ထိုင်ဝမ်ရေကစားဥယျာဉ်တွင် မီးလောင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ရာ လူ ၅၀၀ ကျော် ဒဏ်ရာရရှိ

ထိုင်ဝမ်ရေကစားဥယျာဉ်တွင် မီးလောင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ရာ လူ ၅၀၀ ကျော် ဒဏ်ရာရရှိ
Published 28 June 2015

ထိုင်ဝမ်မြို့တော် တိုင်ပေအပြင်ဘက်ရှိ ရေကစားဥယျာဉ် တစ်ခုတွင် ဇွန် ၂၇ ရက် နှောင်းပိုင်းက ပြုလုပ်သည့် ပွဲတစ်ခုအတွင်း မီးလုံးကြီးတစ်လုံးသည် လူအုပ်ကြားထဲသို့ ဖြတ်ဝင်လာခဲ့ရာ ဒဏ်ရာရ သူ ၅၀၀ ကျော်ရှိပြီး ယင်းတို့အနက် ၂၀၀ နီးပါးမှာ ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့ကြသည်ဟု သိရသည်။ထိုရေကစားဥယျာဉ်သို့ လာရောက်သူများကိုဖြန်းသည့် အရောင်စုံအမှုန့်များမှတစ်ဆင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။ Apple Daily သတင်းစာဝက်ဘ်ဆိုက်၌ ဖော်ပြသည့် ဗီဒီယိုတစ်ခုထဲတွင် လူအများအပြားသည် သီချင်းများဖွင့်ကာ ကနေကြပြီး ၎င်းတို့အပေါ် ရောင်စုံအမှုန့်များကို ဖြန်းနေစဉ် ထိုရောင်စုံအမှုန့်များသည် မီးလုံးကြီးတစ်ခုဖြစ်သွားကာ လူအုပ်ကြားထဲသို့ ရောက်ရှိသွားခြင်း ဖြစ်သည်ဟု သိရသည်။ ထို့နောက် လူများသည် ကြောက်လန့်တကြား အော်ဟစ်ပြေးကြကာ အချို့သူများမှာ ရေကူးဝတ်စုံသာ ဝတ်ထားပြီး ခန္ဓာကိုယ်တွင်လည်း ရောင်စုံအမှုန်များ ကပ်နေသည်ကို တွေ့ရသည်။ သို့သော် ထိုမီးလောင်မှုကို လျင်မြန်စွာ ငြှိမ်းသတ်လိုက်နိုင်ခဲ့သည်ဟု သိရသည်။တိုင်ပေမြို့ အပြင်ဘက်ရှိ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ Formosa Fun Coast ရေကစားဥယျာဉ်ကို ဇွန် ၂၈ ရက်က တွေ့ရစဉ် (Photo:AFP)
ဇွန် ၂၇ ရက်နှောင်းပိုင်းက တိုင်ပေမြို့ အပြင်ဘက်ရှိ Formosa Fun Coast ရေကစားဥယျာဉ်အတွင်း ပြုလုပ်သည့် အဆိုပါ Color Play Asia ပွဲသို့ လာရောက်ကြသူ ၁၀၀၀ ဝန်းကျင်ရှိသည်ဟု သိရသည်။ မျက်မြင်သက်သေတစ်ဦးက မီးလုံးကြီးသည် စင်မြင့်၏ ဘယ်ဘက်အခြမ်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး စစချင်း ထိုမီးလုံးကြီးကို ပွဲအစီအစဉ်ထဲမှ တစ်ခုဟု ထင်ခဲ့မိကြောင်း၊ သို့သော် လူအများက စတင်အော်ဟစ် ပြေးလွှားသည်ကို မြင်ရမှ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သိလိုက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။နယူးတိုင်ပေမြို့ အစိုးရအဖွဲ့၏ ကျန်းမာရေးဌာနမှ ဒုတိယဥက္ကဋ္ဌဖြစ်သူ လီလိုင်ဂျွန်က ဒဏ်ရာရသူ စုစုပေါင်း ၅၀၉ ဦးရှိပြီး ယင်းတို့ထဲမှ ၁၈၈ ဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိသွားသည်ဟု သိရသည်။ မီးလောင်ဒဏ်ရာ ရရှိသူများအပြင် အချို့သော သူများမှာလည်း ရောင်စုံအမှုန့် အများအပြားကို ရှုသွင်းမိရာမှ အသက်ရှူရာတွင် အခက်အခဲ ဖြစ်ပေါ်ခဲ့ကြခြင်းဖြစ်သည်။ ဒဏ်ရာရသူများသည် ၂၀ ကျော်အရွယ် (သို့) ပိုမိုငယ်ရွယ်သူများ ဖြစ်ကြသည်ဟု သိရသည်။

(Photo : AP)ပွဲစီစဉ်သူနှင့်တကွ အခြားဝန်ထမ်းလေးဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပြီး မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်သည်ဟု သိရသည်။ ထိုင်ဝမ်တွင် အဆောက်အအုံနှင့် မီးလုံခြုံရေး စည်းကမ်းများကို တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းထားခြင်း မရှိသောကြောင့် ပြီးခဲ့သည့်နှစ်များ အတွင်းကလည်း လူသေဆုံးမှုများရှိသည့် မီးလောင်မှုများစွာ ဖြစ်ပွားခဲ့သည်။Ref:AFP

Most Read

Most Recent