သစ်ပင်စိုက်ခြင်းအနုပညာ၊ ခုတ်လှဲခြင်းရာဇဝတ်မှု

သစ်ပင်စိုက်ခြင်းအနုပညာ၊ ခုတ်လှဲခြင်းရာဇဝတ်မှု
Published 5 July 2015
ဝေလင်း(ပြည်)

အင်ဒိုနီးရှားနိုင်ငံရဲ့ဒုတိယအကြီးဆုံး စက္ကူလုပ်ငန်းကုမ္ပဏီကြီးဖြစ်တဲ့ Asia Pacific Resources Internation Holding.Ltd (APRIL)  က ဇွန်လ ပထမပတ်မှာ သဘာဝသစ်တောတွေ ခုတ်ထွင်ရှင်းလင်းတာကို ရပ်စဲထားလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ Green peace  အဖွဲ့ကြီးကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အဓိကအောင်မြင်မှုကြီးတစ်ရပ်အဖြစ် အသိမှတ်ပြုခဲ့ပါတယ်လို့ သတင်းတစ်ခုမှာ ဖတ်လိုက်ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကြီးမားအကျယ်ပြန့်ဆုံးနှင့် ဇီဝမျိုးစုံမျိုးကွဲ တွေရှိတဲ့မိုးသစ်တောကြီးတွေရှိရာ နိုင်ငံဖြစ်ပေမယ့်လည်း ဆီအုန်းခြံတွေ တိုးချဲ့စိုက်ပျိုးခြင်း၊ သတ္တုတွင်းတူးတာနဲ့ သစ်ထုတ်လုပ်ငန်းကုမ္ပဏီတွေကြောင့် သဘာဝသစ်တောတွေ ခုတ်ထွင်ဖျက်ဆီးခံခဲ့ရပြီး အကျိုးဆက်ကတော့ အရှေ့တောင်အာရှက ထိပ်တန်းစီးပွားရေးနိုင်ငံတစ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းစေတဲ့ ကာဗွန်ဓာတ်ငွေ့တွေ တတိယအများဆုံး ထုတ်လွှတ်တဲ့နိုင်ငံ ဖြစ်လာတာပါပဲလို့လည်း ဆက်လက်ဖော်ပြထားပြန်ပါတယ်။ ဒီဥပမာကို သစ်တောပြုန်းတီးမှု အကျိုးဆက်တွေကို လက်တွေ့ခံစားနေရတဲ့ မြန်မာနိုင်ငံက တာဝန်ရှိသူ အစိုးရများကို သင်ခန်းစာယူစရာတစ်ခုဖြစ်ကြောင်းကို သတိပေးပြောကြားမှုကိုလည်း တွေ့ရပါတယ်။ ကမ္ဘာကို လွှမ်းခြုံထားသောလေထု (ကမ္ဘာ့လေထု)ထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်(CO2)၊ မီသိန်း၊ နိုက်ထရိုဂျင်ဓာတ်ငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုက်က အများဆုံးဖြစ်ပြီး နေရောင်ခြည်ကို စုပ်ယူပြီး ကမ္ဘာကြီးကို နွေးထွေးစေပါတယ်။ ဖန်လုံအိမ်က မှန်ကာဘာများကဲ့သို့ နွေးထွေးတဲ့ရောင်ခြည်ကို ကမ္ဘာထဲကိုပေးပြီး အန္တရာယ်ရှိတဲ့ ရောင်ခြည်တွေကိုတော့ ရောင်ပြန်လွှတ်လိုက်ပါတယ် (ဖန်လုံအိမ်အာနိသင်) ဒီဓာတ်ငွေ့တွေ နည်းရင်လည်း ရေခဲသွားနိုင်တယ်။ အခုပြဿနာ ကတော့ များလွန်းတာပါ။ကမ္ဘာ့လေထုထဲမှာ CO2 280 ppm(Parts per million) ရှိရင် ရပါပြီး၊ 350 ppm ဆိုရင် အန္တရာယ်ရှိနေပါပြီ။ ဒါပေမဲ့ ယနေ့တိုင်းတာချက်အရ 400 ppm ရှိလာနေပါတယ်။
 
