အသစ်တစ်ဖန် အသားအရေ ပြန်လည်မွေးဖွားဖို့

အသစ်တစ်ဖန် အသားအရေ ပြန်လည်မွေးဖွားဖို့
Published 1 July 2015
■ အေးမြတ်မွန်၊သက်ထား

အသားအရေ ကောင်းခြင်းဆိုတာ ယောက်ျား၊ မိန်းမ အရွယ်မရွေး လိုလားတောင့်တရတဲ့ ဆုလာဘ်တစ်ခုပါ။ အသားအရေ ကြည်လင်နေမယ်။ တောက်ပမယ်၊ နူးညံ့နေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝနေစေသလို လူတိုင်းကလည်း လည်ပြန်ငေးကြည့်နေရ စေနိုင်ပါတယ်။အသားအရေ ကောင်းမွန်ဖို့အတွက် ယနေ့ခေတ်မှာ အထူးတလည် ပြုပြင်ထိန်းသိမ်း လာကြပါတယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ အသားအရေကို ထိန်းသိမ်းနိုင်ဖို့ဆိုတာ ချက်ချင်းလုပ်၊ ချက်ချင်း ရနိုင်တာမျိုးလည်း မဟုတ်ပါဘူး။ အနည်းဆုံး တစ်လလောက်ကနေ သုံးလအတွင်းမှာ မှန်မှန်ပြုပြင် ထိန်းသိမ်းမှ ရနိုင်မှာပါ။ဒါပေမဲ့ အသားအရေကို မူလထက်ကို အသစ်ဖြစ်နိုင်စေမယ့် ယနေ့ခေတ်အစားဆုံး နည်းလမ်းတစ်ခုကတော့ Spa ပြုလုပ်ခြင်းပါပဲ။ Spa မှန်မှန်ပြုလုပ်ပေးခြင်းဟာ သင့်အသားအရေကို နဂိုထက်နူးညံ့စေ၊ လင်းလက်ကြည်လင်စေနိုင်ပါတယ်။ ယနေ့ခေတ်ရဲ့ ဗြူတီဆလွန်းများမှာ Spa ပြုလုပ်ပေးခြင်းကို မရှိမဖြစ် ထည့်သွင်းလာကြပြီး သင့်တင့်တဲ့ဈေးနှုန်းနဲ့ ပြုလုပ်ပေးလာကြတာကို တွေ့ရပါတယ်။ Spa မှာတော့ whitening, herbal စသဖြင့်ရှိပြီး အသားအရေကို ဆေးဖက်ဝင် သစ်မြစ်သစ်ဖုတွေနဲ့ ကျန်းမာစွာ ပြုပြင်ချင်တယ် ဆိုရင်တော့ Herbal နည်းနဲ့ ပြုလုပ်တဲ့ Spa ကို အသုံးပြုကြပါတယ်။ အခု ဖော်ပြပေးမှာကတော့ အိမ်တွင်းမှာပဲ ပြုလုပ်နိုင်မယ့် Home Spa ကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) ရွှံ့ (သို့မဟုတ်) ရေညှိမျက်နှာဖုံးဒါကတော့ လွယ်ပါတယ်။ ရေညှိ ဒါမှမဟုတ် ရွှံ့စေး Mask အတွက်က Cosmetic Clay လို့ခေါ်တဲ့ ရွှံ့စေးကို မျက်နှာပေါင်းတင်နိုင်ဖို့အတွက် သင့်တော်တဲ့ ပမာဏကို ရေနဲ့ ရောစပ်ဖျော်ပြီး သင့်တော်တဲ့ ပမာဏကို မျက်နှာပေါ်မှာ သုတ်လိမ်းထားပါ။ ဒါ့အပြင် လက်မောင်း၊ လည်ပင်း တစ်လျှောက်ကိုလည်း သုတ်လိမ်းထားပါ။ ရေချိုးဖို့ ရေချိုးကန်နဲ့ ရေစိမ်ဖို့ စီစဉ်နေစဉ်အတွင်းမှာ အဲ့ဒီ Mask ကို သုတ်လိမ်းထားပါ။ နာရီဝက်ခန့်ထားပါ။ 
(၂) ရေချိုးကန်ဒါကတော့ Spa ပြုလုပ်ရာမှာ အဓိကကျတဲ့ အရာပါ။ ခန္ဓာကိုယ် အပြင်ဘက်နဲ့ ချွေးပေါက်အတွင်းက ချေးညော်တွေကို အကောင်းမွန်ဆုံး သန့်စင်ပေးတဲ့ အဓိက အရာပါ။ Bath Tab ထဲကို သင့်တင့်တဲ့ အပူချိန်ရှိတဲ့ ရေနွေးကို ဖြည့်ပါ။ ပြီးရင် ရေချိုဆား၊ အုန်းဆီ (ဒါမှမဟုတ်) သံလွင်ဆီကို ထည့်ကာ မိမိစိတ်ကို ဖြေလျှော့ပြီး နာရီဝက်၊ တစ်နာရီလောက် ရေစိမ်လိုက်ပါ။ အသားအရေ အစိုဓာတ်ကို ရရှိချင်တယ် ဆိုရင်တော့ နွားနို့အနည်းငယ်ကို ထည့်နိုင်ပါတယ်။ ရေနွေးစိမ်နေစဉ် အတွင်းမှာ သီချင်းအေးအေးလေးနဲ့ ဖယောင်းတိုင် အလင်းရောင်မှိန်မှိန်လေးကို ထွန်းညှိပေးခြင်းကလည်း စိတ်အပန်းပြေစေနိုင်ပါတယ်။ ရေစိမ်နေစဉ်မှာ သုတ်လိမ်းထားပြီးဖြစ်တဲ့ သင့်မျက်နှာနဲ့ လည်ပင်း၊ လက်မောင်းက Mask ကို ရေဆေးချလိုက်ပါ။ ရေစိမ်နေစဉ်အတွင်းမှာ သင့်ခန္ဓာကိုယ်ကို နှိပ်နယ်ပေးခြင်းဖြင့် အသားအရေကို သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။ 

