ချင်းတွင်းမြစ် အရှေ့ကမ်းဆီသို့ . . .

ချင်းတွင်းမြစ် အရှေ့ကမ်းဆီသို့ . . .
Published 30 June 2015
သက်ထွန်းအောင်

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကျွန်တော် မုံရွာမြို့ကို အလည်သွားရောက်ဖြစ်ခဲ့ပါတယ်။ နံနက် ၆ နာရီကျော်လောက်မှာ မန္တလေးမြို့ကနေ ဆိုင်ကယ်နဲ့ ခရီးစထွက်ခဲ့ပါတယ်။ မန္တလေး-မုံရွာ ခရီးက ၈၅ မိုင်ဝေးပြီး ဆိုင်ကယ်နဲ့သွားမယ်ဆိုရင် အချိန်သုံးနာရီလောက် ပဲမောင်းရပါတယ်။
 
ကျွန်တော်သွားတဲ့နေ့က မိုးလည်း မရွာ၊ နေလည်း မပူဘဲ ရာသီဥတုက သာသာယာယာရှိနေပါတယ်။ လမ်းခရီးတစ်လျှောက်မှာ ကား၊ ဆိုင်ကယ်တွေ ရှုပ်ထွေးမနေဘူးဆိုပေမယ့် နောက်ကနေ အရှိန်နဲ့ မောင်းလာတဲ့ ခရီးသည်တင်ကားကြောင့် ကျွန်တော်မောင်းနေတဲ့ ဆိုင်ကယ်ကို ကားလမ်းဘေးကို ရှောင်ပေးခဲ့ရသေးတယ်။ ကြည့်လိုက်တော့ မန္တလေး -မုံရွာယာဉ်လိုင်းက ခရီးသည်အပြည့်တင်ထားတဲ့ ယာဉ်တစ်စီး ဖြစ်နေတယ်။ ကျွန်တော်စိတ်ထဲကနေ စည်းကမ်းမဲ့ အမြန်မောင်းတဲ့ယာဉ်မောင်းကြောင့် ခရီးသည်တွေ  ဘာမှမဖြစ်ဖို့ ဆုတောင်းပေးလိုက်မိပါတယ်။ 
 
ညောင်ပင်ဝန်းရောက်တော့ ကျွန်တော် ခရီးတစ်ခေါက် နားခဲ့ပါသေးတယ်။ ပူနေတဲ့ ဆိုင်ကယ်အင်ဂျင်ကို ထမင်းဆိုင်က ရေနဲ့ လောင်းလိုက်တော့ မီးခိုးတွေ အလိပ်လိုက်ထွက်လာတယ်။ 
 
မနက်စာမစားခဲ့ဘဲ အခုမှစားတဲ့ ထမင်းနဲ့ငါးဖယ်ဟင်းဟာ ကျွန်တော့်အတွက် အရသာထူးကဲနေပါတယ်။ ၁၅ မိနစ်လောက်နားပြီး မုံရွာကို ဆက်မောင်းခဲ့ပါတယ်။
 
 လမ်းခရီးတစ်လျှောက်က မြို့ငယ်လေးတွေ၊ ရွာငယ်လေးတွေကို ဖြတ်မောင်းလာခဲ့တယ်။ “အနောက်မြောက်တိုင်းမြို့တော်”ဆိုတဲ့ မုခ်ဦးကြီးကို တွေ့လိုက်ရတော့ ရင်ထဲမှာ ဝမ်းသာသလိုဖြစ်သွားတယ်။ ကျွန်တော့်ရည်မှန်းချက်ပန်းတိုင် ရောက်ခဲ့ပြီပဲ။
 
တကယ်တော့ မုံရွာဆိုတာ သာမန်ရွာငယ်လေးတစ်ရွာကနေ နှစ်ပေါင်းတစ်ရာကျော်အတွင်းမှာ  စီးပွားဖွံ့ဖြိုးတိုးတက်တဲ့ မြို့ကြီးတစ်မြို့အဖြစ် ပြောင်းလဲရောက်ရှိလာတာပါ။ 
 