CO2 ထုတ်လွှတ်မှုရဲ့ ၁၇ ရာခိုင်နှုန်းနဲ့ ရာခိုင်နှုန်း ၂၀ ဟာ သစ်တောတွေ ပြုန်းတီးမှုကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။ ဒါတွေကို ကာကွယ်ဖို့ကတော့ ဖွံ့ဖြိုးဆဲနဲ့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေကို ငွေကြေးထောက်ပံ့ခြင်းဖြင့် သစ်တောတွေကို ထိန်းသိမ်းခိုင်းတာဖြစ်ပါတယ်။ ဒီနေရာမှာ အများစုက သစ်ပင်သစ်တောတွေဟာ ကာဗွန်ဒိုင်ဓာတ်ငွေ့တွေကို စုပ်ယူတယ်လို့သာသိနေပြီး သေဆုံးသွားတဲ့အခါ မီးလောင်ကျွမ်းတဲ့အခါမှာ ပြန်ပြီး ထုတ်လွှတ်တယ်ဆိုတာကို သိပ်မသိကြသလို သတိမမူကြပါဘူး။ ဒီနေ့အချိန်မှာတော့ ကမ္ဘာကြီးပူနွေးလာမှု(Global Warming) ကြောင့် ဖြစ်ပျက်လာတဲ့ ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ ကမ္ဘာ့လူသားတွေအတွက် ထိပ်တန်းစိန်ခေါ်မှုတစ်ခု ဖြစ်လို့နေပါပြီ။ ဒါတွေနဲ့ပတ်သက်ပြီး ဇွန် ၁၈ ရက်မှာတော့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကမ္ဘာကြီး မပျက်စီးမီ ရာသီဥတု အလွန်အကျွံပြောင်းလဲခြင်းကို ကာကွယ်ရန်အတွက် အလျင်အမြန်လုပ်ဆောင်ကြရန် ကမ္ဘာကြီးကို တောင်းဆိုလိုက်ကြောင်းဆိုပြီး  The Daily Eleven သတင်းစာမှာ ဖော်ပြပါရှိခဲ့ပြီး ချမ်းသာသောနိုင်ငံများအနေဖြင့် ပြဿနာကို ဖန်တီးခြင်းအတွက် တာဝန်ယူရမည်ဖြစ်ကြောင်းနှင့် ဘဏ္ဍာရေးသည် ဖြေရှင်းရန် နည်းလမ်းတစ်ရပ်ဖြစ်ကြောင်းတို့ကို ဆက်လက်ပြောဆို ခဲ့ပါတယ်။ ဒီအတွက် ယနေ့ပြဿနာဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံများနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေ မှာ တာဝန်အများကြီးရှိတယ်လို့ ဆိုသလို မဖွံ့ဖြိုးသေးသော နိုင်ငံ၊ သစ်တောပြုန်းတီးမှု မများသေးတဲ့၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းနေသေးတဲ့ နိုင်ငံတွေကို ငွေကြေးထောက်ပံ့ပေးခြင်းဖြင့် သဘာဝရင်းမြစ်တွေကို ထိန်းသိမ်းခိုင်းလိုက်ခြင်းဖြစ်တယ်လို့ သုံးသပ်လို့ရနိုင်ပါတယ်။
 
ဒါဟာ ကမ္ဘာ့နိုင်ငံများနဲ့ အာရှနိုင်ငံများရဲ့ ကမ္ဘာကြီးပူနွေးလာမှုဆိုင်ရာ အခင်းအကျင်းများဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ထိုနည်းတူစွာ ရာသီဥတုပြောင်းလဲကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဟာ ဖြစ်ပေါ်လို့လာနေပါပြီ။ မြန်မာနိုင်ငံရဲ့မြစ်တွေ  ကျဉ်းမြောင်းကျုံ့ဝင်တိမ်ကောမှုတွေ ဖြစ်လာနေသလို၊ အချို့ချောင်းလက်တက်တွေကတော့ ပျောက်ကွယ် သေဆုံးခဲ့ကြပါပြီ။ ကြီးမားထင်ရှားတဲ့ ရေတိမ်ဒေသဖြစ်တဲ့ အင်းလေးကန်ဟာလည်း ရေနည်းပါးလာနေသလို ဇီဝမျိုးကွဲတွေဖြစ်တဲ့ အချို့ငါးမျိုးစိတ်တွေ ပျောက်ကွယ်သွားခဲ့ပါတယ်။ အချို့နေရာတွေမှာတော့ ရေရှားပါးမှုနဲ့ အချို့ဒေသတွေမှာတော့ ရေကြီးရေလျှံနေပါပြီ။ ခန့်မှန်းရခက်လာတဲ့ ရာသီဥတုမှာ တိုင်းပြည်ရဲ့အဓိက အခန်းကဏ္ဍဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ များစွာထိခိုက်ခဲ့ရပါတယ်။ 
 
