အညောင်းအညာပြေစေဖို့ အကြောဖြေမယ်

အညောင်းအညာပြေစေဖို့ အကြောဖြေမယ်
Published 1 July 2015
■ အေးမြတ်မွန်၊ သက်ထား

လူတိုင်း နေ့စဉ်နေ့တိုင်း စိတ်ပင်ပန်းမှု၊ ညောင်းညာကိုက်ခဲမှုတွေ ပြည့်နှက်နေတဲ့ ယနေ့လို ခေတ်ကြီးမှာ အညောင်းအညာ ပြေစေဖို့အတွက် ဝန်ဆောင်မှုပေးတဲ့ Body and Foot Massage ကို လုပ်ဆောင်လာကြပါပြီ။ပြောရမယ်ဆိုရင် အခုခေတ်က သိကြတဲ့အတိုင်း ရုန်းကန်လှုပ်ရှားရတဲ့အပြင် အလုပ်နဲ့သင်တန်း မျှတက်ပြီး နေရတာတွေကြောင့် ညောင်းညာကိုက်ခဲမှု ဆိုတာကလည်း မလွဲမသွေ ကြုံလာရမှာပါပဲ။ နေ့စဉ် အလုပ်ပင်ပန်းမှုကြောင့် ကြုံလာရတဲ့ ညောင်းညာမှုတွေဟာ ရေရှည်လာမယ် ဆိုရင်တော့ အကြောတွေတက်လာမယ်။ အကြောထုံးလာမယ်။ နောက်ပြီး မလိုလားအပ်တဲ့ ကျီးပေါင်းရောဂါအပြင် အခြားသော အကြောအခြင်ရောဂါတွေ ကပ်ပါလာပါတော့တယ်။ညောင်းညာကိုက်ခဲတာတွေကို မိမိအိမ်မှာပဲ အကြောဖြေရင်း နှိပ်နယ်ကြသလို တကယ်အနှိပ်ပညာကို တတ်ကျွမ်းတဲ့ ပညာရှင်တွေ ဖွင့်လှစ်ထားတဲ့ Massage Centre တွေမှာလည်း သွားရောက်ကုသကြပါတယ်။ အခုခေတ်မှာ Body & Foot အတွက် ရည်ရွယ်ဖွင့်လှစ်တဲ့ ဆိုင်တွေ များလာပါတယ်။တစ်နေကုန် လှုပ်ရှားသွားလာနေကြရတဲ့ သူတွေအတွက် အညောင်းညာဆုံး အပိုင်းကို ပြောပါဆိုရင် ခြေထောက်ပါ။ ဘာလို့လဲဆိုတော့ ခြေထောက်မှာ အကြောအားလုံး ဆုံနေတဲ့ အစိတ်အပိုင်းလို့ ပြောလို့ရသလို အညောင်းအညာဆုံး အပိုင်းဟာလည်း ခြေထောက်ပါပဲ ခြေထောက်မှာရှိတဲ့ အကြောအခြင်တွေကို တစ်ပတ်တစ်ခါလောက်ပဲဖြစ်ဖြစ် မှန်မှန်အကြောဖြေပေးမယ်။ နှိပ်နယ်ပေးမယ် ဆိုရင်တော့ အကြောတက်၊ ညောင်းညာတာတွေကို သိသိသာသာ လျော့ပါးသွားစေနိုင်တာကို တွေ့ရပါတယ်။ အများဆုံး ဘယ်လိုလုပ်ငန်းမျိုးတွေ လုပ်နေကြတဲ့ သူတွေမှာ သိသာတယ်ဆိုရင် ရုံးတွင်းကွန်ပျူတာကြည့်ပြီး တစ်နေကုန် မတ်တပ်ရပ်၊ ထိုင်ပြီး လုပ်နေရတဲ့ သူတွေအတွက်က အသင့်တော်ဆုံးလို့ ဆိုနိုင်ပါတယ်။
“ကျွန်မတို့ ဆိုင်ကိုတော့ များသောအားဖြင့် လူကြီးပိုင်းတွေနဲ့ ရုံးတွင်းမှာ အထိုင်များတဲ့သူတွေက လာပြီးနှိပ်ကြပါတယ်။ ယောက်ျားလေး မိန်းကလေး သီးသန့်ခွဲထားပါတယ်။ မိန်းကလေးဆို မိန်းကလေး သီးသန့်နှိပ်နယ်ပေးပါတယ်။ တစ်ပတ်ကို နှစ်ခေါက်လောက် ပုံမှန်အနှိပ်ခံရင် နောက်ပိုင်းကြာလာရင် ကိုယ်ခံစားနေရတဲ့ အညောင်းအညာ ရောဂါတွေ လုံးဝပြေလျော့စေနိုင်သလို ခန္ဓာကိုယ်ကို ပေ့ါပါးသွက်လက်စေနိုင်ပါတယ်” လို့ သဃန်းကျွန်းမြို့နယ်က Foot Spa ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောပါတယ်။ခြေထောက်အနှိပ်ခံခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒူးဆစ်နဲ့ ခြေထောက်မှာ ဖြစ်တတ်တဲ့ ရောဂါများကို ပျောက်ကင်းသက်သာစေပါတယ်။ ပုံမှန်ခြေထောက်ကို နှိပ်ပေးခြင်းဖြင့် စိတ်ကျရောဂါများကို လျော့ပါးစေကာ စိတ်လက်ကြည်လင်စေနိုင်ပြီး လုပ်ငန်းခွင်မှာ ပေ့ါပါးစေနိုင်ပါတယ်။ ခေါင်းကိုက်၊ ခေါင်းအုံတာနဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာများကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။ သွေးပေါင်ကျခြင်းကိုလည်း ပျောက်ကင်းစေနိုင်သလို ကိုယ်ဝန်ဆောင် မိခင်တွေမှာဆိုရင် ချွေးထွက်လွန်ခြင်းကို သက်သာစေနိုင်တယ်လို့လည်း ဆိုထားပါတယ်။ရန်ကုန်မြို့တွင်းက ဖွင့်လှစ်ထားတဲ့ Foot Massage တွေမှာ တစ်နာရီကို များသောအားဖြင့် ကျပ် ၈၀၀၀ နဲ့ တစ်သောင်းကြား ကုန်ကျမှာ ဖြစ်ပါတယ်။ Foot Massage နဲ့ ခန္ဓာကိုယ် Massage ကို ပြုလုပ်မယ်ဆိုရင် ရိုးရိုးနှိပ်တာနဲ့ ဆေးစိမ်ပြီး နှိပ်နယ်တာဆိုပြီး နည်းလမ်းနှစ်မျိုး ရှိပါတယ်။ သဘာဝဆေးဖက်ဝင် အပင်များနဲ့ နှိပ်နယ်တယ်ဆိုရင်တော့ ချင်း၊ တိုင်းရင်းဆေးနဲ့ ဆေးစိမ်ပေးတာ ဖြစ်ပြီးတော့ အဲဒီလို ဆေးစိမ်ပေးတာဟာ ဆီး၊ ဝမ်း၊ သွေး၊ လေညီညွတ်စေပြီး ခန္ဓာကိုယ်က အပူများထွက်စေကာ အကြောအခြင် ပြေလျော့စေပါတယ်။အမွှေးရနံ့နဲ့ ခြေထောက်ကို ဆေးစိမ်တာကတော့ အမွှေးရနံ့ အမျိုးမျိုးရှိပြီး ကြိုက်နှစ်သက်ရာ ရနံ့ကို ရွေးချယ်နိုင်ပါတယ်။ ရှူးဖိနပ်ဝတ်ရတဲ့ သူတွေနဲ့ ခြေအိတ်ဝတ်ရတဲ့ သူတွေမှာဆိုရင် ခြေဆီထွက်ပြီး ခြေထောက်အနံ့အသက် မကောင်းတာတွေကို ရနံ့ပါတဲ့ ဆေးစိမ်ပေးခြင်းက ပျောက်ကင်းစေနိုင်တယ်လို့ ဆိုပါတယ်။
ခြေထောက်နှိပ်တော့မယ်ဆိုရင် ပထမဆုံး တိုင်းရင်းဆေး (ဒါမှမဟုတ်) အနံ့ပါတဲ့ ဆေးအဆီနဲ့ အရင်ဆုံး ဆေးစိမ်ပါတယ်။ အဲဒီလို ဆေးစိမ်နေတဲ့ အချိန်မှာ ခေါင်းနဲ့ ခန္ဓာကိုယ်ကို နာရီဝက်ခန့် နှိပ်နယ်ပေးပါတယ်။ ခန္ဓာကိုယ်ကို နှိပ်နယ်ပေးပြီးရင်တော့ ခြေထောက်ကို နှိပ်နယ်ပါတယ်။ ပြီးရင်တော့ ရေနွေးနဲ့ ခြေဖဝါးကို ဆားနယ်ပေးပြီး ရေစိမ်ပါတယ်။ အဲဒီလို ပြုလုပ်ပေးခြင်းဟာ ခြေဖနောင့်ကွဲတာကို သက်သာပျောက်ကင်းစေကာ အားလုံးပြီးလို့ ခြေထောက်ကို အဆီလိမ်းပေးတာဟာလည်း ခြေဖနောင့် အသားမာတက်တာတွေနဲ့ အသားကြမ်းတာတွေကို သက်သာပျောက်ကင်းစေတယ်လို့ သိရပါတယ်။ဆိုင်တွေမှာ မနှိပ်နယ်နိုင်လို့ အိမ်မှာပဲ အကြောပြေချင်တယ် ဆိုရင်လည်း လွယ်ကူတဲ့ နည်းလမ်း ရှိပါတယ်။ အိပ်ခါနီးအချိန်မှာ သင့်တော်ရုံရေနွေးကို ခြေထောက်စိမ်ဖို့ ဇလုံတစ်ခုမှာထည့်ပြီး ခြေထောက်ကို ဆားနဲ့ပွတ်ပါ။ ဆားနဲ့ပွတ်ပြီးသား ခြေထောက်နှစ်ဖက်ကို ရေနွေးထဲထည့်စိမ်ရင်းနဲ့ ခြေချောင်းလေးများနဲ့ ခြေထောက်ကို နှိပ်နယ်ပေးခြင်းကို ညတိုင်းပြုလုပ်ပေးမယ်ဆိုရင်တော့ အကြောအခြင်တွေ ပြေစေနိုင်သလို ညဘက်မှာလည်း နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။ယနေ့ခေတ်မှာ ခြေထောက်နဲ့ ခန္ဓာကိုယ် အနှိပ်ဝန်ဆောင်မှု Spa တွေမှာ တွင်ကျယ်စွာ ထည့်သွင်းလာကြပေမယ့် မြန်မာ့ရိုးရာ နည်းစစ်စစ်နဲ့ နှိပ်ပေးခြင်းကတော့ သိပ်ခေတ်မစားသေးတာကို တွေ့ရပါတယ်။ ဘယ်နည်းနဲ့ နှိပ်သည်ဖြစ်စေ ကျန်းမာရေး အတွက်လည်း ကောင်းမွန်တာကြောင့် တစ်ပတ်မှာ တစ်ရက်လောက်ဖြစ်စေ ခန္ဓာကိုယ်နဲ့ ခြေဖဝါးကို အကြောဖြေပေးသင့်တယ်ဆိုတာ တင်ပြလိုက်ရပါတယ်။