တရုတ်က ကန့်ကွက်နေသော်လည်း ဂျပန်နှင့် ဖိလစ်ပိုင်တို့ ကင်းလှည့်လေယာဉ်ပျံသန်းမှု ဒုတိယအကြိမ် ပြုလုပ်ခဲ့

တရုတ်က ကန့်ကွက်နေသော်လည်း ဂျပန်နှင့် ဖိလစ်ပိုင်တို့ ကင်းလှည့်လေယာဉ်ပျံသန်းမှု ဒုတိယအကြိမ် ပြုလုပ်ခဲ့
Published 25 June 2015

တရုတ်က သတိပေးနေသည့်ကြားမှ ဂျပန်နှင့်ဖိလစ်ပိုင ်ကင်းလှည့်လေယာဉ်များသည် တောင်တရုတ် ပင်လယ်ထဲရှိ အငြင်းပွားရေပိုင်နက် အနီးတွင် ဇွန် ၂၄ ရက်က နှစ်ရက်မြောက်နေ့အဖြစ် ပျံသန်းခဲ့ကြကြောင်း သိရသည်။
ဂျပန်မှ P – 3C Orion လေယာဉ်နှင့် ဖိ လစ်ပိုင်ရေတပ်မှ Islander လေယာဉ်တစ်စင်းတို့သည် ပါလာဝမ်ကျွန်း၏ အနောက်မြောက်ဘက် ရေမိုင် ၅၀ အကွာ၌ ကယ်ဆယ်ရှာဖွေရေးဆိုင်ရာ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြသည်ဟု အစိုးရအရာရှိများက ပြောကြားခဲ့သည်။
ထိုလေယာဉ်နှစ်စင်းသည် ဖိလစ်ပိုင်နှင့် တရုတ်နှစ်နိုင်ငံလုံးက ပိုင်ဆိုင်ကြောင်း ပြောကြားထားသော အရင်းအမြစ် ကြွယ်ဝသည့် Reed Bank သန္တာကျောက်တန်းကို ပူးတွဲဦးတည် ပျံသန်းခဲ့ကြကြောင်း သိရသည်။ သို့သော် လေယာဉ်များသည် ထိုနေရာအပေါ်မှ တိုက်ရိုက်ဖြတ်သန်း ပျံသန်းခဲ့ခြင်းရှိမရှိ အစိုးရအရာရှိများက ပြောကြားရန် ငြင်းဆန်ခဲ့သည်။
ဇွန် ၂၃ ရက်ကလည်း အလားတူ ပျံသန်းမှုတစ်ခု ပြုလုပ်ခဲ့သဖြင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုစစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်ခဲ့ပြီး ယင်းလုပ်ရပ်သည် ဒေသတွင်းတည်ငြိမ်မှုကို ထိပါးစေသည်ဟု ဆိုခဲ့သည်။
သို့သော် ဂျပန်ရေတပ်ကာကွယ်ရေး တပ်ဖွဲ့၏ အုပ်ချုပ်သူအရာရှိ ဟီရိုမီဟာမာနိုက ပူးပေါင်းစစ်ရေး လေ့ကျင့်မှုသည် အောင်မြင်မှုရခဲ့ကြောင်း ဇွန် ၂၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။ “HADR (လူသားချင်း စာနာထောက်ထားမှုနှင့် ဘေးဒုက္ခဆိုင်ရာ တန်ပြန်ဆောင်ရွက်ရေး) နှင့် SAR (ကယ်ဆယ်ရေးနှင့် ရှာဖွေရေး) တို့ဟာ ဖိလစ်ပိုင်ရေတပ်နဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးအတွက် အရေးကြီးတယ်လို့ ယူဆပါတယ်” ဟု ဟာမာနိုက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်သမ္မတ ဘီနစ်နိုအကွီနို၏ရုံးမှ ထုတ်ပြန်ချက်ထဲတွင်လည်း စစ်ရေးလေ့ကျင့်မှုကို ချီးကျူးထားသည်။ လေ့ကျင့်မှုအတွင်း ပင်လယ်ရေပြင်တွင် ပုံမှန်မဟုတ်သည့် မည်သည့်အရာကိုမျှ မတွေ့ခဲ့ကြောင်း၊ ဂျပန်၏ သူလျှိုလေယာဉ်မှ လေယာဉ်မှူးများက ဆိုခဲ့သည်ဟု ဟာမာနိုက ပြောကြားခဲ့သည်။
ယခုသီတင်းပတ်အတွင်း ပြုလုပ်နေသည့် ဖိလစ်ပိုင်နှင့် ဂျပန်တို့၏ ဒုတိယ အကြိမ်မြောက် ပူးတွဲစစ်ရေး လေ့ကျင့်မှု ကာလဝက်သို့ ရောက်ရှိနေပြီဖြစ်သည်။
Ref: AFP

Most Read

Most Recent