မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းစဉ်များအတွက် EU က ယူရို ၄ ဒသမ ၂ သန်း ထောက်ပံ့မည်

မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းစဉ်များအတွက် EU က ယူရို ၄ ဒသမ ၂ သန်း ထောက်ပံ့မည်
Published 2 July 2015
မြတ်စုနိုင်

မြန်မာနိုင်ငံ အနေဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်မှုများကို ဥရောပသမဂ္ဂနိုင်ငံ၏ ထောက်ပံ့မှုဖြင့် ပြည်ပအဖွဲ့အစည်းများဖြစ်သည့် UN Habitah UNEP နှင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်မှုများကို EU မှ ယူရို ၄ ဒသမ ၂ သန်းဖြင့် ပံ့ပိုးကူညီ သွားမည့်အပြင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အထောက်အပံံ့ဖြင့် သစ်တောပြုန်းတီးမှုနှင့် သစ်တောအတန်းအစား လျော့ကျခြင်းမှ ကာဗွန်ထုတ်လုပ်မှု လျှော့ချခြင်း လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို EU ရဲ့ ထောက်ပံ့မှုနဲ့ လုပ်ဆောင်သွားမှာပါ။ ပြီးတော့ ပြင်ပအဖွဲ့အစည်းတွေလည်း ပါပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် ကျရောက်မှုနဲ့ သဘာဝဂေဟစနစ် ပျက်စီးခြင်းကို ကြိုတင်ကာကွယ်ရာလည်း ရောက်ပါတယ်” ဟု သစ်တောရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံအတွင်း သဘာဝသယံဇာတများ အလွန်များပြားစွာ ထုတ်ယူသုံးစွဲမှုများကြောင့် ဖြစ်ပေါ်လာနိုင်သော သဘာဝဘေး အန္တရာယ်များနှင့် သဘာဝဂေဟ စနစ်များ ပျက်စီးယိုယွင်းမှုများ ဖြစ်လာနိုင်သောကြောင့် ကြိုတင်ကာကွယ်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ၏ ညီလာခံသို့ တက်ရောက်ပြီး မြန်မာနိုင်ငံ အခြေအနေနှင့် ကိုက်ညီသည့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းစဉ်များအား သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ပြည်တွင်း/ပြည်ပ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းကာ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်၍ ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ဆက်နွှယ်သည့် ဝန်ကြီးဌာနများ၊ ပညာရှင်များ၊ လူမှုအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် နည်းပညာများနှင့် ကဏ္ဍဆိုင်ရာ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။
 

Most Read

Most Recent