အိုးမြေထူးဆိုတဲ့ တောတိုက်ကအပြန်

အိုးမြေထူးဆိုတဲ့ တောတိုက်ကအပြန်
Published 30 June 2015
ကိုဆူး (ချင်းတောင်ခြေ)

အိုးမြေထူးဆိုတဲ့ နာမည်လေးကို ပထမဆုံး ရှင်းပြရမှာပေါ့လေ ။
 
အိုးမြေအတွက် လာတူးကြရင်းနဲ့ အဲဒီနားမှာ “ထူး”ကြီးတစ်ခုဖြစ်လာလို့ အိုးမြေထူးလို့ ခေါ်ကြတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။
 
အဲဒီနေရာလေးက တောတိုက်လေးပါ။ “တောတိုက်”ဆိုတဲ့ စကားကိုပြန်ရှင်းပြဖို့ လိုတာပေါ့လေ။ အိုးမြေထူးတောတိုက်လို့ ခေါ်လိုက်တာက ရွာမဟုတ်လို့ပါ။ အဲဒီနေရာက ထန်တောင်ခြေမှာရှိတဲ့ နေရာလေးပါ ။ နတ်ချောင်းကျေးရွာ၊ နတ်မြောင်းကျေးရွာတွေကနေ လယ်လုပ်၊ အခင်းလုပ်ကြဖို့ တောထဲမှာနေကြရင်း ဟိုနားတစ်အိမ် ဒီနားတစ်အိမ်နဲ့ ဖြစ်လာတာပါ ။
 
တချို့က အဲဒီနေရာမှာ အခြေကျပြီးတော့ ရွာမှာတောင် ပြန်မနေတော့ပါဘူး။ ဟိုနားမှာ နှစ်အိမ်၊ သုံးအိမ် လယ်ထဲမှာ အိမ်ဆောက်နေကြတာ အိမ်ခြေ ၃၀၊ ၄၀ လောက်ရှိပါ့မယ်။ ဒါ့ကြောင့် အဲဒီနေရာလေးကို ရွာအဖြစ် ပီပီပြင်ပြင် မဖြစ်သေးတော့ “တောတိုက်”လို့ပဲ ခေါ်ကြတာ။ အဲဒီနေရာကို ကျွန်တော်ရောက်ခဲ့တာ သုံးခေါက်ရှိပါပြီ။ အဲဒီနေရာလေးမှာ ကျွန်တော့် မိတ်ဆွေတစ်ယောက်ရဲ့ ကြီးပြင်းရာအရပ်ဖြစ်သလို သူ့ဆွေမျိုးသားချင်းတွေလည်း ရှိနေတော့ အလည်လိုက်သွားဖြစ်တာရယ်၊ တွဲလက်များ ပရဟိတအဖွဲ့နဲ့ အဲဒီတောတိုက်လေးမှာရှိတဲ့ ကျောင်းလေးကို စာရေးကိရိယာ လှူကြရင်းနဲ့ ရောက်ဖြစ်တာပေါ့ ။
 
ကျွန်တော် ပထမဆုံးအကြိမ်ရောက်တုန်းက အဲဒီတောတိုက်လေးဟာ ကိုယ်ထူကိုယ်ထ ကျောင်းတစ်ကျောင်းဖြစ်ပေမယ့်  အခုတော့ အမက ကျောင်းခွဲအဖြစ်နဲ့တော့ ရှိလာကြပါပြီ။ အခု တစ်ခေါက်လည်း အဲဒီနေရာကို တွဲလက်များ ပရဟိတအဖွဲ့နဲ့ ကျောင်းသားကျောင်းသူတွေအတွက် စာရေးကိရိယာတွေ လှူဒါန်းဖို့အတွက် ရောက်ဖြစ်ခဲ့ပြန်ပါပြီ ။
 

