတဲ့သူတွေလည်း ရှိတယ်တဲ့။
 
အဲဒါတွေအပြင် ဒီရောဂါကူးမှာစိုးလို့ဆိုပြီး အိမ်ကိုလည်း ဘယ်သူမှ အဝင်အထွက်မရှိတော့ပါဘူးတဲ့။ ကျွန်မတို့ မြန်မလူမျိုးတွေက ဗဟုသုတမရှိ ကြောက်စရာရှာကြံကြောက်တဲ့ လူမျိုးတွေမဟုတ်လား။ ဒီရောဂါဟာ အသားချင်းထိမိလို့မကူးဘူး။ ထမင်းအတူတူ စားလည်း မကူးပါဘူးဆိုတာကိုပဲ ရောဂါကူးမှာစိုးလို့ဆိုပြီး အိမ်မလာတဲ့သူတွေချည်းပါပဲ။ လူနာပိုင်ရှင်တွေကလည်း သူနဲ့ မလွှဲသာလို့ လုပ်ပေးနေရသလို အချိုးမျိုးဆိုတော့ မလွယ်ပါဘူး။ ဘယ်မှာလဲ မေတ္တာကရုဏာ မုဒိတာတရားတွေ။
 
နောက်တစ်ခေါက် ညနေပိုင်းရောက်တော့ ထမင်းချက်ကောင်မလေးပဲ ရှိတယ်။ အဲဒါနဲ့ အခန်းထဲဝင်ကြည့်တော့ ဘေးပြတင်းပေါက် ပိတ်ထားလို့အခန်းကလှောင်နေတယ်။ ခုတင်ပေါ်မှာ ပက်လက်ကလေး အိပ်နေလား မှိန်းနေလားမသိဘူး။ သူ့မျက်နှာမှာ ချွေးတွေ ထွက်နေလို့ ချွေးသုတ်တဲ့စနိုးတာဝါ လေးယူပြီး ချွေးတွေသုတ်ပေးတော့ မျက်လုံးဖွင့်ပြီး ကြည့်ရှာပါတယ်။ ကျွန်မလည်း သူ့ကို မျက်နှာ လည်ပင်း အကုန်လုံးသေချာသန့်ရှင်းရေး လုပ်ပေးပြီး အမွေးနံ့လေးသင်းနေအောင် သူ့ လက်တွေရော ရင်ဘတ်တွေရော အကုန်ချွေးသုတ်ပေးလိုက်ပါတယ်။ သူ့လက်ကို မနည်းမြှောက်ပြီး ကျွန်မလက်ကို ဆုပ်ထားပါတယ်။ ပက်လက်နေရတာ ညောင်းလို့ထင်ပါရဲ့။ တစ်ဖက်ကို စောင်းချင်တယ်လို့ လက်ဟန်ပြလို့သူ့ကိုတစ်ဖက်ကမပြီး လူကိုစောင်းပေးလိုက်ပါတယ်။ 
ဒီလိုလှုပ်ရှားမှုကို လုပ်တာလေးတောင်  သူမောနေရှာပါတယ်။ သူပြန်ပြီး မှိန်းနေမှ အပြင်ကိုထွက်လာတော့ ဆရာမ အပြင်ကပြန်လာပါတယ်။ သူ့သားအတွက် ကြက်သားပလာတာလေး ဝယ်လာတာကို စားခိုင်းနေပါတယ်။ လူနာက အသံမထွက်ပါဘူး။ 
 
ဆရာမရဲ့ပြောပြပုံအရ သူတောထဲက ပြန်ရောက်ပြီး နွေမှာရှင်ပြုပဉ္စင်းခံတဲ့ အလှူ တစ်ခုမှာ သူနဲ့ လူ ၂၀ လောက်အတူ သင်္ကန်းဆီးကြပါတယ်တဲ့။ အဲဒီမှာ ဆံချတော့ မောင်းချဓားကိုတစ်လက်ပဲသုံးပြီး ကတုံးတုံးကြရာက ရောဂါကူးတယ်လို့ယူဆရပါတယ်တဲ့။ သူနဲ့အတူ သင်္ကန်းဝတ်သူတစ်ဦးက နယ်မှာ ဒီရောဂါနဲ့ပဲ ဆုံးသွားပြီလို့ ဆိုပါတယ်။နောက်နှစ်ရက်လောက်မှာတော့ သူအရမ်းမောနေလို့အောက်ဆီဂျင်ပေးရပါတယ်။ သူ့ကိုကြည့်ရတာ ငါးအရှင် ကုန်းပေါ်တင်ထားတာ မသေသေးဘဲ ဟစိဟစိနဲ့ အသက်ရှုနေသလိုပါပဲ။ မြင်ရတဲ့သူမှာ မသက်မသာနဲ့ မကြည့်ရက်စရာအခြေအနေမျိုးပါ။ သူကိုယ်တိုင်လည်း အသက်ကို ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ရှုနေပြီး မျက်စိမဖွင့်နိုင်တော့ပါဘူး။ ခေါ်တာလည်း မကြားတော့ဘူးထင်ပါရဲ့။ ဘာမှကိုမတုံ့ ပြန်နိုင်တော့ပါဘူး။ သူ့ရဲ့အသက်ရှူသံက လွဲလို့ ဘာမှမကြားရအောင်ကို ငြိမ်သက် နေပါတယ်။ ကျွန်မပြန်လာပြီး နောက်နေ့ မနက်မှာ သူဆုံးပါတယ်။ သင်တန်းတစ်ဖက်နဲ့မို့ကျွန်မကို အကြောင်းမကြားတော့ ညနေဘက် သူတို့အိမ်ရောက်မှ ကျွန်မသိပါတယ်။ သူ့ကို နေ့ချင်းပဲ သင်္ဂြိုဟ်လိုက်တော့ သူ့ရဲ့ နောက်ဆုံးခရီးကို ကျွန်မ မမီလိုက်ပါဘူး။ မီလည်း ကျွန်မ မလိုက်ချင်ပါဘူး။ ကျွန်မဟာ အင်မတန် မျက်ရည်လွယ်တဲ့သူဖြစ်တော့ ငိုလို့ဆုံးမှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ သူ့ကို ဒီလိုပုံစံမျိုးနဲ့လည်း ကျွန်မ နှုတ်မဆက်ချင်ပါဘူး။ ခုထိ သူရဲ့နာမည်နဲ့လိုက်အောင် လပြည့်ဝန်းလို ဝိုင်းစက်တဲ့ မျက်နှာပေါ်က အပြုံးတွေကို မြင်ယောင်မိနေပါတယ်။
 
သွားတဲ့သူက ရှေ့ကသွားနှင့်ပေမယ့် နှုတ်မဆက်ချင်သေးတော့ ကံကိုပဲ ယိုးမယ်ဖွဲ့ရတာပါပဲ။