ဖီဖာခြစားမှုအရှုပ်တော်ပုံအကြောင်း ရိုက်ကူးမည့်ဇာတ်ကားကို ဘင်အက်ဖလက် ထုတ်လုပ်မည်

ဖီဖာခြစားမှုအရှုပ်တော်ပုံအကြောင်း ရိုက်ကူးမည့်ဇာတ်ကားကို ဘင်အက်ဖလက် ထုတ်လုပ်မည်
Published 28 June 2015

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ခြစားမှု အရှုပ်တော်ပုံအကြောင်း ရိုက်ကူးမည့် ဇာတ်ကားကို ဘင်အက်ဖလက်က ထုတ်လုပ်မည်ဟု သတင်းထောက် ကန်ဘင်ဆင်ဂါက ပြောကြားခဲ့သည်။မကြာမီထွက်ရှိမည့် ကန်ဘင်ဆင်ဂါ၏ Houses of Deceit  ဝတ္ထုကို မှီငြမ်းမည့် ယင်းဇာတ်ကားသည် ဖီဖာအမှုဆောင် ကော်မတီဝင်ဟောင်းတစ်ဦးဖြစ်သည့် ချက်ဘလေ ဇာကို အဓိကဇာတ်ကောင်အဖြစ် အသားပေး ရိုက်ကူးမည်ဟု သိရသည်။ ဖီဖာ၏ခြစားမှု အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီးနောက် ယင်းအကြောင်းကို ဇာတ်ကားရိုက်ရန် ဝါနာဘရားသားစ်ကုမ္ပဏီက ကန်ဘင်ဆင်ဂါထံမှ မူပိုင်ခွင့်ရရှိခဲ့သည်ဟု သိရသည်။အသက် ၇၀ အရွယ်ရှိ ဘလေဇာသည်  ခြစားမှု၊ငွေကြေးခဝါချမှုနှင့် အခွန်ရှောင်မှု အပါအဝင် စွဲချက် ၁၀ ခုအတွက် အပြစ်ရှိသည်ဟု ၂၀၁၃ ခုနှစ်တွင် ဝန်ခံခဲ့သည်။   မော်ရိုကိုနိုင်ငံက ၁၉၉၈ ခုနှစ်တွင် ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံအဖြစ် ကျင်းပရန်ကြိုးပမ်းမှု မအောင်မြင်ခြင်းနှင့် ၂၀၁၀ တွင် တောင်အာဖရိကက ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့် ရရှိရေးအတွက် လာဘ်ငွေထိုးမှုကို အခြားသော ဖီဖာအမှုဆောင် ကော်မတီဝင်များနှင့်အတူ လက်ခံခဲ့သည်ဟု ဘလေဇာက ဝန်ခံခဲ့သည်။သရုပ်ဆောင်ဂျွန်ဂွတ်မန်းကို ဘလေဇာအဖြစ် သရုပ်ဆောင်ရန် ရွေးချယ်ထားသည်ဟု ဘင်ဆင်ဂါက ပြောကြားခဲ့သော်လည်း ဂွတ်မန်း၏ ပြောခွင့်ရပုဂ္ဂိုလ်ကမူ ယင်းဇာတ်ကားအတွက် မည်သည့်ဆွေးနွေးမှုမှ ပြုလုပ်ထားခြင်းမရှိဟု ပြောကြားခဲ့သည်။အမည်မပေးရသေးသည့် ယင်းဇာတ်ကားကို ဒါရိုက်တာဂါဗင်အိုကွန်နာက ရိုက်ကူးမည်ဟု  Hollywood Reporter တွင် ဖော်ပြခဲ့သည်။ဘင်အက်ဖလက်သည် ငယ်သူငယ်ချင်းဖြစ်သည့် သရုပ်ဆောင် မက်ဒေမွန်နှင့် ၂၀၁၂ ခုနှစ်တွင် Pearl Street Films ကုမ္ပဏီကို ထူထောင်ခဲ့ပြီး ဇာတ်ကားထုတ်လုပ်ရေး များ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

Most Read

Most Recent