ခပ်ကျပ်ကျပ် ဂျင်းဘောင်းဘီ ဝတ်ဆင်ခြင်းက ကျန်းမာရေး အန္တရာယ် ရှိနိုင်

ခပ်ကျပ်ကျပ် ဂျင်းဘောင်းဘီ ဝတ်ဆင်ခြင်းက ကျန်းမာရေး အန္တရာယ် ရှိနိုင်
Published 24 June 2015

သြစတြေးလျ အမျိုးသမီးတစ်ဦးသည် အလွန်ကျပ်သော ဂျင်းဘောင်းဘီကို နာရီအတန်ကြာ ဝတ်ဆင်ပြီးနောက် ပန်းခြံအတွင်း လဲကျခဲ့သည့် ဖြစ်ရပ်ကြောင့် ခပ်ကျပ်ကျပ် ဂျင်းအဝတ်အထည်များ ဝတ်ဆင်နေထိုင်ခြင်းက ကျန်းမာရေးအန္တရာယ် ရှိနိုင်ကြောင်း သြစတြေးလျ ဆရာဝန်များက ဇွန် ၂၂ ရက်တွင် သတိပေးခဲ့သည်။ဆွေမျိုးတစ်ဦးကို နေအိမ်ပြောင်းရွှေ့ရာတွင် ကူညီခဲ့သော အသက် ၃၅ နှစ်အရွယ် ယင်းအမျိုးသမီးသည် ခပ်ကျပ်ကျပ် ဂျင်းဘောင်းဘီနှင့် နာရီအတန်ကြာ ဆောင့်ကြောင့်ထိုင်ခဲ့ရသည်။ ထို့နောက် အိမ်သို့လမ်း လျှောက်ပြန်လာစဉ် ပန်းခြံအတွင်း၌ လဲကျသွားခဲ့ပြီး ဆေးရုံတက်ခဲ့ရသည်။ ယင်းထူးခြားသော ဖြစ်ရပ်ကို ဗြိတိန်ကျန်းမာရေးဂျာနယ် Journal of Neurology, Neurosurgery and Psychiatry တွင် ဖော်ပြခဲ့သည်။ယင်းအမျိုးသမီးသည် ခြေထောက်ထုံကျင်မှုကို ခံစားခဲ့ရပြီး လဲကျခဲ့ပြီးနောက် ပြန်မထနိုင်တော့ဘဲ မြေကြီးပေါ်တွင် အတန်ကြာ လဲလျောင်းနေခဲ့ရကြောင်း၊ ခြေထောက်များ ရောင်ရမ်းနေသောကြောင့် ဂျင်းဘောင်းဘီကို ဖြတ်ထုတ်ဖယ်ရှားခဲ့ရကြောင်း၊ နောက်လေးရက်ကြာမှသာ ပုံမှန် လမ်းပြန်လျှောက်နိုင်ခဲ့ကြောင်း ဂျာနယ်တွင် ဖော်ပြခဲ့သည်။ ဂျင်းဘောင်းဘီကျပ်ခြင်းနှင့် ဆောင့်ကြောင့်ထိုင်ခြင်းတို့ ပေါင်းစုသွားခဲ့ပြီးနောက် ခြေထောက်ကြွက်သားများသို့ သွေးပို့လွှတ်မှု လျော့ကျစေခဲ့ကြောင်း သြစတြေးလျတောင်ပိုင်းရှိ Adelaide ဆေးရုံမှ ဆရာဝန်များက ပြောကြားခဲ့သည်။Ref:AFP 

Most Read

Most Recent