ဒါတွေဖြစ်ရတာကတော့ လူတိုင်းသိပြီးဖြစ်တဲ့ နိုင်ငံတော်အစိုးရအဖွဲ့အစည်းများရဲ့ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ စီမံခန့်ခွဲမှုအလွဲများ၊ အကျင့်ပျက်ခြစားမှုများကြားက ထွက်ပေါ်လာခဲ့တဲ့ သဘာဝသယံဇာတ ထုတ်ယူရောင်းချနေခြင်းများကြောင့်ပါပဲ။ အထူးသဖြင့် သစ်တောကဏ္ဍဟာ အဆိုးရွားဆုံးဖြစ်ခဲ့သလို။ ပြုန်းတီးမှုဟာလည်း တစ်နှစ်ထက်တစ်နှစ် ဆိုးရွားလာခဲ့ပါတယ်။ ခရိုနီ သစ်ကုမ္ပဏီကြီးများရဲ့သစ်ထုတ်လုပ်ကွက်များနဲ့ အခြား သစ်ခိုးထုတ်မှုလုပ်ငန်းများကတော့ ရှိနေဆဲပါ။ အထူးသဖြင့် တရုတ်အစိုးရနဲ့ တရုတ်လူမျိုးများဟာ သစ်ခိုးထုတ်မှုဖြစ်စဉ်ထဲမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေခဲ့သလို အကြီးဆုံးဈေးကွက်ကြီးများကိုလည်း ဖန်တီးခဲ့ပါတယ်။ ဒါတွေကို ယနေ့အချိန်ထိ အစိုးရအဖွဲ့အစည်းများက တင်းတင်းကျပ်ကျပ် မထိန်းချုပ်နိုင်ခဲ့ပါဘူး။ မြန်မာနိုင်ငံရဲ့သစ်တောဖုံးလွှမ်းမှုအခြေအနေများကို သစ်တောအငြိမ်းစား ညွှန်ကြားရေးမှူး ဆရာဦးတင်အေးက ၁၈၅၆- ၇၀ ရာခိုင်နှုန်း၊ ၁၉၂၅- ၆၅.၈ ရာခိုင်နှုန်း၊ ၁၉၅၇- ၅၇.၂ ရာခိုင်နှုန်း၊ ၁၉၇၅- ၅၂.၇ ရာခိုင်နှုန်း၊ ၁၉၈၅- ၅၀.၈ ရာခိုင်နှုန်း၊ ၂၀၁၀- ၄၆.၉ ရာခိုင်နှုန်း၊ ထူထပ်သစ်တော ၁၉.၈၇ ရာခိုင်နှုန်း၊ ပြုန်းတီး ၂၇.၀၉ ရာခိုင်နှုန်းဆိုပြီး နှစ်အပိုင်းခြားအလိုက် စစ်တမ်းထုတ်ခဲ့သလို ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့(FAO) နဲ့ပူးပေါင်းတွက်ချက်မှုအရ ၄၆.၉၆ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ တွက်ချက်ထားပြန်ပါတယ်။
 
