ရုရှားက နေတိုး၏ အရှေ့ဘက် စစ်မျက်နှာစာတွင် လက်နက်ကြီးများ ပထမဆုံးအကြိမ် တပ်ဖြန့်မည်

ရုရှားက နေတိုး၏ အရှေ့ဘက် စစ်မျက်နှာစာတွင် လက်နက်ကြီးများ ပထမဆုံးအကြိမ် တပ်ဖြန့်မည်
Published 25 June 2015

ဥရောပအရှေ့ပိုင်းနှင့် အလယ်ပိုင်းတွင် အမေရိကန်က လက်နက်ကြီးများ ပထမဆုံးအကြိမ် တပ်ဖြန့်ချထားမည် ဖြစ်ကြောင်း ဇွန် ၂၃ ရက်တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာက ပြောကြားခဲ့သည်။ ယူကရိန်း ပဋိပက္ခကြောင့် ရုရှားနှင့် အနောက်နိုင်ငံများကြား စစ်အေးခေတ်နောက်ပိုင်း အဆိုးရွားဆုံး ဆက်ဆံရေးတင်းမာမှု ဖြစ်ပွားနေချိန်တွင် အမေရိကန်က မဟာမိတ် နေတိုးအဖွဲ့ဝင်နိုင်ငံများ၌ လက်နက်ကြီးများ တပ်ဖြန့်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
တင့်ကားများ၊ ခြေလျင်တိုက်ပွဲသုံးယာဉ်များ၊ အမြောက်လက်နက်များကို အက်စတိုနီးယား၊ လစ်သူယေးနီးယား၊ လတ်ဗီးယား၊ ဘူဂေးရီးယား၊ ရိုမေးနီးယားနှင့် ပိုလန်တို့တွင် ချထားမည်ဖြစ်ကြောင်း၊ ယင်းနိုင်ငံများက တိုက်ပွဲဝင်အဆင့် လက်နက်ကိရိယာများ တပ်ဖြန့်ထားရန် သဘောတူကြောင်းနှင့် ယင်းကိရိယာများကို လေ့ကျင့်သင်ကြားရေးအတွက် ဒေသတွင်း၌ ရွှေ့ပြောင်းသွားမည် ဖြစ်ကြောင်း ကာတာက ဘော်လ်တစ် ကာကွယ်ရေး ဝန်ကြီးများနှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“အမေရိကန်ရဲ့ ဆောင်ရွက်ချက်က အမေရိကန်ဟာ ဒေသတွင်းမှာ ရုရှားခြိမ်းခြောက်မှုတွေကို တန်ပြန်နိုင်တဲ့ ကမ္ဘာ့စစ်အင်အားကြီး ဆိုတာကို ရုရှား၊ အမေရိကန် မဟာမိတ်တွေနဲ့ အခြားကမ္ဘာ့အင်အားကြီး နိုင်ငံတွေကို အချက်ပြလိုက်တာပဲ ဖြစ်ပါတယ်” ဟု ပိုလန်အပြည်ပြည်ဆိုင်ရာ လေ့လာရေးသိပ္ပံမှ မာဆင်တာလီကော့စကီးက ပြောကြားခဲ့သည်။
ယူကရိန်း ပဋိပက္ခ ဖြစ်ပွားနေချိန်တွင် ဥရောပအရှေ့ပိုင်း၌ အမေရိကန်၏ စစ်အင်အားကို တိုးမြှင့်သွားမည်ဟု နေတိုးက ဇွန် ၂၂ ရက်တွင် ကတိပေးခဲ့ပြီးနောက် အမေရိကန်၏ ကြေညာချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ယူကရိန်းသူပုန်များက အစိုးရတပ်ဖွဲ့ဝင်များသည် မကြာသေးခင်က တိုက်ခိုက်မှုများတွင် အရပ်သားသုံးဦးကို သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။
၁၅ လကြာခဲ့ပြီဖြစ်သော ယူကရိန်းခွဲ ထွက်ရေးစစ်ပွဲ အဆုံးသတ်ရန်အတွက် ပါရီ တွင် ဆွေးနွေးပွဲများ မကျင်းပမီ ယူကရိန်း၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ တစ်နှစ်ကျော် ကြာခဲ့ပြီဖြစ်သော ယူကရိန်း ပဋိပက္ခတွင် လူ ၆၅၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။
ပြင်သစ်၊ ဂျာမနီ၊ ရုရှားနှင့် ယူကရိန်းတို့မှ နိုင်ငံခြားရေး ဝန်ကြီးများက ပါရီတွင် တွေ့ဆုံဆွေးနွေးပြီး ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ချက်ချင်းအပစ်အခတ် ရပ်စဲရန် တောင်းဆိုချက် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ရှေ့တန်းစစ်မျက်နှာများမှ လက်နက်ကြီးများ ပြန်လည်ရုပ်သိမ်းရန်လည်း တောင်းဆိုခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ရုရှားက ယူကရိန်းထံမှ ခရိုင်းမီးယားကို သိမ်းယူခဲ့ပြီးနောက် နေတိုးက ပိုလန်နှင့် ဘော်လ်တစ်နိုင်ငံများတွင် စစ်အင်အား ရှိမှုကို အရှိန်မြှင့်နေသည်။ နေတိုး၏ အရှေ့ဘက် စစ်မျက်နှာစာတွင် လုံခြုံရေး တိုးမြှင့်ရန်အတွက် နေတိုးက မဟာမိတ်များနှင့် စစ်ရေးလေ့ကျင့်မှုများကို ဆက်တိုက် ဆောင်ရွက်နေသည်။
Ref : AFP

Most Read

Most Recent