ဖြူစင်သော နှလုံးသားပိုင်ရှင်

ဖြူစင်သော နှလုံးသားပိုင်ရှင်
Published 28 June 2015
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

မကောင်းမှု ရှောင်ကောင်းမှု ဆောင်ဖြူအောင် စိတ်ကိုထားဆူဆူဗုဒ္ဓ ဟောဖော်ပြဆုံးမမြတ်တရား။ဘာသာဝါဒဆိုတာ အမည်နာမတံဆိပ်aတွ တပ်လိုက်တော့ သာမန်နုနယ်သူတို့အဖို့ ဥပါဒန်တွေ ဖြစ်ရတယ်။ အဲဒီ ဥပါဒါန်တွေကြောင့် အမြင်တွေ ကျဉ်းမြောင်းရတယ်၊ သဘောထားတွေ ကွဲပြား၊ စိတ်ထားတွေ သေးသိမ်ရတယ်။ အဲဒီ အဆင့်နိမ့် စိတ်နေစိတ်ထားတွေကြောင့် တစ်ခုနဲ့တစ်ခုကြား ပြဿ နာတွေ ဖြစ်ရတယ်။ တစ်ကိုယ်ရေ ငြိမ်းချမ်းရေး၊ ပတ်ဝန်းကျင် ငြိမ်းချမ်းရေးတွေ ထိခိုက်ရတယ်။ အယူဝါဒနဲ့ ပတ်သက်လို့ကတော့ ဘယ်ဘာသာကိုမှ မဖက်တွယ်လိုတော့ဘူး။ သူတို့ကိုယ်သူတို့ ဘာသာမဲ့ဆိုတာကို နှစ်သက်မြတ်နိုးစွာ ကြေညာလာကြတယ်။ တချို့လူငယ်တွေကလည်း ဘယ်ဘာသာကို ယူရကောင်းမလဲ ဆိုတာကို ယခုထိ စဉ်းစားဆဲလို့ ဆိုလာကြတယ်။ ယနေ့ ကမ္ဘာကြီးက အဲဒီလို ဖြစ်လာတယ်။ဘာသာရေးဆိုတာ ငြိမ်းချမ်းရေးပါ။ ငြိမ်းချမ်းအောင် မလုပ်နိုင်ရင်၊ ငြိမ်းချမ်းရေးကို အထောက်အကူ မပြုနိုင်ရင်တော့ ဘာသာရေး မဟုတ်ပါဘူး။ အခြားကိုယ်ရေးကိုယ်တာပဲ ဖြစ်မှာပါ။ ဘာသာရေးဆိုတာ မေတ္တာကရုဏာကို အခြေပြုရပါတယ်။ မေတ္တာ၊ ကရုဏာကို အကောင်အထည် ဖော်ရပါတယ်။ ဘာသာရေး အခြေခံဟာ မေတ္တာ၊ ကရုဏာရဲ့ ဝန်ဆောင်မှုလုပ်ငန်းပါပဲ။ မေတ္တာ၊ ကရုဏာ ဝန်ဆောင်မှုမပါတဲ့ ဘာသာရေးဆိုတာ ကြာလာရင် ကမ္ဘာမှာ နေရာရဖို့ မရှိပါဘူး။သီလရဲ့ အခြေခံဟာ မေတ္တာနဲ့ ကရုဏာပါပဲ။ မေတ္တာကရုဏာရှိတဲ့သူဟာ သူတပါးအသက်လည်း မသတ်ပါဘူး၊ သူတပါးဥစ္စာကိုလည်း မခိုးပါဘူး။ မေတ္တာ၊ ကရုဏာ ရှိတဲ့သူဟာ ကိုယ်ချင်းစာတရား ပြည့်ဝသူပါ။ ကိုယ်ချင်းစာတရား ပြည့်ဝသူဟာ သူတစ်ပါး ထိခိုက်နစ်နာမယ့် အလုပ်မျိုးကို ဘယ်တော့မှ မလုပ်ပါဘူး။ သီလဆိုတာ အဓိကက သူတစ်ပါး ထိခိုက်နစ်နာမဲ့ အလုပ်တွေကို ရှောင်ကြဉ်ရတာပါ။ မေတ္တာကရုဏာ ပြည့်ဝသူဟာ သူတစ်ပါး ထိခိုက်နစ်နာမယ့် ကိစ္စမျိုးကို စိတ်တောင်မှ မကူးပါဘူး။မေတ္တာကရုဏာ ထားရှိသူဟာ သူတစ်ပါးကို ဘယ်တော့မှ ဒုက္ခမပေးဘူး၊ သုခကိုပဲ ပေးတယ်။ သူတစ်ပါးကို ဘယ်တော့မှ အနှောင့်အယှက် မပေးဘူး၊ အကူအညီပဲ ပေးတယ်၊ သူတစ်ပါးကို ဘယ်တော့မှ အကုသိုလ် မပေးဘူး၊ ကုသိုလ်ကိုပဲ ပေးတယ်၊ သူတစ်ပါးကို ဘယ်တော့မှ ငရဲမပေးဘူး၊ နတ်ရွာနိဗ္ဗာန်ကိုပဲ ပေးတယ်။ မေတ္တာ၊ ကရုဏာသမားဟာ မကောင်းမှုကို အလိုလို ရှောင်ပြီးသားပဲ။ ကောင်းမှုကို အလိုလို ဆောင်ပြီးသားပဲ။ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်တော့ စိတ်နှလုံးက အမြဲဖြူစင်ပြီးတော့ နေတယ်။ဗုဒ္ဓအဆူဆူ သတ္တဝါဝေနေယျ၊ သတ္တဝါ အနန္တတို့အတွက် ဟောပြောခဲ့တဲ့ ငြိမ်းချမ်းရေးတရားက မကောင်းမှုကို ရှောင်ပါ၊ ကောင်းမှုကို ဆောင်ပါတဲ့။ အချုပ်အားဖြင့်တော့ မကောင်းမှုက အကုသိုလ်၊ ကောင်းမှုက ကုသိုလ်။ မကောင်းမှုက ဒုစရိုက်၊ ကောင်းမှုက သုစရိုက်ပါပဲ။ ဒါက စာလိုပေါ့၊ လောကသဘောအရ မပြုသင့် မပြုထိုက်၊ မဖြစ်သင့် မဖြစ်ထိုက်တာ မှန်သမျှ မကောင်းမှုပါပဲ။စည်းကမ်းမရှိတာ မကောင်းဘူး၊ စည်းကမ်းရှိတာ ကောင်းတယ်။ အလိုက်မသိတာ မကောင်းဘူး၊ အလိုက်သိတာ ကောင်းတယ်။ ကိုယ်ချင်းစာတရား မရှိတာ မကောင်းဘူး၊ ကိုယ်ချင်းစာတရား ရှိတာ ကောင်းတယ်၊ တာဝန်ဝတ္တရား မကျေရင် မကောင်းဘူး၊ တာဝန်ဝတ္တရားကျေမှ ကောင်းတယ်။ ယုတ်မာတာ မကောင်းဘူး၊ မယုတ်မာတာ ကောင်းတယ်။ ညစ်ပတ်တာ မကောင်းဘူး၊ မညစ်ပတ်တာ ကောင်းတယ်။ စဉ်းလဲကောက်ကျစ်တာ မကောင်းဘူး၊ ရိုးဖြောင့်တာ ကောင်းတယ်။ လိမ်ညာလှည့်စားတာ မကောင်းဘူး၊ ရိုးသားသစ္စာရှိတာ ကောင်းတယ်။နိုင်ငံသားတို့ရဲ့ ဘဝအတွက် ခြုံပြောရရင် တရားဥပဒေ စိုးမိုးမှုမရှိတာ မကောင်းဘူး၊ တရားဥပဒေစိုးမိုးမှ ကောင်းတယ်။ တရားဥပဒေက အောက်၊ အစိုးရက အထက်က ဆိုရင် မကောင်းဘူး။ အစိုးရက အောက်၊ တရားဥပဒေက အထက်ကဆိုရင် ကောင်းတယ်။ ဌာနဆိုင်ရာ အသီးသီးက အစိုးရ အရာရှိကြီးတွေ လာဘ်ပေးလာဘ်ယူ အကျင့်ပျက် ခြစားနေကြတာ မကောင်းဘူး။ အဲဒီအကျင့်ပျက် ခြစားမှုတွေ မရှိမှ ကောင်းတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို တစ်ဦးက သို့မဟုတ် တစ်ဖွဲ့က မူပိုင်လုပ်ထားတာ မကောင်းဘူး။ အချုပ်အခြာ အာဏာဟာ နိုင်ငံသားပိုင်၊ ပြည်သူပိုင်၊ အများပိုင်ဖြစ်မှ ကောင်းတယ်။ အချုပ်အခြာအာဏာကို တစ်ဦးတည်းက မူပိုင်လုပ်ထားရင် အဲဒီတစ်ဦးတည်းသာ အနှိုင်းမဲ့သူဌေးကြီးဖြစ်ပြီး တိုင်းပြည်က မွဲမယ်၊ ပြည်သူတွေက ဆင်းရဲမယ်။ တိုင်းပြည်ချမ်းသာဖို့ဆိုရင် တိုင်းသူပြည်သား အများပိုင် အချုပ်အခြာအာဏာဟာ တိုင်းသူပြည်သား အများရဲ့ လက်ဝယ်မှာပဲ ရှိရမယ်။ ပြည်သူပိုင်အာဏာဟာ ပြည်သူတွေရဲ့ လက်ဝယ်ပိုင်ပိုင် အမှန်ရှိပါမှ ပြည်သူတွေ ချမ်းသာမယ်။ ပြည်သူတွေ လူနဲ့သူနဲ့တူအောင် နေရမယ်။ ပြည်သူပိုင်အာဏာဟာ ပြည်သူ့လက်ထဲ မရှိရင်တော့ ပြည်သူဟာ ကျွန်လိုပဲ နေရမယ်။ ကျွန်လိုပဲ ဝတ်ရစားရမယ်။ အထက်ပါ ဆိုခဲ့တာတွေထဲက မကောင်းတာမှန်သမျှ စွန့်ပယ်ရမယ်။ ကောင်းတာမှန်သမျှ ရယူကျင့်သုံးရမယ်။ဘာသာတရားရဲ့ နောက်ဆုံးအချက်က မိမိတို့စိတ်ကို ဖြူစင်အောင် ထားရမယ်။ ကုသိုလ်က ဖြူစင်တဲ့စိတ်၊ အကုသိုလ်က မဲညစ်တဲ့စိတ်။ ကုသိုလ်ဖြစ်မှ စိတ်ဖြူစင်တယ်။ ကုသိုလ်ဖြစ်ဖို့ ပထမ အကုသိုလ် မကောင်းမှုကို ရှောင်ရမယ်။ မကောင်းမှု အကုသိုလ်ကို ရှောင်ဖို့ ဟီရိသြတ္တပ္ပတရား ရှိရတယ်။ ဟီရိက မကောင်းမှုပြုရမှာကို ရှက်တာ၊ သြတ္တပ္ပကက မကောင်းမှုပြုရမှာကို ကြောက်တာ။ ဒီ ဟီရိသြတ္တပ္ပနှစ်ပါးကို ဘုရားက ‘လောကပါလ- လောကကို စောင့်တဲ့တရား၊ ဒေဓမ္မ-ဒေဝဓမ် တရား၊ သုက္ကဓမ္မ- ဖြူစင်ကြောင်းတရား’ လို့ မိန့်တော်မူတယ်။လောကဆိုတဲ့ အထဲမှာ မိမိလည်း ပါတယ်၊ မိမိပတ်ဝန်းကျင်လည်း ပါတယ်။ မိမိအပါအဝင် မိမိဝန်းကျင်ကို စောင့်ရှောက်ဖို့ဆိုရင် ဟီရိသြတ္တပ္ပရှိမှ ဖြစ်တယ်။ ဟီရိသြတ္တပ္ပ-အရှက်အကြောက် မရှိတဲ့သူဟာ ဘာကိုမှ မစောင့်ရှောက်နိုင်ဘူး။ မလုပ်သင့်တာကို လုပ်ကြတာ၊ လုပ်သင့်တာကို မလုပ်ကြတာ အရှက်အကြောက် မရှိလို့ပဲ။ အဲဒီသူတွေဟာ ဘယ်သူ့ကိုမှ၊ ဘာကိုမှ စောင့်ရှောက်လို့ မရဘူး။ တိုင်းပြည်ကို စောင့်ရှောက်ချင်တယ်၊ လူမျိုးကို စောင့်ရှောက်ချင်တယ်၊ ဘာသာသာသနာကို စောင့်ရှောက်ချင်တယ် ဆိုရင်တော့ မိမိကိုယ်တိုင်က ဟီရိသြတ္တပ္ပရှိမှ ဖြစ်မယ်။ဟီရိနဲ့ သြတ္တပ္ပဟာ သုက္ကဓမ္မ-ဖြူစင်ကြောင်း တရားတဲ့။ ဝတ်တဲ့အဝတ်အထည်တွေ ဖြူစင်ဖို့၊ သန့်ရှင်းဖို့ လိုပါတယ်။ အသုံးအဆောင် ပစ္စည်းတွေ ဖြူစင်ဖို့၊ သန့်ရှင်းဖို့ လိုပါတယ်။ အမှန်တော့ ဒါတွေက ဗဟိဒ္ဓဝတ္ထုတွေပါ။ အဓိက,ကတော့ အတွင်းအဇ္ဈတ္တစိတ် ဖြူစင်ဖို့၊ သန့်ရှင်းဖို့ လိုပါတယ်။ အတွင်းစိတ် ဖြူစင်သန့်ရှင်းမှသာ အပြင်အလုပ်တွေကို ဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်းဖြစ်အောင် လုပ်နိုင်ပါလိမ့်မယ်။ ဟီရိသြတ္တပ္ပတရား နှစ်ပါးဟာ အတွင်းစိတ်ကို ဖြူစင်စေပါတယ်။ စိတ်နှလုံးလို့ သုံးတဲ့အတိုင်း စိတ်ဆိုတာ နှလုံးသားမှာ နားခိုရပါတယ်။ စိတ်ဖြူစင်မှ နှလုံးဖြူစင်ပါတယ်။ ဖြူစင်သော နှလုံးသားရှိမှသာ လောကကို အမှန်စောင့်ရှောက်နိုင်ပါလိမ့်မယ်။