တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမှုမရှိဘဲ ပုဒ်မ ၄၃၆ (က)၊ (ခ) များကို မည်သည့်အခါမျှ ပြင်ဆင်နိုင်မည်မဟုတ်ကြောင်းနှင့် မဖြစ်မနေပြင်ဆင်ရန်အတွက် ထည့်သွင်းစဉ်းစားရမည့် အခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဆွေးနွေး

တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမှုမရှိဘဲ ပုဒ်မ ၄၃၆ (က)၊ (ခ) များကို မည်သည့်အခါမျှ ပြင်ဆင်နိုင်မည်မဟုတ်ကြောင်းနှင့် မဖြစ်မနေပြင်ဆင်ရန်အတွက် ထည့်သွင်းစဉ်းစားရမည့် အခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဆွေးနွေး
Published 24 June 2015

တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမှုမရှိဘဲ ပုဒ်မ ၄၃၆ (က)၊ (ခ) များကို မည်သည့်အခါမျှ ပြင်ဆင်နိုင်မည် မဟုတ်ကြောင်းနှင့် မဖြစ်မနေ ပြင်ဆင်ရန်အတွက် ထည့်သွင်းစဉ်းစားရမည့်အခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ်က ဇွန် ၂၃ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဆွေးနွေးသည်။
 
 ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါရှိနေပါတယ်။ အဲဒီလိုရှိနေတဲ့အတွက် ပုဒ်မ ၄၃၆ (က) သော်လည်းကောင်း၊ (ခ) သော်လည်းကောင်း ပြင်ဆင်မယ်ဆိုရင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုမပြုဘဲ ဘယ်သောအခါမျှ ပြင်ဆင်နိုင်မယ့်အခြေအနေမရှိဘူးဆိုတာ တွေ့ရှိရပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် တပ်မတော်က ပြင်ဆင်ဖို့ သဘောတူတဲ့ ဥပဒေတွေကိုသာ ပြင်ဆင်ခွင့်ရရှိမှာဖြစ်တာကိုလည်း လေ့လာတွေ့ရှိရပါတယ်”ဟု ဆွေးနွေးသည်။
 
လက်ရှိတွင် လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း တက်ရောက်နေခြင်းမှာ လိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်း၊ မဖြစ်မနေ တက်ရောက်ရန် လိုအပ်သည်ကို လက်ခံကြောင်း ဆွေးနွေးသည်။
 
ဦးတင်မောင်ဦးက “ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုး၊ တိုင်းရင်းသားများအကျိုး၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ တပ်မတော်သားတွေအကျိုးအတွက် မဖြစ်မနေပြင်ဆင်ဖို့ လိုအပ်ချက်ရှိလာပါက ပြင်ဆင်နိုင်တဲ့အခြေအနေ၊ ပြင်ဆင်နိုင်မယ့် အခွင့်အရေးရဖို့လည်း ထည့်သွင်းစဉ်းစား သုံးသပ်ရမယ့် အခြေအနေ အချိန်အခါကို ရောက်ရှိနေပြီ ဖြစ်ပါတယ်”ဟု ဆွေးနွေးသည်။
 
ထို့ပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆိုသည့်အချက်မှာ အလွန်ခက်ခဲသည့် အချက်ဖြစ်ကြောင်း၊ ထိုအချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ပတ်သက်ပြီး ကြီးမားသည့် အတားအဆီးဖြစ်နေကြောင်း၊ ထို့အတွက် လက်တွေ့တွင် လက်တွေ့ဘဝနှင့် ညီညွတ်မျှတမှုရှိမည့် ဆန္ဒမဲပေးသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြင်ဆင်ရန်လိုအပ်မည်ဖြစ်ကြောင်း ဦးတင်မောင်ဦးက ဆွေးနွေးသည်။
 
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပကာ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲရရှိပါက ပုဒ်မ ၄၃၆ (က) ပါ ဥပဒေပေါင်း ၉၄ ခုကို ပြင်ဆင်ခွင့်ရရှိမည်ဖြစ်ကြောင်း၊၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသုံးပြုသည်မှာ ကာလတစ်ခု ကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက် အခြေအနေအချိန်အခါအရ ပြင်ဆင်သင့်သည်များကို ပြင်ဆင်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း ဆွေးနွေးသည်။
 
သူရဦးအေးမြင့်က“ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ မှ ပုဒ်မ ၄၃၆ (က) နဲ့ပတ်သက်ပြီး လတ်တလော ပြင်ဆင်ပေးသင့်တဲ့ ပြဋ္ဌာန်းချက်တွေကို တင်ပြထားပြီးဖြစ်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီ ၃၁ ဦးပါ ကော်မတီရဲ့ တင်ပြတဲ့ ပုဒ်မအားလုံး မပါဝင်နိုင်သေးပါဘူး။ ဒါပေမဲ့လည်း အခြေအနေအချိန်အခါ ပေးအပ်လာပါက ဆက်လက်သုံးသပ်ဆွေးနွေးကြရမှာ ဖြစ်ပါတယ်”ဟု ဆွေးနွေးသည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၅၉ (ဃ) တွင် နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး စသည့် အမြင်များ ရှိရမည်။ ၅၉ (စ) အား မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ပြင်ဆင်ချက်အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်များက ယင်းပြင်ဆင်ချက်အတိုင်း ထားရှိရန် ဆွေးနွေးခဲ့ကြသည်။
 
ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေရှိ ပုဒ်မများအား ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ရာခိုင်နှုန်း ၇၀ အောက် မလျော့သော လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပကာ ဆန္ဒမဲပေးသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြင်ဆင်ရန် ဆွေးနွေးခဲ့ကြသည်။

Most Read

Most Recent