ဒီလိုတွက်ချက်ထားကြပေမယ့်လည်း ၂၀၁၀ ပြည့်နှစ်ရဲ့နောက်ပိုင်း သစ်ခိုးထုတ်မှုနှုန်းထားများ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ ၃၀၃၂၇ တန်၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှာ ၃၁၅၇၁ တန်၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ၄၀၄၆၅ တန်နှင့် ၂၀၁၄-၁၅ ခုနှစ် ၅၁၇၂၅ တန်အထိ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ဧပြီလမှ ဇွန်လ ၁၅ ရက် အတွင်း ခိုးထုတ်မည့် သစ်တန်ချိန် ၁၄၃၉၃ တန်၊ ဖမ်းဆီးရမိ ကျွန်း၊ အင်၊ တမလန်း၊ ပျဉ်းကတိုးနဲ့ အခြားသစ်မာများလို့ဆိုပြီး The Daily Eleven သတင်းစာမှာ နောက်ဆုံးအခြေအနေတစ်ရပ်ကို ဖော်ပြထားပြီး အစိုးရအဖွဲ့အစည်းများ၏ အကျင့်ပျက်ခြစားမှုများ၊ တရုတ်အာဏာပိုင်များ၏ ပူးပေါင်းတားဆီးနှိမ်နင်းမှုများ မရှိခြင်းကြောင့်လို့ ဆိုပါတယ်။ 
 
ဒီအတွက်ကြောင့် မြန်မာနိုင်ငံရဲ့သစ်တောပြုန်းတီးမှုဟာ စိုးရိမ်စရာအခြေနေဆိုတာ ငြင်းစရာမလိုတော့သလို အမြန်ဆုံး တားဆီးကန့်သတ်ခြင်းများ ပြည်ထောင်စုအဆင့်ထိ ရောက်သော စီမံချက်များ ချမှတ်အကောင်ထည်ဖော်ပြီး သစ်တောပြန်လည် ထူထောင်ရေး၊ သဘာဝသစ်တောများ ထိန်းသိမ်းရေးတို့ကို မဖြစ်မနေပြုလုပ်ရပါတော့မယ်။ ဘာကြောင့်လဲဆိုတော့ ဆိုခဲ့သလို ကမ္ဘာကြီး ပူနွေးမှုရဲ့ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတစ်ယောက်ချင်းနဲ့ သက်ဆိုင်နေသလို၊ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူသန်း ၅၀ ကျော်ရဲ့ တစ်ယောက်ချင်းစီတိုင်း ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲပြဿနာအဖြစ် မလွဲမသေရောက်ရှိလာတော့မှာပါ။ အထက်မှာပြောခဲ့သလို သစ်တောပြုန်းတီးမှုမှာ အစိုးရအဖွဲ့အစည်းများနဲ့ ခရိုနီကုမ္ပဏီများ၊ သစ်ခိုးထုတ်ဂိုဏ်းများက အဓိကကျတယ်ဆိုသလို ထိန်းသိမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးမှာလည်း ယင်းတို့ကပင် အဓိကအခန်းကဏ္ဍက ဦးဆောင်ပါဝင်ကြရပါမယ်။ ပြည်သူလူထုလည်း မဖြစ်မနေ ပူးပေါင်းပါဝင်ကြရပါလိမ့်မယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများကတော့ အစိုးရနဲ့ပြည်သူကြား ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြားခံကူညီညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ထူထောင်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စေမှာ ဖြစ်တယ်လို့ ထင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတွေဟာ အတင်းအကျပ်ခိုင်းစေမှုကြောင့် လုပ်နေခြင်းမဟုတ်သလို ပြည်သူလူထုကိုလည်း အတင်းအကျပ် ခိုင်းစေမှာမဟုတ်ပါဘူး။
 