 
အိုးမြေထူးကိုသွားဖို့ ကလေးမြို့ပေါ်က လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေ ချိန်းပြီး မိတ်ဆွေတွေရဲ့ကားနဲ့ နတ်ချောင်းကို သွားရပါတယ်။ ကလေးမြို့နဲ့ နတ်ချောင်းက ၁၄ မိုင်လောက်ဝေးတယ်။  ကလေး ဂန့်ဂေါ လမ်းဘေးဖြစ်တာကြောင့် လမ်းမှာ ကုန်တင်ကာကြီးတွေကို မကြာခဏ တိမ်းရှောင်ရပါတယ်။ လမ်းတွေကကျဉ်းပြီး ကားနှစ်စီးရှောင်ဖို့အတွက် ကားတစ်စီးက လမ်းပခုံးပေါ်အထိ ဆင်းပေးရပါတယ်။ ဒါပေမဲ့ လမ်းပခုံးနေရာအချို့က တော်တော်ဆိုးရွားပါတယ်။ ကလေးမြို့ဘက်မှာတော့ လမ်းသားတွေချဲ့ပြီး လမ်းပခုံးတွေပါ ချဲ့နေပေမယ့် လိုအပ်တဲ့နေရာတွေတော့ ရှိနေဆဲပါ။ နတ်ချောင်းကျေးရွာကိုရောက်တော့ မြစ်သာဆိပ်ကမ်းကို ဆက်သွားရပါတယ် ။
 
ကျွန်တော်တို့မှာပါလာတာက ဂျစ်ကားတစ်စီးနဲ့ အေဒီဗင်ကားတစ်စီးဆိုတော့ ကားတစ်စီးကို နတ်ချောင်းကျေးရွာထဲက မိတ်ဆွေတွေအိမ်ထားပြီး ကျွန်တော်တို့က ပစ္စည်းတွေကို ဂျစ်ကားပေါ်တင်ပြီး  နတ်ချောင်းရွာကနေ မြစ်သာဆိပ်ကမ်းရောက်သည်အထိ သွားရပါတယ်။ လူ ၁၀ ယောက်ကျော်ဆိုတော့ ဂျစ်ကားနှစ်ခေါက်ပြန်ရတာပေါ့ ။
 
မြစ်သာဆိပ်ကမ်း ကတို့ရောက်တော့ နေပူ၊ မိုးရွာ အဟန့်အတားလေးရရုံလောက် တဲလေးအတွင်းမှာ စက်လှေကို စောင့်ရပါတယ်။  ဒီနေရာတွေက နွေရာသီဆိုရင်တော့ ယာယီတံတား လုပ်ကူးကြပြီး အခုလို မိုးရာသီရောက်တာနဲ့ စက်လှေနဲ့ ကူးရပါတယ်။ ဒေသခံတွေ၊ မြစ်သာမြစ်တစ်ဖက်ကမ်းကို လယ်လုပ်ယာလုပ် သွားကြတဲ့သူတွေ၊ ထန်တောင်က ရေနံမှော်တွေမှာ ရေနံစိမ်းအရောင်းအဝယ်လုပ်တဲ့သူတွေ ကူးလူးသွားလာနေတဲ့ စက်လှေဆိပ်ပေါ့။ တဲဖြစ်ရုံလေးဆောက်ထားတဲ့ ကတို့ဆိပ်လေးက လေတဖြူးဖြူးနဲ့ နေလို့ကောင်းလှပါတယ်။ 
 
စက်လှေလည်း ရောက်လာ၊ လူတွေလည်း စုံပြီဆိုတော့ မြစ်သာမြစ်တစ်ဖက်ကမ်းကို ကူးဖို့ပြင်ဆင်ရပါတယ်။ မြစ်သာမြစ် ရေက တိုးလာပြီး မြစ်ကြောင်းက နှစ်မြွှာပေါက်နေတယ်ဆိုတော့ မြစ်အလယ်ကသောင်ခုံကို ပတ်ပြီး စက်လှေစီးကြပါတယ်။ အရင်တုန်းကတော့ မြစ်သာမြစ်ကို မောရိယမြစ်လို့ အမည်တွင်ပါတယ်။ ဒေါင်းတွေနေတဲ့ချောင်းပေါ့လေ။
 
တစ်ဖက်ကမ်းမှာတော့ ထွန်စက်တစ်စီး ရှိပါတယ်။ ကျွန်တော်တို့ပစ္စည်းတွေ သယ်ဖို့ပေါ့။ လူတွေအားလုံးကတော့ ခြေကျင်လျှောက်ကြရုံပေါ့။ အိုးမြေထူး တောတိုက်နဲ့ နတ်ချောင်းကျေးရွာက ကိုယ့်အတွက်တော့ တဖွဲ့တနွဲ့ ရေးသားနေရတာပါ။ ဒေသခံတွေအတွက်တော့ ဒီလမ်းဒီခရီးက ထမင်းစားရေသောက်လောက်တောင် မထူးဆန်းဘူး။ တောသူတောင်သားတွေအတွက်တော့ နှစ်တိုင်၊ သုံးတိုင်ခရီးလောက်တော့ နေ့စဉ်သွားနေလာနေကျကိုး။  ( တစ်တိုင်= နှစ်မိုင်)
 