“မုံရွာဆိုတဲ့အမည်နဲ့ ပတ်သက်ပြီး အဆိုတွေအများကြီးရှိတယ်။ တချို့က မုံ့သည်မရွာကနေ မုံရွာအဖြစ်ပြောင်းလာတယ်။ တချို့ကလည်း လှေပြိုင်ပွဲတွေကျင်းပတဲ့ နေရာမှာတွင် မုန်းတိုင်လို့ခေါ်တဲ့ ပန်းတိုင်စိုက်ထူလေ့ရှိလို့ မုန်းရွာကနေ မုံရွာဆိုပြီး ခေါ်တယ်။ နောက်တစ်ခုက မုံပင်တွေ အများကြီးပေါက်လို့ မုံပင်ကို အစွဲပြုပြီး  မုံရွာလို့ခေါ်တယ်ဆိုတဲ့ မှတ်တမ်းတွေလည်း ရှိတယ်။ မုံရွာဟာ ပုဂံခေတ်မတိုင်မီကတည်းက ရှိနေပြီဆိုတဲ့ သမိုင်းမှတ်တမ်းတွေလည်း တွေ့ရတယ်”လို့ မုံရွာမြို့ မှ မိတ်ဆွေတစ်ယောက်က ရှင်းပြပါတယ်။
 
ရှေးမြန်မာမင်းတွေ လက်ထက်တုန်းက မုံရွာဟာ ရွာကြီးတစ်ရွာအဖြစ်သာ ရှိခဲ့ပါတယ်။ အင်္ဂလိပ်တွေလက်ထက်ရောက်တော့ ၁၈၈၈ ခုနှစ်မှာ ချင်းတွင်းခရိုင်ကို နှစ်ခုခွဲလိုက်ပြီး မုံရွာကို ချင်းတွင်းခရိုင်အောက်ပိုင်း ရုံးစိုက်မြို့အဖြစ် ရွေးချယ်ခဲ့ပါတယ်။ အင်္ဂလိပ်အရေးပိုင်ရုံးကို အလုံမြို့ကနေ မုံရွာကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရာကနေ မုံရွာဟာ မြို့အဖြစ် ရောက်ရှိခဲ့ပါတယ်။ 
 
စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းမှာရှိတဲ့ မုံရွာမြို့ဟာ ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းလမ်းတွေကနေ သွားလာလို့ရတဲ့ မြို့ကြီးတစ်မြို့လည်း ဖြစ်ပါတယ်။
 
ကျွန်တော် မုံရွာကိုရောက်ပြီဆိုကတည်း က မလည်မဖြစ် လည်ရမယ့်နေရာတွေကို သွားခဲ့ပါတယ်။ ထင်ရှားကျော်ကြားတဲ့ မိုးညှင်းသမ္ဗုဒ္ဓေဘုရားမှာ ဘုရားဖူးတွေနဲ့ စည်ကားနေပါတယ်။ ဗောဓိတစ်ထောင်၊ လျောင်းတော်မူ၊ ရပ်တော်မူဘုရားကြီးတွေဟာ မြန်မာတို့ရဲ့ ဗိသုကာပညာမြင့်မားမှုကို ပြသနေပါတယ်။ ကျောက္ကာရွာအနီးမှာရှိတဲ့ ရွှေဂူနီဘုရားဟာလည်း မုံရွာကိုအလည်လာတဲ့သူတွေအတွက် မဖူးမဖြစ် ဘုရားတစ်ဆူလည်း ဖြစ်ပါတယ်။ 
 
မနက်ခင်းတစ်ပိုင်းလုံး မြို့အပြင်ဘက်ကနေရာတွေ စုံအောင်လည်အပြီးမှာ မြို့တွင်းက ရွှေစည်းခုံဘုရား၊ ဆုတောင်း ပြည့်ဘုရားနဲ့ လယ်တီကျောင်းတိုက်ကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။ ဆုတောင်းပြည့်ဘုရားကြီးပွဲတော်ကို တစ်နှစ်တစ်ခါ ကျင်းပလေ့ရှိပြီး သီတင်းကျွတ်လျှင် ရက်ပေါင်း ၁၀ ရက်ကြာ အလွန်စည်ကားစွာရှိကြောင်း သိရပါတယ်။
 

