အိပ်မက်ဆုံရာ ရာသက်ပန် Finalist နှစ်ယောက်ရဲ့ယှဉ်ပြိုင်မှုအဆင့်ဆင့်ကို ခံစားနိုင်မယ့် ရက်သတ္တပတ်

အိပ်မက်ဆုံရာ ရာသက်ပန် Finalist နှစ်ယောက်ရဲ့ယှဉ်ပြိုင်မှုအဆင့်ဆင့်ကို ခံစားနိုင်မယ့် ရက်သတ္တပတ်
Published 26 June 2015
လင်းလင်းခိုင်

အခုတစ်ပတ် အားလပ်ရက် စနေ၊ တနင်္ဂနွေမှာ မိုးရာသီရဲ့အေးမြမှုကြောင့် မပြင်မထွက်လိုဘဲ အိမ်မှာနေရင်း အပန်းဖြေလိုသူတွေအတွက် အိပ်မက်ဆုံရာ ရာသက်ပန်အစီအစဉ်ကို ခံစားကြည့်ရှုရင်း ဖြတ်သန်းနိုင်မှာပါ။ ဂီတအိပ်မက်ကိုမက်ရင်း အစွမ်းကုန် ကြိုးစားခဲ့ကြရတဲ့ ရွက်ပုန်းသီးဝါသနာရှင်တွေရဲ့ ဂီတအိပ်မက်တွေ အကောင်အထည်ပေါ်လာတော့မယ့်အချိန်လည်း ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့Finalist  နှစ်ယောက်သာကျန်ရှိတော့ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲအတွက် ပြင်ဆင်လေ့ကျင့်မှုတွေ ပြုလုပ်နေတာကြောင့် ယှဉ်ပြိုင်မှုတွေကို ခေတ္တရပ်နားထားမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ Finalist နှစ်ယောက်ဖြစ်တဲ့ အောင်ထက်နဲ့ Jenevy တို့ရဲ့ ပြိုင်ပွဲအဆင့်ဆင့် ယှဉ်ပြိုင်ခဲ့မှုတွေကို ပြန်လည်ထုတ်လွှင့်ပြသသွားမှာပါ။ ဒီယှဉ်ပြိုင်မှုအဆင့်ဆင့်ကို ပြန်လည်ခံစားရင်း ရှေ့တစ်ပတ်မှာ ပြုလုပ်တော့မယ့် နောက်ဆုံးအဆင့်ပြိုင်ပွဲအတွက် ကြိုတင်ရင်ခုန်နိုင်မှာပါ။ 
 
“အိပ်မက်ဆုံရာ ရာသက်ပန်အစီအစဉ်ကို season 1 အနေနဲ့ပြုလုပ်ခဲ့ရာမှာ ဝါသနာရှင်တွေ လာရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဝါသနာရှင်တွေအားလုံးက ပြိုင်ပွဲအဆင့်ဆင့်မှာ အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ကြတာကို တွေ့ရပါတယ်။ ဒီတစ်ခေါက်ပြိုင်ပွဲက ယှဉ်ပြိုင်တဲ့အဆင့်တွေလည်းများသလို အကဲဖြတ်ဒိုင်တွေရဲ့ရွေးချယ်မှုအပြင် ပရိသတ်တွေရဲ့ ရွေးချယ်မှုကလည်း အရေးပါတာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်တယ်လို့ ဆိုရမှာပါ။ ဒါကြောင့် အခုနောက်ဆုံးအဆင့်ကို ရောက်လာတဲ့ပြိုင်ပွဲဝင်နှစ်ဦးအတွက်လည်း ပြိုင်ဆိုင်ရမှာက တာဝန်ကြီးပါတယ်။ သူတို့နှစ်ယောက်လည်း အကောင်းဆုံးကြိုးစားကြမှာပါ”လို့ အိပ်မက်ဆုံရာ ရာသက်ပန်အစီအစဉ်မှာ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်နေတဲ့ တေးရေးမြင့်မိုးအောင်က ဆိုပါတယ်။ 
 
 Fianlist နှစ်ဦးဖြစ်ကြတဲ့ အောင်ထက် နဲ့ Jenevy တို့ရဲ့ယှဉ်ပြိုင်မှုကို ဇူလိုင် ၄ ရက် မှာ ရုပ်သံအစီအစဉ်က ကြည့်ရှုခွင့်ရမှာဖြစ်ပြီး ဇူလိုင် ၅ ရက်မှာတော့ Grand Final Result Show ကို ပြုလုပ်သွားမှာပါ။ Grand Final Result Show ကိုတော့ ပရိသတ်တွေ တိုက်ရိုက်ကြည့်ရှုနိုင်ဖို့ လက်မှတ်ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ရဲ့ အားလပ်ရက်မှာ ထုတ်လွှင့်ပြသမယ့် Finalist  နှစ်ယာက်ရဲ့ ပြိုင်ပွဲအဆင့်ဆင့် ယှဉ်ပြိုင်ခဲ့ပုံတွေ ကို ကြည့်ရှုခံစားရင်း နောက်ဆုံးအဆင့်ပြိုင်ပွဲအတွက် ရင်ခုန်ခံစားနိုင်မှာ ဖြစ်ပါတယ်။ 
 