 
မြစ်တစ်ဖက်ကမ်းမှာ ပစ္စည်းတွေ ထွန်စက်ပေါ်တင်ပြီးလမ်းလျှောက်ရပါတယ်။ မိုးရာသီဆိုတော့ မိုးရွာမှာကိုပဲ တွေးပူတာပါ။
 
မိုးရွာတော့ ရွှံ့တော၊ ဗွက်တောလမ်းကို ကျွန်တော်တို့ လမ်းမလျှောက်တတ်ဖူးလေ။ နေပူလာတော့  ရွှံ့တွေ၊ ဗွက်တွေ ခပ်ဖန့်ဖန့် ရှိတဲ့ မြေသားလမ်းဘေးဝဲယာမှာ အပင်ကြီးတွေ မရှိပါဘူး။ မြစ်ချောင် ကမ်းပါးဘေးဆိုတော့ ရှိသမျှအပင်ကြီးတွေကလည်း မြစ်ကပဲ စားသလား၊ စားတဲ့သူကပဲစားသလားတော့ကျွန်တော်လည်း သေသေချာချာမသိ။ တကယ်တော့ ထန်တောင်ဘက်မှာကို တောတွေသိပ်မကျန်တော့။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က သွားခဲ့ဖူးတဲ့ ထန်တောင်ဟာ လက်ရှိကာလ  ရေနံမှော်တွေပေါ်လာပြီးနောက်ပိုင်းမှာ တောတွေ မကျန်တော့တာပါ။ အိမ်သုံးနဲ့ ဒေသသုံးအတွက်လောက် သစ်ထုတ်တဲ့ဒေသခံတွေကို လက်ညှိုးထိုးဖို့တော့ မသင့်လျော်ပါ။ 
 
တန်သိန်းနဲ့ချီပြီး သစ်ထုတ်ခဲ့တဲ့ ကုမ္ပဏီတွေကြောင့် အထက်ချင်းတွင်းနဲ့ ကလေး၊ ကဘော်ဒေသမှာ သစ်တွေ အများဆုံးကုန်ခဲ့တာပါ။ လမ်းလျှောက်ရင် နေပူလာလေလေ ကျွန်တော့်အတွေးတွေက ဒီဘက်ကိုပဲ တဝဲလည်လည် စဉ်းစားမိလေပါ။ မိုးမရွာတော့ ရှောင်ကွင်းသွားလာလို့ ရပေမယ့် လမ်းတစ်ဝက်မှာတော့ မိုးရွာလာပါတယ်။ အဲဒီအချိန်မှာ လမ်းက တော်တော် ချော်ထွက်နေပါပြီ ။ လမ်းလျှောက်နည်းပြီး ဒီလိုလမ်းတွေနဲ့ အထိအတွေ့ နည်းလှတဲ့ ကျွန်တော်တို့အတွက်တော့ ခြေထောက်နှစ်ဖက် ညီညီညာညာလှမ်းဖို့ကို အတော်အားထုတ်ယူရပါတယ် ။
 
စိမ်းညို့ညို့စိုက်ခင်းတွေကို ဖြတ်သန်းရင်း ကျောင်းသို့ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ့ လိုက်ပါတယ်။ ကျွန်တော်တို့ လှမ်းမြင်လိုက်ရတဲ့ ကျောင်းလေးက လွန်ခဲ့တဲ့နှစ်တွေက ရောက်ခဲ့တဲ့ ကျောင်းပုံစံမဟုတ်တော့ ပြင်ဆောက်ထားတယ်လို့ ပြောပါတယ်။ သွပ်မိုးတွေကို မိုးထားတဲ့ ကျောင်းကိုမြင်ရပေမယ့် ရွှံ့တွေ၊ ဗွက်တွေနဲ့အပြင် မိုးကလည်း ရွာချ လိုက်တော့မလဲအောင် အတော်ဂရုစိုက်ပြီး သွားရပါတယ်။ ကျောင်းရှေ့က ဘုံပိုင်ရေတွင်းလေးမှာ ခြေထောက်တွေ ဆေးလိုက်ပြီး ကျောင်းပေါ်တက်လိုက်တော့ ကျောင်းသား၊ ကျောင်းသူတွေက မင်္ဂလာပါဆိုပြီး ပြိုင်တူနှုတ်ဆက်လိုက်ပါတယ်။ ကျွန်တော်တို့ကျောင်းပေါ်ကို ရောက်လိုက်တယ်ဆိုရင်ပဲ အငြိုးတကြီးနဲ့ရွာချလိုက်တဲ့ မိုးတွေက သဲသဲမဲမဲပေါ့ ။
 
ဒီဒေသက လူတွေတော်တော်များများက မြန်မာနိုင်ငံအလယ်ပိုင်းက လာတဲ့သူတွေရှိသလို ကလေးမြို့နယ်အတွင်းက ရွှေ့ပြောင်းနေထိုင်ကြတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ အရင်က ကလေးတွေ ကျောင်းတက်မယ်ဆိုရင် နတ်ချောင်းကျေးရွာကို သွားထားရတယ်လို့ သိရတယ်။ နတ်ချောင်းရွာမှာ ဆွေမျိုးရှိတဲ့သူအတွက် အဆင်ပြေပေမယ့် မရှိတဲ့သူတွေအတွက် ကလေးတွေက ကျောင်းမနေရတော့ဘူးပေါ့။ ဒီလိုနဲ့ ဒီနေရာလေးမှာ ကျောင်းခွဲလေးတစ်ခု ကိုယ်ထူကိုယ်ထအနေနဲ့ စတင်ခဲ့ပါတယ်။ အခုတော့ အ.မ က ကျောင်းခွဲလေးအဖြစ် အစိုးရက သတ်မှတ်ပေးပါတယ်။ ဒါပေမဲ့လည်း ကျောင်းဆရာတွေကိုတော့ အပြင်ကပဲ ငှားနေရသေးတယ်လို့ သိရပါတယ် ။
 
မိဘတွေကလည်း ဒီတောထဲမှာ အလုပ်လုပ်ကြ ဒီတောထဲမှာ အိမ်ထောင်ကျကြ။ ကလေးတွေရလာကြတော့ သူတို့ရဲ့ကလေးတွေကို သူတို့လို ကျောင်းမနေကြရတဲ့သူတွေ  မဖြစ်စေချင်လွန်းလို့ ကျောင်းလေးဖြစ်အောင် တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။ 
ဟိုတစ်ချိန်ကတော့ လူကြီးတွေက လယ်ယာအလုပ်နဲ့ အလုပ်လုပ်ကြတော့ ကလေးငယ်တွေကို အိမ်မှာ ဒီအတိုင်းပစ်ထားခဲ့တော့ ငါးရှာ၊ ဖားရှာ သစ်ပင်တက်၊ ဘတ်တစ်စင်း နဲ့ ကြီးပြင်းလာရတဲ့ ကလေးတွေ အခုတော့ သူတို့ စာသင်နိုင်လေပြီ။
 

