ဖိလစ်ပိုင်နိုင်ငံ၏ အဆိုးရွားဆုံး စက်ရုံမီးလောင်မှုတွင် သေဆုံးခဲ့သူများ၏ မိသားစုဝင်များ လျော်ကြေး ဒေါ်လာ ၃,၃၆၀ ရရှိ

ဖိလစ်ပိုင်နိုင်ငံ၏ အဆိုးရွားဆုံး စက်ရုံမီးလောင်မှုတွင် သေဆုံးခဲ့သူများ၏ မိသားစုဝင်များ လျော်ကြေး ဒေါ်လာ ၃,၃၆၀ ရရှိ
Published 25 June 2015

ဖိလစ်ပိုင်နိုင်ငံ၏ အဆိုးရွားဆုံး စက်ရုံမီးလောင်မှုတွင် သေဆုံးခဲ့သည့် အလုပ်သမား ၅၇ ဦး၏ ကျန်ရှိသည့် မိသားစုဝင်များသည် ကုမ္ပဏီကို တရားစွဲဆိုမှုအား ရုပ်သိမ်းပြီး လျော်ကြေး ဒေါ်လာ ၃,၃၆၀ စီယူရန် သဘောတူခဲ့သည်ဟု ယင်းကုမ္ပဏီ ရှေ့နေရီနာတိုပါရိုင်ဆိုက ဇွန် ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ကျေအေးမှုတွင် Kentex စက်ရုံအပေါ် တရားစွဲဆိုပြီး နောက်ထပ်နစ်နာကြေး တောင်းဆိုမှုများကို  စွန့်လွှတ်ကြောင်း တရားဝင်စာတစ်ခုလည်း ပါဝင်သည်ဟု ပါရိုင်ဆိုက ပြောကြားခဲ့သည်။
မေ ၁၃ ရက်တွင် မနီလာမြို့ ဆင်ခြေဖုံးရှိ ရော်ဘာကွင်းထိုး ဖိနပ်များထုတ်လုပ်သည့် Kentex စက်ရုံမီးလောင်မှုတွင် အသက်ရှင်ကျန်သူ ၇၂ ဦးကလည်း နစ်နာကြေးတောင်း ဆိုထားသည်ဟု သိရသည်။
အလုပ်သမားဝန်ကြီး ရိုဆာလင်ဒါဘယ်ဒို့ဇ်က ကျေအေးမှုများသည် Kentex စက်ရုံအုပ်ချုပ်ရေးအဖွဲ့ကို ရာဇဝတ်မှုစွဲချက်ဖြင့် တရားစွဲဆိုမှု ကာကွယ်ပေးနိုင်မည် မဟုတ်ဟု ပြောကြားခဲ့သည်။
ယင်းစက်ရုံတွင် မီးလောင်မှုဖြစ်ပွားပါက အလိုအလျောက် ရေဖျန်းသတ်သည့် ပိုက်ခေါင်းများမရှိခြင်း၊ မီးလောင်ပါက အရေးပေါ်ထွက်ပေါက်များ အလုံအလောက် မရှိခြင်းနှင့် ပြတင်းပေါက်များတွင် သံတိုင်များ တပ်ဆင်ထားခြင်းစသည့် စွပ်စွဲချက်များ ထွက်ရှိခဲ့ပြီးနောက် တရားရေးဌာနသည် မီးလောင်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးခဲ့သည်။
စက်ရုံစီမံအုပ်ချုပ်သူသည် လူအများအပြား သေဆုံးစေခဲ့သည့် မဆင်မခြင်မှုှုနှင့် ကန်ထရိုက်စာချုပ်ဖြင့် ငှားရမ်းထားသော အလုပ်သမားများ အသုံးပြုမှုအတွက် အလုပ်သမားဥပဒေ ချိုးဖောက်မှု စသည့်စွဲချက်များဖြင့် ရင်ဆိုင်ရမည်ဟု သမ္မတဘီနစ်နိုအကွီနိုက ပြောကြားခဲ့ဖူးသည်။
Ref : AFP

Most Read

Most Recent