Finalist နှစ်ယောက်ဖြစ်တဲ့ အောင်ထက် နဲ့ Jenevy နှစ်ယောက်စလုံးက ထူးခြားတဲ့စွမ်းရည် ကိုယ်စီပိုင်ဆိုင်ထားပြီး အပတ်စဉ်ပြုလုပ်ခဲ့တဲ့ Theme အမျိုးမျိုးမှာလည်း မတူကွဲပြားတဲ့ပုံစံတစ်ခုစီနဲ့ စွမ်းရည်ပြ ယှဉ်ပြိုင်ခဲ့ကြသူတွေပါ။ ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်ခဲ့ပုံအဆင့်ဆင့်ကို မကြည့်ဖြစ်ခဲ့သူတွေအတွက်တော့ ဒီတစ်ပတ်ရဲ့ အိပ်မက်ဆုံရာ ရာသက်ပန်အစီအစဉ်က စိတ်ဝင်စားစရာ ဖြစ်နေမှာပါ။ အစီအစဉ်တစ်လျှောက်လုံး ကြည့်ရှုအားပေးခဲ့သူတွေအတွက်လည်း ဒုတိယအကြိမ် ထပ်မံကြည့်ရှုခံစားရင်း ပြိုင်ပွဲဝင်နှစ်ယောက်ရဲ့ အားသာချက်အားနည်းချက်ကို ပြန်လည်တွေးတော သုံးသပ်နိုင်မှာပါ။ 
 
ပြိုင်ပွဲဝင်နှစ်ယောက်စလုံးက အပတ်စဉ်တိုင်းရဲ့ယှဉ်ပြိုင်မှုမှာ ပရိသတ်အားပေးမှု အများအပြား ရရှိထားကြပြီး သီချင်း တစ်ပုဒ်ချင်းစီတိုင်းကို ထူးခြားတဲ့ရသခံစားမှုအသွင် ဖြစ်အောင် ပြောင်းလဲနိုင်ခဲ့ကြသူတွေဆိုလည်း မမှားပါဘူး။ ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်ခဲ့ပုံ အဆင့်ဆင့်ကို ပြန်လည်ခံစားရာမှာ အောင်မြင်ခဲ့တဲ့ တေးသီချင်းတစ်ပုဒ်စီရဲ့ ပြောင်းလဲသွားတဲ့ခံစားမှုအရသာအသစ်ကိုပါ ပူးတွဲခံစားနိုင်မှာပါ။ ဒီလိုခံစားရင်းက ဖန်တီးမှုအနုပညာက ဘယ်လောက်အရေးပါလဲဆိုတာကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ 
သီချင်းကောင်းတစ်ပုဒ်ကို ပြန်လည်ဆန်းသစ်တဲ့အခါ တာဝန်ယူမှု၊ တာဝန်ကြီးမှုအပေါ် မျိုးဆက်သစ်ဝါသနာရှင်တွေ ဘယ်လိုကိုင်တွယ်ပြောင်းလဲခဲ့တယ်ဆိုတာကို မျက်မြင်ခံစားနိုင်မယ်လို့လည်းဆိုနိုင်ပါတယ်။ ဒီလိုခံစားရင်း လက်ရှိ နောက်ဆုံးအဆင့်ကို ဘာကြောင့်ရောက်ရှိနိုင်ခဲ့လဲဆိုတာရဲ့ အဖြေကိုပါ ရှာဖွေပြီးသားဖြစ်မှာပါ။ 
 
အိပ်မက်ဆုံရာ ရာသက်ပန်အစီအစဉ် ပရိသတ်တွေအတွက်တော့ ဒီတစ်ပတ်ရဲ့ အစီအစဉ်က လက်လွှတ်မခံသင့်တဲ့ အစီအစဉ်တစ်ခုပါပဲ။ အားလပ်ရက် ညနေခင်းတွေမှာ အိပ်မက်ဆုံရာ ရာသက်ပန်အစီအစဉ်ကို ကြည့်ရှုရင်း နှစ်သက်ရာ ပြိုင်ပွဲဝင်ကို အားပေးလိုက်ကြပါစို့။
 
အိပ်မက်ဆုံရာ ရာသက်ပန်အစီအစဉ်ရဲ့ Season 2 အတွက် ပြိုင်ပွဲဝင်တွေကိုလည်း ဇူလိုင်လအတွင်းမှာ တွေ့ဆုံရွေးချယ်သွားမှာပါ။ ဒီတစ်ခေါက်မှာလည်း ရန်ကုန်၊ မန္တလေး နဲ့ဘားအံမြို့ကြီးတွေမှာ လူတွေ့စစ်ဆေးရွေးချယ်မှုတွေ ပြုလုပ်သွားမှာပါ။ 
လူတွေ့စစ်ဆေး ရွေးချယ်မှုတွေ အဆင့်ဆင့်ပြုလုပ်ပြီးမှပဲ ဆန်ခါတင်ပြိုင်ပွဲဝင်တွေကို ရွေးချယ်သွားမှာပါ။ ဒါကြောင့် နောက်ထပ်အစီအစဉ်မှာ ဘယ်သူတွေက ဝင်ရောက်ယှဉ်ပြိုင်ကြမယ်ဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။ ဒီတော့ အိပ်မက်ဆုံရာ ရာသက်ပန်အစီအစဉ်ရဲ့  Season 1 က ရွက်ပုန်းသီးဂီတပညာရှင်တွေကို ဘယ်လောက်အထောက်အကူပြု မွေးထုတ်ပေးနိုင်ခဲ့တယ်ဆိုတာ ရုပ်သံအစီအစဉ်ကတစ်ဆင့် ကြည့်ရှုခံစားရင်း အပန်းဖြေနိုင်ကြပါစေလို့။ 
 
 

Most Read

Most Recent