 
ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ဘဏ်တွေ၊ ကား/ဆိုင်ကယ်အရောင်းပြခန်းတွေ၊ ဈေးတွေ၊ စာသင်ကျောင်းတွေ၊ တက္ကသိုလ်ကျောင်းတွေ၊ ကားကြီးကွင်းတွေ၊ ကုန်စည်ဒိုင်တွေ၊ စက်မှုဇုန်တွေရှိတဲ့မုံရွာဟာ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အချက်အချာကျတဲ့ မြို့ဖြစ်ကြောင်း ပြသနေပါတယ်။
 
မုံရွာမြို့နယ်တစ်ဝိုက်မှထွက်တဲ့ အညာစောင်၊ ယွန်းထည်၊ ကောက်ပဲသီးနှံ၊ ဆီထွက်သီးနှံတွေကို မုံရွာမြို့ကတစ်ဆင့် မြန်မာနိုင်ငံ အနှံ့အပြားကို ရောင်းချတယ်လို့ သိရပါတယ်။
 
မုံရွာမြို့လယ်က နာရီစင်ဟာအများ ပြည်သူတို့ရဲ့ဆန္ဒအရ အလှူငွေများနဲ့ နာရီစင်ဖြစ်မြောက်ရေးကော်မတီက ၁၉၈၄ ခုနှစ် စက်တင်ဘာ ၈ ရက်မှာ ပန္နက်ချပြီး ၁၉၈၅ ခုနှစ် ဇွန် ၃၀ ရက်မှာ ပြီးစီးအောင် တည်ဆောက်ခဲ့တယ်လို့ နာရီစင်အောက်နားမှာ ရေးထိုးထားတဲ့ ကျောက်စာအရ သိရပါတယ်။ 
 
ညနေပိုင်း ၆ နာရီကနေစပြီး ရောင်းချလေ့ရှိတဲ့ နာရီစင်နားက ညဈေးတန်းမှာ မုန့်ဟင်းခါး၊ မာလာဟင်း၊ အကင်မျိုးစုံစတဲ့ အစားအသောက်ဆိုင်တွေ၊ အင်္ကျီအဝတ်အစားဆိုင်တွေ၊ အသုံးအဆောင်ပစ္စည်းဆိုင်တွေရှိပြီး လူကြီးလူငယ်အရွယ်စုံတွေနဲ့ စည်းကားလို့ နေပါတယ်။
 
“မုံရွာမြို့က ပြီးခဲ့တဲ့ ငါးနှစ်နီးပါးလောက်ကနေ တော်တော်လေးတိုးတက်လာတယ်။ ကျောက်က္ကာရွှေဂူနီဘုရားသွားတဲ့ လမ်းမကြီးဘေးမှာ စီးပွားရေးတက္ကသိုလ်နဲ့ မုံရွာတက္ကသိုလ်ရှိတော့ လမ်းတစ်ဖက်တစ်ချက်စီမှာ ဆံပင်ညှပ်ဆိုင်၊ အထည်ဆိုင်၊ စားသောက်ဆိုင်၊ ဆိုင်ကယ်ရောင်းတဲ့ဆိုင်၊ လူသုံးကုန်ပစ္စည်းဆိုင်တွေနဲ့စည်ကားလာတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပေါလာတယ်”ဟု မုံရွာမြို့မှာ ၂၇ နှစ်ကျော်နေထိုင်လာတဲ့  အဒေါ်ဖြစ်သူက ပြောပါတယ်။
 
မုံရွာမှာလည်း ကျွန်တော်တို့ မန္တလေးမှာလို ဆိုင်ကယ်စီးရင် ဆိုင်ကယ်ဦးထုပ်မဆောင်းတာ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာမှု အားနည်းတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
 
မုံရွာကိုလာတဲ့ ကျွန်တော့်ရဲ့ တစ်ညအိပ်ခရီးစဉ်ဟာ မုံရွာမြို့ရဲ့ အရသာကို အပြည့်အ၀ ခံစားဖို့မလုံလောက်ပါဘူး။ တကယ်တော့ မုံရွာဒေသဟာ လည်ပတ်စရာနဲ့ လေ့လာစရာ ပေါများတဲ့ဒေသတစ်ခုဖြစ်လို့ အလုပ်ကနေ ခွင့်ယူပြီး နောက်တစ်ခေါက်ပြန်လာဦးမယ်လို့ ကျွန်တော်စိတ်ကူးမိပါတော့တယ်။

Most Read

Most Recent