(၃) အသားအရေကို ချေးချွတ်မယ်ရေနွေးစိမ်နေစဉ်မှာ ခန္ဓာကိုယ်အရေပြားနဲ့ ချွေးပေါက်အတွင်းမှာ ပိတ်ဆို့နေတဲ့ ချေးညော်တွေကို ဖယ်ရှားဖို့ သပွတ်အူနဲ့ စက်ဝိုင်းပုံစံ ပွတ်တိုက်ပေးခြင်းကလည်း အရေပြားအတွင်းက ပိတ်ဆို့နေတဲ့ ချေးနဲ့ အညစ်အကြေးများကို ဖယ်ရှားပေးနိုင်ပါတယ်။ 
(၄) Skin Lotion လိမ်းမယ်ရေနွေးကန်ထဲမှာ စိမ်ပြီးရင် သင့်ရဲ့ အသားအရေကလည်း စင်ကြယ်သွားပြီ ဆိုရင်တော့ တဘက်နဲ့ ခန္ဓာကိုယ်အနှံ့ စင်အောင်သုတ်ပြီး Body Lotion ဒါမှမဟုတ် အစိုဓာတ်ဖြည့် အဆီတစ်မျိုးမျိုးကို လိမ်းကျံပြီး တစ်မိနစ်လောက် အရေပြားထဲကို ပိုမိုစုပ်ယူနိုင်အောင် ထားလိုက်ပါ။ ပြီးမှ အဝတ်အစား ဝတ်ပါ။ 
(၅) မျက်နှာချေးချွတ်မယ်ရေနွေးအနည်းငယ်နဲ့ မျက်နှာချေးချွတ်တဲ့ Facial Scrub ကို မျက်နှာပြင်ပေါ် စက်ဝိုင်းပုံပွတ်ကာ သင့်တော်ရုံပမာဏ အပူရှိတဲ့ ရေနွေးနဲ့ မျက်နှာသစ်လိုက်ပါ။ 

(၆) ရေနွေးငွေ့နဲ့ မျက်နှာပေါင်းမယ်ဒါကတော့ လွယ်ပါတယ်။ ရေနွေးပွက်ပွက်ဆူပြီးသား အငွေ့တထောင်းထောင်း ထွက်နေတာကို စတီးဇလုံ တစ်ခုထဲထည့်ပါ။ ဆံပင်ကို ရေငွေ့မရိုက်စေဖို့ ခေါင်းကို တဘက်တစ်ခုနဲ့ အုပ်ထားပြီး မျက်နှာကိုသာ မိနစ်အနည်းငယ် ရေနွေးငွေ့ခံပေးပါ။ ရေနွေးငွေ့ခံပေးခြင်းဟာ အသားအရေ ချွေးပေါက်အတွင်းက အညစ်အကြေးတွေကို အရည်ပျော်စေပြီး ချွေးပေါက်ကို သန့်စင်စေပါတယ်။ 
(၇) Face Mask ထပ်ကပ်မယ်ချွေးပေါက်အတွင်းက အညစ်အကြေးတွေ ကုန်စင်နေတဲ့ မျက်နှာလေးကို Treatment လုပ်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ ရေနွေ့ငွေ့ခံပြီးလို့ စိုစွတ်နေတဲ့ မျက်နှာကို ရေသုတ်ပြီး ကြိုက်နှစ်သက်ရာ မျက်နှာအသားအရေကို အားဖြည့်ပေးမယ့် Facemask တစ်ခုခုကို ကပ်ပြီး ၁၅ မိနစ်ခန့် ထားပါ။ ပြီးရင် နှစ်သက်ရာ အစိုဓာတ်ဖြည့် ခရင်မ်တစ်ခုခုကို လိမ်းကျံလိုက်မယ် ဆိုရင်တော့ ယခင်နဲ့ မတူတဲ့ မျက်နှာအသားအရေအလှကို ပိုင်ဆိုင်နိုင်မှာပါ။ပိုက်ဆံအကုန်အကျခံပြီး ဆိုင်တွေမှာ Spa သွားလုပ်မယ်ဆိုရင်လည်း ဒီလိုအကျိုးထူးတွေ ရနိုင်မှာ ဖြစ်ပေမယ့် ရုံးအလုပ်၊ ကျောင်းတွေနဲ့ အချိန်မအားလို့ ဆိုင်မှာသွား မလုပ်နိုင်ဘူးဆိုရင် အိမ်မှာပဲ အလွယ်တကူ Spa ပြုလုပ်နိုင်ပါတယ်။ ဒီလို နည်းလမ်းလေးတွေက အိမ်မှာတင် အလွယ်တကူ လုပ်လို့ရနိုင်တဲ့ နည်းလမ်းလေးတွေ ဖြစ်သလို ပုံမှန်နှစ်ပတ်တစ်ခါ ဖြစ်စေ၊ တစ်လတစ်ခါလောက် ဖြစ်စေ လုပ်ပေးတာနဲ့ သင့်ရဲ့ခန္ဓာကိုယ်နဲ့ မျက်နှာအသားအရေကို ထူးခြားစွာ လှပစေနိုင်ပြီး ပြောင်းလဲလာတဲ့ အသားအရေကို ကျေနပ်စွာတွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။