တောင်တရုတ်ပင်လယ် အငြင်းပွားမှုပြင်းထန်နေစဉ် ဖိလစ်ပိုင်က အမေရိကန်၊ ဂျပန်တို့နှင့် ရေတပ်စစ်ရေးလေ့ကျင့်

တောင်တရုတ်ပင်လယ် အငြင်းပွားမှုပြင်းထန်နေစဉ် ဖိလစ်ပိုင်က အမေရိကန်၊ ဂျပန်တို့နှင့် ရေတပ်စစ်ရေးလေ့ကျင့်
Published 23 June 2015
Ref: AFP

တောင်တရုတ်ပင်လယ်ရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသော ရေပိုင်နက်တွင် တရုတ်၏ ကျွန်းတုတည်ဆောက်မှုကို စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ဖိလစ်ပိုင်က ဇွန် ၂၂ ရက်၌ နေရာခွဲ၍ အမေရိကန်၊ ဂျပန်တို့နှင့် ရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဖိလစ်ပိုင်သည် ၎င်း၏ ကာလရှည် မဟာမိတ် အမေရိကန်နှင့် ၁၉၉၅ ခုနှစ် နောက်ပိုင်းကတည်းက ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ်အတွင်း ရန်ဘက်ဖြစ်သော ဂျပန်နှင့်မူ ယခုနှစ်အစောပိုင်း၌ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ပြီးနောက် ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်။
 
ယခု သီတင်းပတ်အတွင်း အမေရိကန် နှင့်အတူ ပြုလုပ်သော  Cooperation Aflot Readiness and Training (CARAT) တွင် အမေရိကန်က တောင်တရုတ်ပင်လယ်၌ စောင့်ကြည့်ထောက်လှမ်းရေးအတွက် အသုံးပြုသည့် P-3 Orion  လေယာဉ်တစ်စင်းလည်း ပါဝင်မည်ဖြစ်သည်။ 
 
ဖိလစ်ပိုင်အနောက်တောင်ပိုင်း ပါလာဝမ်ကျွန်းစုရှိ ပွာတိုပရင့်ဆာမြို့တွင် ပြုလုပ်ခဲ့သော ယင်းစစ်ရေးလေ့ကျင့်မှု၌ အမေရိကန်တိုက်ခိုက်ရေးသင်္ဘော USS Fort Worth ကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသမည်ဖြစ်ပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်္ဘော USNS Safeguard လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ယခုသီတင်းပတ်အတွင်း စစ်ရေးလေ့ကျင့်မှုများကို ပါလာဝမ်ကျွန်းစုနှင့် ဆူလုပင်လယ်တို့တွင် ပြုလုပ်မည်ဖြစ်သည်။ 
 
အရှေ့တရုတ်ပင်လယ်တွင် တရုတ်နှင့် ရေပိုင်နက်အငြင်းပွားမှု ပြဿနာဖြစ်နေသော ဂျပန်က ဖိလစ်ပိုင်နှင့် သုံးရက်ကြာ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မည်ဖြစ်ပြီး ဂျပန်၏ P-3C ကင်းလှည့်လေယာဉ်တစ်စင်းလည်း ပါဝင်မည်ဖြစ်သည်။ ဖိလစ်ပိုင်ရေတပ် လေယာဉ်တစ်စင်းလည်း ပါဝင်မည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဝေဟင်နှင့်  ဖိလစ်ပိုင် ရေပိုင်နက်အပြင်ဘက်တို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်ရေတပ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
 
တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုပြဿနာတွင် ပါဝင်မည်မဟုတ်ဟု အမေရိကန်က ကြေညာထားသည်။ သို့သော် တရုတ်က အိမ်နီးချင်းများနှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသော သန္တာကျောက်တန်းများနှင့် သဲသောင်ခုံများပေါ်တွင် လေယာဉ်ပြေးလမ်းများအပါအဝင် ကျွန်းတုများ တည်ဆောက်ခြင်းများအတွက် အမေရိကန်က မကြာသေးမီက ဝေဖန်မှုများ ဆက်တိုက်ပြု လုပ်ခဲ့သည်။ တရုတ်၏ လုပ်ရပ်များသည် ရေကြောင်းလွတ်လပ်စွာ သွားလာခွင့်ကို ခြိမ်းခြောက်မှုတစ်ခုဟု အမေရိကန်က ဝေဖန်ခဲ့သည်။ အငြင်းပွား စပရက်တလီကျွန်းစုတွင် မြေယာဖော်သည့်လုပ်ငန်းများ မကြာမီပြီးတော့မည်ဟု တရုတ်က ပြီးခဲ့သောသီတင်းပတ်တွင် ကြေညာခဲ့ပြီး အဆောက်အအုံများ ထပ်မံဆောက်လုပ်မည်ဟုလည်း ထုတ်ပြန်ခဲ့သည်။                                            
 
 

Most Read

Most Recent