အိမ်အကူ

အိမ်အကူ
Published 28 June 2015
ဟိန်းထက်နိုင်

မနက်အိပ်ရာထ မျက်နှာသစ် သွားတိုက် သနပ်ခါးသွေးပြီး သူ့မျက်နှာပြင်ပေါ် လူးထားတယ်။ အိမ်ရှင်နံနက်စာစားဖို့အတွက် လုပ်ပေးပြီး အိမ်ရှင်အိပ်ရာထအလာ သူစောင့်နေရတယ်။ ဒီလိုနဲ့ တလှုပ်လှုပ်နေရင်း အဲဒီအိမ်ရဲ့ အဝတ်တွေလျှော်၊ မီးပူတိုက် ဗာဟီရအလုပ်တွေလုပ်ရင်း တစ်ရက် တစ်လ ကုန်ခဲ့ရတယ်။ သူ့ကိုချစ်နေပါတယ်ဆိုတဲ့ မြန်မာပြည်က ကောင်လေးဆီက သူအနားယူချိန်တွေမှာ ဖုန်းခေါ်လာပြီဆိုရင် တစ်ခါတလေ တစ်နာရီအနည်းဆုံး အချိန်ကြာအောင် ဖုန်းပြောတယ်။ အဲဒီကောင်လေးဆီက ဖုန်းမလာတာကြာပြီဆိုရင်တော့ အချစ်မရှိလည်း နေတတ်ပါတယ်ဆိုတဲ့ စကားလုံးစာသား သူဆိုသံကြားရတယ်။ ရွှေလီမြို့ အိမ်တစ်အိမ်မှာ မြန်မာအမျိုးသမီးပျိုမိန်းကလေးတစ်ဦးကို မြင်တွေ့ရပုံဖြစ်ပါတယ်။ သူပြောခဲ့တာတွေ နားထဲပြန်ကြားမိလာပါတယ်။ 
 
ရွာမှာနေရင် တောဓလေ့ တောအလုပ်ပေါ့။ ဒီမှာပျော်လို့နေတာတော့ မဟုတ်ဘူး။ အလုပ်လုပ်ရင်း ငွေရှာနေတာ ဖြစ်ပါတယ်။ မိသားစုထဲမှာ အကြီးတွေ အိမ်ထောင်ကျကုန်တယ်။ အခြေအနေက ကျွန်မ ဒီရောက်လာပြီး ဒီလိုလုပ်ဖြစ်နေတာပါ။ ဒီထက် ငွေပိုရမယ့်အလုပ်၊ လုပ်ချင်တယ်။ ရွှေလီမှာ ငွေပိုရတာ ကြည့်လို့လည်း မဖြစ်ဘူးလေ။ လောလောဆယ်တော့ အဆင်ပြေပါတယ်။ ရွှေလီမှာ အိမ်အကူလုပ်နေတဲ့ ကျောက်ပန်းတောင်းမြို့အနီးက ရွာသူ ၂၁ နှစ်အရွယ် ပါးချိုင့်လေးနဲ့ မိညိုချောပြောပြခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်အားခ တစ်လ ယွမ် ၅၀၀၊ ၂၀၁၅  ခုနှစ် ခြောက်လပိုင်း ဆန်းပေါက်ဈေးနဲ့ စရိတ်ငြိမ်း ကျပ်ကိုးသောင်းခွဲရပါတယ်။ လစဉ် လုပ်အားခကို သူ့အတွက် ဘာမှမသုံးဘဲ သူ့အိမ်ကို နှစ်လ သုံးလ တစ်ခါ ဘဏ်ကနေ ငွေလွှဲပို့နေပါတယ်။ ပုံစံတစ်မျိုးနဲ့ နောက်တစ်ဦးကတော့ ဖြူဖြူကျော်သိန်းသီချင်းတွေနဲ့အတူ တခြားအဆိုတော်တွေရဲ့ သီချင်းတွေကို သူ့လက်ကိုင်ဖုန်းထဲ ထည့်ထားပြီး ဂီတသံစဉ်တွေကို ခံစားနေတာ တွေ့ရပါတယ်။
 

