ပရဟိတသမားများ အလိုရှိသည်

ပရဟိတသမားများ အလိုရှိသည်
Published 24 June 2015
ကိုထက်

ပရဟိတသမားလို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့မျက်စိထဲ မြင်ယောင်မိတာက အများအကျိုးအတွက် ဆောင်ရွက်သူ၊ အားနည်းသူတွေဘက်က ရပ်တည်ပေးတဲ့သူ၊ ဘေးအန္တရာယ် အသွယ်သွယ် အခက်အခဲတွေကြားမှာ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်သူတွေကို ပြေးမြင်မိမှာ ဖြစ်ပါတယ်။ ပရဟိတစိတ်ဆိုတာ လူတစ်ယောက်မှာ အနည်းနဲ့အများ ရှိကြတာ ဖြစ်ပါတယ်။ပရဟိတစိတ် ရှိတယ်ဆိုတာကို အများသိအောင် ကြီးကြီးကျယ်ကျယ် လုပ်ပြစရာ မလိုပါဘူး။ ကိုယ့်အရှေ့မှာ ကိုယ်နဲ့မသိတဲ့ မဆိုင်တဲ့ ကလေးတစ်ယောက် ချော်လဲရင် ပြေးထူပေးတယ် ဆိုတာကိုက ပရဟိတစိတ်ပါပဲ။ ဘတ်စ်ကားပေါ်မှာ သက်ကြီးရွယ်အိုတွေ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ကိုယ်ရတဲ့ ခုံနေရာကို ပေးတာကအစ ပရဟိတ စိတ်ပါပဲ။ ပရဟိတတရား ထွန်းကားတာဟာ နိုင်ငံအတွက်၊ ကမ္ဘာအတွက် ကောင်းမွန်တဲ့ လက္ခဏာ ဖြစ်ပါတယ်။ နောင်လာနောက်သား လူငယ်လူရွယ်တွေကို သူတစ်ပါးကို ကူညီတတ်တဲ့ ကိုယ်ချင်းစာတတ်တဲ့ ပရဟိတစိတ်ဓာတ်၊ ပူးပေါင်းဆောင်ရွက်တတ်တဲ့ စိတ်ဓာတ်တွေ ရှိလာအောင် ပြုစုပျိုးထောင်ဖို့ မိဘ၊ ဆရာ အားလုံးမှာ တာဝန်ရှိပါတယ်။ကမ္ဘာပေါ်မှာ ဖလော်ရင့်နိုက်တင်ဂေးလို၊ မာသာထရီစာလို ကမ္ဘာကျော် ပရဟိတသမားတွေ ပေါ်ပေါက်ခဲ့ပါတယ်။ လူသာသေသွားပေမယ့် သူတို့ရဲ့နာမည်ကို ယခုထက်ထိ ပြောနေကြတုန်းပါပဲ။                 ဒုက္ခရောက်နေတဲ့ လူတွေကို ကိုယ်ချင်းစာတရားနဲ့ တတ်နိုင်သမျှ ကူညီဆောင်ရွက်ဖို့အတွက် ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်၊ ငွေကြေးဥစ္စာတွေကို ပရဟိတ လုပ်ငန်းစဉ်ကြီး တစ်ခုလုံးမှာ နစ်မြှုပ်ထားတဲ့ ပရဟိတသမား တစ်ယောက်ရဲ့ နှလုံးသားကို ကျွန်တော်တို့ အမြဲတမ်း ဦးညွှတ်သင့်ပါတယ်။
ကရုဏာရှင် လူငယ်များအသင်း(မြောင်းမြ)မှ လပွတ္တာသုံးမိုင်မြို့သစ်တွင် နေထိုင်လျက်ရှိသည့် နာဂစ်ဒုက္ခသည်များ၏ ကလေးငယ်များအတွက် စာရေးကိရိယာများ လှူဒါန်းစဉ်
ခေတ်အဆက်ဆက် ကမ္ဘာပေါ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ၊ ရောဂါဆိုးတွေ၊ သဘာဝဘေးအန္တရာယ် အသွယ်သွယ်ကြောင့် လူသားတွေ သေကျေပျက်ဆီးခဲ့ရသလို ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကြောင့်ပဲ ပရဟိတသမားတွေ ထွက်ပေါ်လာပါတယ်။ လူသားတွေကို ဘောင်ထဲထည့်ပြီး ဖိနှိပ်ချုပ်ချယ်တဲ့ အာဏာရှင်စနစ် အငွေ့အသက် ရိုက်ခတ်တဲ့ နိုင်ငံတွေမှာ ပရဟိတသမားတွေဟာ စောင့်ကြည့်ခံရတဲ့လူတွေ ဖြစ်လို့လာပါတယ်။သူတို့ဘာလုပ်လဲ၊ ဘယ်ကိုသွားလဲ၊ ဘယ်သူတွေနဲ့ ဆက်သွယ်လဲ အသင်းအပင်းတွေ ဖွဲ့လာပြီဆိုရင်လည်း မတရားအသင်း ကြေညာခံရတာမျိုးတွေ ရှိလာပါတယ်။ စစ်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို ကယ်တင်ဖို့အတွက်၊ စားနပ်ရိက္ခာ ထောက်ပံ့ဖို့အတွက် ပရဟိတသမားတွေဟာ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းတွေကို ခံရပါတယ်။ ဒါပေမဲ့ ပရဟိတသမားတွေကတော့ ဒူးမထောက်၊ လက်မမြှောက်ခဲ့ပါဘူး။ လက်ရှိ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေကို သုံးသပ်ကြည့်ရင် ပရဟိတ လုပ်ငန်းစဉ်ကို အားပေးတဲ့ နိုင်ငံတွေရှိသလို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ နိုင်ငံတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ထွန်းကားလာတဲ့ ပရဟိတရပ်ဝန်းနဲ့အတူ ပရဟိတကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာတဲ့ အတ္တဟိတသမားတွေလည်း ရှိလာပါတယ်။ ဒါဟာ ပရဟိတကို အရောင်ဆိုးတာသာ ဖြစ်ပါတယ်။ ပရဟိတ လုပ်ငန်းကို နာမည်ကြီးဖို့၊ ငွေကြေးကြွယ်၀ ချမ်းသာဖို့ အခွင့်အရေးတွေ လိုချင်လို့ လုပ်တာဆိုရင်တော့ အစကတည်းက မလုပ်တာ ကောင်းပါတယ်။ တကယ်တော့ ပရဟိတလုပ်ငန်းမှာ အားနည်းသူတွေနဲ့ အမှန်တရားဘက်က ရပ်တည်ဖို့ဆိုတဲ့ အခြေခံ အကြောင်းတရား တစ်ခုသာ ရှိပါတယ်။ စည်းစိမ်ဥစ္စာ ငွေကြေးချမ်းသာ သြဇာအာဏာ ဘာတစ်ခုမှ မရှိပါဘူး။ ပရဟိတကို အရောင်ဆိုးတဲ့စိတ်နဲ့ လုပ်မယ်ဆိုရင်တော့ ဒုက္ခရောက်နေသူတွေကို ခုတုံးလုပ် အသုံးချတဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။ပရဟိတ လုပ်ငန်းစဉ်မှာ လူမှုရေးလုပ်ငန်းထဲမှာ ပါဝင်တဲ့ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းတွေကိုသာ ဆောင်ရွက်သင့်တယ်လို့ အုပ်ချုပ်သူတွေက ခေတ်အဆက်ဆက် ထင်မြင်ခဲ့ပေမယ့် တကယ်တော့ အများနဲ့ ပတ်သက်တာ မှန်သမျှ ပရဟိတ လုပ်ငန်းတွေသာ ဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာရေးမှ မဟုတ်ပါဘူး။ တခြားတခြားသော နိုင်ငံရေး၊ စီးပွားရေးတွေမှာလည်း ပရဟိတစိတ်ရှိဖို့ လိုအပ်ပါတယ်။  မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးသမိုင်းတစ်လျှောက်မှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံတစ်ဝန်းက BIA ရဲဘော်တွေဟာ ပရဟိတစိတ်နဲ့  နိုင်ငံလွတ်လပ်ရေးရဖို့ တစ်ခုတည်းအတွက် အသက်ကို ပဓာနမထားဘဲ စစ်ထဲဝင်လာကြတဲ့ လူငယ်တွေသာ ဖြစ်ပါတယ်။ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကအစ သူ့လခ ဘယ်လောက်ရလဲ ဆိုတာကို မသိဘူးလို့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းထဲမှာ မှတ်သားဖူးပါတယ်။တကယ်တော့ နိုင်ငံရေးဆိုတာဟာ အများအကျိုးအတွက် ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ပရဟိတစိတ်ကို အခြေခံမှသာ လုပ်လို့ရတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှာ နေရာရဖို့၊ မိသားစု၊ ဆွေမျိုး အသိုင်းအဝိုင်း ကောင်းစားဖို့သာ တွေးတဲ့သူတွေ နေရာရနေသရွေ့ကတော့ ပြည်သူတွေ ဘဝဟာ အဆင်မပြေမှု သံသရာလည်နေဦးမှာ ဖြစ်ပါတယ်။ အဆင်မပြေမှု သံသရာလည်နေသူတွေ များသထက် များလာသရွေ့ ပရဟိတစိတ်တွေ လျော့ပါးလို့လာတာကို တွေ့ရပါတယ်။ စားဝတ်နေရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရုန်းကန်လှုပ်ရှားရင်း ကိုယ့်အရှေ့မှာ တစ်စုံတစ်ယောက် ဒုက္ခရောက်နေရင်တောင် လျစ်လျူရှုတတ်လာတာကို တွေ့ရပါတယ်။နိုင်ငံတစ်နိုင်ငံမှာ ပြည်သူတွေအကြား ပရဟိတစိတ်တွေ တိုးမြင့်လာအောင် ပြည်သူကို ဗဟိုပြုတဲ့ အစိုးရကောင်းတစ်ရပ်ရှိဖို့ လိုပါတယ်။ ပြည်သူကလက်ခံတဲ့ အစိုးရကောင်းတစ်ရပ် ဖြစ်ဖို့အတွက် နိုင်ငံရေးသမားတွေဟာ ပရဟိတစိတ်ကို အခြေခံရမှာ ဖြစ်ပါတယ်။ ပရဟိတစိတ် ရှိသူမှသာ ကိုယ်ချင်းစာတရားနဲ့ နိုင်ငံကို ဦးဆောင်နိုင်မှာဖြစ်ပြီး ပြည်သူ့ဘဝကို မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိနဲ့ အနာဂတ်မှာ ပရဟိတသမားတွေ များလာလေလေ တိုင်းပြည်အကျိုးရှိလေ ဖြစ်တဲ့အတွက် ပြည်သူက အားကိုးရတဲ့ ပရဟိတ နိုင်ငံရေးသမားတွေလည်း များပြားလာဖို့ကို မျှော်လင့်လျက်။