လုပ်သင့်လုပ်ထိုက်သည်များကို ကိုယ် ကိုယ်တိုင်လည်း လုပ်မှာဖြစ်သလို အခြားသူတွေကိုလည်း ကြောင်းကျိုးပြဆက်စပ်ပြောဆို သိနားလည်စေပြီးမှ ပါဝင်လာအောင် လုပ်ခိုင်းတတ်သူများဖြစ်လို့ပါပဲ။ တကယ်တော့ သစ်ပင်တစ်ပင်ဖြစ်ဖို့ နှစ်ပေါင်းများစွာ ကြာမြင့်ပေမယ့် သစ်ပင်တစ်ပင် ခုတ်လှဲဖို့အတွက် နာရီပိုင်းပဲ ကြာမြင့်ပါတယ်။ ထိုနည်းတူပဲ သစ်ပင်စိုက်ပျိုးရတာလည်း မလွယ်ကူလှပါဘူး။ အစိုးရရဲ နှစ်စဉ်ဆိုသလို သစ်တောပြန်လည်ထူထောင် စိုက်ပျိုးရေးလုပ်ငန်းများဟာလည်း အောင်မြင်ထိရောက်တယ်လို့ မဆိုနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သစ်ပင်အရည်တွက်နဲ့ စိုက်ခင်းဧကတွေဟာ စာရင်းဇယား ဘတ်ဂျက်များအဖြစ်သာ ရှိနေခဲ့ပြီး ပြုစုပျိုးထောင်ခြင်း လုပ်ငန်းတွေမှာ များစွာအားနည်းတာကို တွေ့ရပါတယ်။ နိုင်ငံတော်အကြီးအကဲများနဲ့ အထက်လူကြီးများဟာ သစ်ပင်စိုက်ပွဲတော်တွေ၊ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းတွေကို အပြလုပ်ခဲ့ကြပြီး ခရီးစဉ်ပြီးဆုံးသွားတဲ့အခါမှာ ဒီအတိုင်းပဲ ထားခဲ့ကြပါတယ်။ မဖြစ်မနေဆိုတဲ့ အတင်းအဓမ္မရဲ့နောက်ကွယ်မှာ တာဝန်ယူမှုဟာ မရှိသလောက် နည်းပါးခဲ့ပါတယ်။ စိတ်လိုလက်ရ မရှိခြင်းဟာ အောင်မြင်မှုနည်းပါးသွားစေခဲ့သလို၊ အတင်းအကျပ် ဖြစ်စေခြင်းဟာလည်း ချစ်ခင်ကြင်နာမှုကို ပျောက်ဆုံးခဲ့ရပါတယ်။ သစ်ပင်စိုက်ပျိုးခြင်းဟာ အနုပညာတစ်ရပ်ကို ချစ်မြတ်နိုးသလို၊ အနုပညာပစ္စည်းတစ်ခုကို ဖန်တီးသလို ပြုလုပ်ရမယ့်အရာပါ။ အနုပညာဟာ အကြမ်းထည်မဆန်ပါဘူး အတင်းအဓမ္မ မရှိပါဘူး။ 
 
အနုပညာတစ်ခုကို ဖန်တီးနေတဲ့အချိန်မှာ အနုပညာရှင်ဟာ အနည်းဆုံး ရိုးသားမှုရှိပါတယ်။ ကောက်ကျစ်ယုတ်မာစိတ်၊ လိမ်ညာလှည့်ဖြားမှု မရှိပါဘူး။ စိတ်ကူးပုံဖော်မှုတွေနဲ့ စိတ်လိုလက်ရ ဖန်တီးရတာဖြစ်လို့ ချစ်ခင်မြတ်နိုးမှုရှိသလို၊ ဆုံးရှုံးတန်ဖိုးမဲ့သွားမှာကိုလည်း ကြောက်ရွံ့ကြပါတယ်။ ထို့ပြင် အခြားသူတွေကို မျှဝေနိုင်ပြန်ပါတယ်။ အနုပညာပစ္စည်းတစ်ခုဟာ နှစ်ပေါင်းများစွာ တည်တန့်နေတတ်ပါတယ်။ အနုပညာပစ္စည်းတစ်ခုမှာ လူတွေဟာ စိတ်ထားနူးညံ့သွားကြတယ်။ အနုပညာ မထွန်းကားတဲ့နိုင်ငံဟာ တိုးတက်မှုမရှိသလို ဆုတ်ယုတ်ပျက်စီးခြင်းနဲ့ ရိုင်းစိုင်းမောက်မာခြင်းများကို ပြုလုပ်တတ်ပါတယ်။ ဒါဟာအနုပညာရဲ့တစ်စိတ်တစ်ဒေသပဲ ရှိနေပါသေးတယ်။
 

Most Read

Most Recent