 
တကယ်တော့ ကျောင်းလို့သာ ဆိုရတာပါ။ လယ်ကွင်းပြင်ထဲက အဆောက်အအုံ တစ်ခုပါ။ အရင်က ယိုင်နဲ့နဲ့ အဆောက်အအုံလေးကနေ အခုတော့ ခိုင်ခိုင်ခံ့ခံ့အ ဆောက်အအုံဖြစ်ပေမယ့် အကာအရံတွေကတော့ ကျိုးတိုးကျဲတဲပါ။ ကျောင်းဆိုင်းဘုတ်တောင် မရှိသေးလို့ ကျွန်တော်တို့ဆီကို ဗီနိုင်းထုတ်ပေးဖို့မှာလိုက်လို့ ကျွန်တော်တို့ကပဲ စိုက်ထုတ်လှူလိုက်ပါတယ်။ နိုင်ငံတော်အလံမရှိဘူးဆိုလို့လည်း မြို့ပေါ်ကဝယ်ပြီး လှူခဲ့ပါသေးတယ်။ ဒီလို မပြည့်မစုံနဲ့ ကျောင်းလေးတွေက ကျွန်တော်တို့ ကလေးဒေသဘက်မှာကို တော်တော်များများရှိနေပြီး မြန်မာတစ်နိုင်ငံလုံးဆိုရင်တော့ တော်တော်လေး များမယ်ထင်ပါတယ်။ နေခြည်မှာ ရွှေရည်မလောင်းနိုင်သေးတဲ့ ကျောင်းလေးတွေကို လေ့လာစုံစမ်းပြီး ကိုယ်တတ်နိုင်သလောက် ပရဟိတအဖွဲ့တွေကနေပြီး လှူဒါန်းပေးနေကြတာကိုလည်း သတင်းတွေမှာ ဖတ်နေရပါတယ်။ ကလေးတွေရဲ့ ပညာရေးကောင်းအောင် လုပ်မပေးနိုင်ခဲ့တော့လည်း ကြီးလာတော့ လူကြီးကောင်းတွေ ရှားလာတာ ဘာဆန်းတာမှတ်လို့။ ကိုယ်စာသင်မယ့် စာအုပ်၊ ဘောပင်၊ ခဲတံ၊ ခဲဖျက်၊ ကွန်ပါဘူးတောင် အတော်ကျဲပြီးထားရတဲ့ မိဘတွေအဖို့ ကလေးတွေအတွက် ပြင်ပစာပေဆိုတာ သူတို့မကြားဖူးတဲ့ ဝေါဟာရတစ်လုံးဖြစ်မှာပါ ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ ကလေးတွေအတွက် ယဉ်ကျေးလိမ္မာစာစောင်နဲ့ ရွှေသွေး စာစောင်လေးတွေပါ ထည့်သွင်းလှူဒါန်းခဲ့ပါတယ်။ အိုးမြေထူး မူလတန်းကျောင်းခွဲမှာတော့ ကျောင်းသားကျောင်းသူဦးရေ ၄၈ ယောက်ရှိတယ်လို့ သိရပါတယ်။
 
ခေတ်မီဖွံ့ဖြိုးတိုးတက်ပါသည်ဆိုသော ကျွန်တော်တို့နိုင်ငံမှာ လိုအပ်ချက်တွေ များစွာရှိပါသေးတယ်။ အဓိကအခြေခံပညာကို ကောင်းစွာသင်ကြားမှုမပြုရဘဲ အသက်တွေကြီးလာတဲ့ လူတွေကလည်း ကျွန်တော်တို့ နိုင်ငံမှာ ဒုနဲ့ဒေးပါ။ လူတွေရဲ့ အတွေးအခေါ်တွေ မြင့်မားဖို့ဆိုတာက ကျောင်းတွေရှိဖို့ လိုပါတယ်။ ဒါမှသာ ကိုယ်တိုင်ပညာတတ်ပြီး စာဖတ်မှသာလျှင် စဉ်းစားဉာဏ်နဲ့ ယှဉ်တွဲဆင်ခြင် အသင်ရှင်နေထိုင်နိုင်မှာဖြစ်ပါတယ် ။
 
ပညာရေးအရည်အသွေးဆိုပြီး ပညာရေး အရည်အသွေးမြင့်ဖို့ နေနေသာသာ ခပ်နိမ့်နိမ့်ပညာရေးကိုတောင် သင်ကြားနိုင်ဖို့ မလွယ်ကူတဲ့သူတွေ အများကြီးရှိနေပါသေးတယ်။  ဒီလိုဆိုတော့လည်း လူတွေမှာ ကိုယ့်ရပိုင်ခွင့်ဆိုတာ နားမလည်။ 
အစိုးရဆိုတာ တင်မြှောက်လို့ရတယ်ဆိုတာထက် ဒူးထောက်ရမယ်ဆိုတဲ့အတွေးတွေ၊ အသိတွေပဲ  စွဲမြဲနေတော့တာပေါ့။ အိုးမြေထူးက အပြန်မှာတော့ ကျွန်တော်တို့ရဲ့ ခြေလှမ်းတွေက လယ်ကွင်းတွေကို ဖြတ်ကျော်ရင်း လယ်ယာစိုက်ပျိုးရေးကို အဓိကထားပါတယ်ဆိုတဲ့ လယ်သမားတွေ အသိဉာဏ်တိုးပွားရေး၊ ပညာဉာဏ်မြင့်မားရေးဆိုတာ ကျွန်တော်တို့ရဲ့ မဲတစ်ပြားနဲ့ ဘယ်လိုပြောင်းလဲရမလဲဆိုတာ တွေးတောမိနေပါတော့တယ်။

Most Read

Most Recent