 
အလုပ်အားနေချိန်တွေမှာ သူ့ကိုမြင်တွေ့နေရတဲ့ သူ့ပုံစံလို့ ခေါ်ရမှာပါ။ မနက်အိပ်ရာထချိန်တွေမှာ ဧည့်ခန်းထဲ အမှိုက်လှည်းတယ်။ ဝရန်တာမှာ လှည်းတယ်။ အမှိုက်လှည်းပြီးရင် ကြမ်းတိုက်တယ်။ စားပွဲတွေ သုတ်တယ်။ သန့်ရှင်းရေးလုပ်တယ်။ အဲဒီအလုပ်တွေပြီးရင် အိမ်ရှင်တရုတ်မ အပျိုကြီးအိပ်ရာထစားဖို့အတွက် ခေါက်ဆွဲလုပ်ပေးရတယ်။ ခေါက်ဆွဲလုပ်ပေးစရာမရှိဘူးဆိုရင် ထမင်းစီစဉ်ပေးရတယ်။ နှစ်ရက် သုံးရက် တစ်ခါ တူဝရီးနှစ်ယောက်စာ အဝတ်တွေ လျှော်ရတာလည်းရှိပါတယ်။ ညအိပ်ရာဝင်စောတဲ့ ရက်တွေမှာ သူ့အိမ်ကို သတိရကြောင်းတွေ သူငယ်ချင်းတွေကို သတိရကြောင်းတွေ  စာရေးတယ်လို့လည်း သူက ပြောပါတယ်။ ကိုယ့်တိုင်းပြည်မှာနေရတာ ကျယ်ကျယ်ပြန့်ပြန့် လွတ်လပ်မှုရှိတယ်။ ဟိုဘက်အိမ် ဒီဘက်အိမ် လှမ်းနှုတ်ဆက်တာတွေ ရှိတယ်။ ရွှေလီမှာ အဲလိုမျိုးတွေ မရှိဘူးဖြစ်နေကြောင်း သူပြောပြပါတယ်။ ရွှေလီရောက်လာပြီး အလုပ်လုပ်နေတာ ကျောင်းဆက်တက်ဖို့အတွက် ဖြစ်ပါတယ်။ အရင်နှစ်တွေကတော့ ကျောက်ဆည်မြို့မှာ အလုပ်လုပ်နေရင်း ကျောင်းတက်ခဲ့တယ်။ အင်္ဂလိပ်စာ၊ စာပေး စာယူနဲ့ တတိယနှစ် ဆက်တက်မှာ ဖြစ်ပါတယ်။ ကျောင်းပြီးခဲ့ရင် လုပ်ချင်တာ ကျောင်းဆရာမပေါ့။ ဒါပေမဲ့ မရရင်လည်း တခြားအလုပ်လုပ်ရမှာဖြစ်ကြောင်း၊ အသက် (၂၁) အရွယ် အင်္ဂလိပ်စာ၊ စာပေးစာယူ တတိယနှစ် ဆက်တက်ဖို့အတွက် ရွှေလီမြို့မှာ အိမ်အကူ ဘဝရုန်းကန်နေရင်း မြို့သာသူ ခန့်ခန့် ညိုတုပ်ပြောခဲ့တာဖြစ်ပါတယ်။ သူ့ လုပ်အားခလည်း တစ်လ စရိတ်ငြိမ်း ယွမ် ၅၀၀ မြန်မာ ငွေပေါက်ဈေး ကျပ် ၉၅၀၀၀ ဖြစ်ပါတယ်။ 
 
နောက်တစ်ဦးကတော့ ကျောက်ပန်းတောင်းအနီးရွာကပါ။ ကလေးနှစ်ယောက် ထိန်းရတယ်၊ အဝတ်လျှော်ရတယ်၊ လျှော်ပြီး အဝတ်တွေ မီးပူတိုက်ရတယ်။ တခါတလေ ကျောက်ဆိုင်စောင့်ရတယ်။ ထမင်းကူချက်ရတယ်။ အိမ်ရှင်ခိုင်းတာလုပ်ရတယ်။ သူ့လုပ်အားခ တစ်လစားရိတ်ငြိမ်း ယွမ် ၁၀၀၀ ရတယ်။ မြန်မာငွေဈေးကောင်းချိန်ဆိုရင် တစ်သိန်းရှစ်သောင်းကျပ်ရတယ်။ သူ့အဖေ မလေးရှားမှာ သွားအလုပ်၊ လုပ်နေတယ်။ သူ့အမေနဲ့ သူ့အောက်ခြောက်ယောက်က ရွာမှာ နေရစ်တယ်။ 
 

 
သူကရွှေလီမှာ အိမ်အကူလုပ်နေရင်း ရသမျှငွေကို လစဉ်ဘဏ်ကနေ လွှဲပို့ပေးနေရတယ်။ တခါတလေတော့ ပင်ပန်းတယ်။ ဒဏ်ခံနိုင်ပါတယ်။ လုပ်အားခ ပင်ပန်းသလောက်ရတယ်။ ပျော်ဖို့ မပျော်ဖို့ထက် အဆင်ပြေနေတော့လည်း ဘာမှပြောစရာမရှိပါဘူးလို့  ရွှေလီရောက် အိမ်အကူ ဘဝရုန်းကန်နေသူ ကျောက်ပန်းတောင်းမြို့အနီး ရွာသူဖြူဖြူ သွယ်ပြောခဲ့တာပါ။
 
နောက်တစ်ဦးက မြန်မာပြည်မှာ တက္ကသိုလ်ဝင်တန်း ဖြေထားပြီး ရွှေလီမှာ အိမ်အကူလာလုပ်နေသူ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်တဲ့နေ့ သူအောင်တယ်ဆိုတဲ့ အကြောင်းသိရချိန် ဟေးဆိုအော်သံနှင့် အတူ သူခုန်လိုက်တာ နှစ်ပေနီးနီး မြောက်တက်သွားတာတွေ့လိုက်ပါတယ်။ သူ့ကိုမေးမြန်းခဲ့ချိန် အားရပါးရပြုးံနေရင်း တုန်တုန်ရီရီ လှိုင်းအားပါနေတဲ့ အရမ်းဝမ်းသာတယ်ဆိုတာထက် လွန်လွန်ကျွံကံျွ ဝမ်းသာမိတယ်။ အခုချိန်မှာ ပြုံးရယ်ခွင့်မရှိ အမိန့်ထုတ်သူ အမှုန့် ဖြစ်သွားမယ်။ ကျွန်မ အဲဒီလောက် ဝမ်းသာမိတယ်လို့ ပြောချင်နေတဲ့ သူ့အသွင်တွေ့ရပါတယ်။ သူကလည်း ကျောက်ပန်းတောင်းမြို့အနီးအနားက ရွာသူချောတစ်ယောက်ပါ။ အရပ်ငါးပေ ရှစ်လက်မလောက်ရှိပြီး ဆင်စွယ်ရောင် အသားအရေနဲ့ ပါးပါးသွယ်သွယ် မြင်မိသူတိုင်း အမောပြေစေမယ့် အလှပိုင်ရှင်လို့ပြောလို့ရတဲ့ ရုပ်ရည်မျိုး ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူ့ကိုမေးမြန်းခဲ့ချိန်မှာ တက္ကသိုလ်ဆက်တက်ဖို့အတွက် အလုပ်ဆက်လုပ်နေတယ်။ အိမ်မှုကိစ္စ လုပ်ရတယ်။ သန့်ရှင်းရေးလုပ်ရတယ်။ အိမ်ရှင်ထမင်းချက်ချိန်တွေမှာ ထမင်းကူချက်ရတယ်။ ကျောက်ဆိုင် စောင့်ရောင်းရတယ်။ ကျောက်ဆိုင်ခင်းရတယ်။ တက္ကသိုလ်မတက်ခင်အချိန်ထိ အလုပ်လုပ်ပြီး စုမယ်။ ကိုယ့်ဘဝအောင်မြင်မှု မှန်းထားတယ်။ နေ့လယ် အလုပ်အားလို့ နားနေချိန်တွေမှာ တက္ကသိုလ်ဆက်တက်ဖို့ အကြောင်းစဉ်စားနေတယ်၊ ဘဝရုန်းကန်ရတဲ့ သီချင်းတွေဆိုဖြစ်တယ်။ မြန်မာပြည်မှာ အလုပ်လုပ်တာနေပူထဲမှာ လုပ်ရတာရှိတယ်။ ချွေးအရမ်းထွက်တယ်။ ဒီမှာ အရိပ်ထဲနေပြီး လုပ်ရတယ်။ အဲဒီလိုတော့ ကွာတယ်။ ကျောက်ပန်းတောင်းမြို့အနီးနားရွာက ၁၀ တန်းအောင်ပြီး တက္ကသိုလ်ဆက်တက်မယ့် ရွာသူချောပြောခဲ့တာဖြစ်ပါတယ်။ သူ့လုပ်အားခ တစ်လ ယွမ် ၈၀၀ စားရိတ်ငြိမ်း မြန်မာငွေလဲ ပေါက်ဈေး တစ်သိန်းခွဲဖြစ်ပါတယ်။ အိမ်အကူလုပ်ပြီး အဆင်ပြေသူတွေရှိနေသလို အဆင်မပြေသံတွေလည်း ရွှေလီမှာ အကြိမ်ကြိမ်ကြားနေရပါတယ်။ နယ်စပ်ဖြတ်ကျော် မြန်မာမိန်းမပျိုတွေရဲ့ အိမ်အကူသူတို့ဘ၀ ရုန်းကန်နေမှုတွေ နေ့စဉ်မြင်တွေ့နေမိပြီး တွေးမိလာတာ မဟုတ်ပါဘူး။ 
 
လက်တွေ့အကောင်အထည်ပေါ်လာမှုတွေ စစ်စစ်မှန်မှန်ဖြစ်ချင်တာပါ။ အဲဒါကတော့ ကိုယ့်နိုင်ငံက အမျိုးသမီးပျိုလေးတွေ သူများနိုင်ငံတွေမှာသွားပြီး အိမ်အကူဘဝနဲ့ ရှာဖွေစားသောက်နေရမယ့်ဘဝတွေ လွတ်မြောက်သွားအောင် လုပ်ပေးနိုင်မယ့်အစိုးရမျိုး ကိုယ့်တိုင်းပြည်မှာ အုပ်ချုပ်နေပုံ လက်တွေ့မြင်ချင်ပါတယ်။

Most Read

Most Recent