မိဘနှင့် သားသမီးဆက်ဆံရေး

မိဘနှင့် သားသမီးဆက်ဆံရေး
Published 23 June 2015
စိုးခိုင်ညိန်း

ယခုနှစ် ဆယ်တန်းအောင်စာရင်း ထွက်သောနေ့တွင် အသိတစ်ယောက်ရဲ့အိမ်သို့ ရောက်သွားသည်။ သူတို့တွင် ဆယ်တန်းဖြေထားသော သားတစ်ယောက်ရှိ၍ အောင်မ အောင် မေးမိသည်။ သူတို့သား ဂုဏ်ထူးနှစ်ဘာသာနဲ့ အောင်မြင်ပေမယ့် မပျော်ဘူးဟု ဆို၍ အံ့သြသွားပါသည်။ အကြောင်းက သူတို့က သူတို့သားကို ဂုဏ်ထူးငါးခုလောက် မှန်ထားလို့ပါတဲ့။ မှန်ထားသလို ဖြစ်မလာ၍ အတော်စိတ်ဓာတ် ကျသွားသည်ဟု ဆိုပါသည်။ ပုံစံက ဂုဏ်ထူးနှစ်ဘာသာနဲ့ အောင်တဲ့ သူတို့သားကို အတော်စိတ်ပျက်နေတဲ့ ပုံစံပါပဲ။ ဒါက မိဘက သားသမီးကို ဖြစ်စေချင်တဲ့ ဆန္ဒမှန်ပေမယ့် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အခါ နားလည်မှုတော့ ရှိရပေမည်။ လောကမှာ ကိုယ်ဖြစ်စေချင်တိုင်း မဖြစ်လာတာတွေက အများကြီးရှိနိုင်တာကို နားလည်ထားရပေမည်။
ယခုနှစ် ဆယ်တန်းအောင်စာရင်းထွက်ပြီး စာမေးပွဲကျလို့ အိမ်ကနေထွက်သွားလို့ လူပျောက်ကြော်ငြာတဲ့ သတင်းတွေ အတော်များများကို အွန်လိုင်းစာမျက်နှာမှာ တွေ့နေရသည်။ တစ်ဆက်တည်းမှာပဲ တရုတ်နိုင်ငံမှာ အသက်ငါးနှစ်မှ ၁၃ နှစ်ကြားရှိ မောင်နှမလေးဦး မိမိကိုယ်ကိုယ် အဆုံးစီရင်တဲ့ သတင်းဖတ်ရပြန်သည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် မိဘများ၏ ပစ်ထားခြင်းကို ခံထားရသော အသက်ငါးနှစ်မှ ၁၃ နှစ်ကြား အရွယ်ရှိသည့် မွေးချင်းမောင်နှမလေး ယောက်သည် ပိုးသတ်ဆေးများသောက်၍ အဆုံးစီရင်သွားသည်ဟု ဆိုသည်။
ကလေးများ၏ ဖခင်ရိုက်နှက်မှုကြောင့် မိခင်မှာ အိမ်ပေါ်မှဆင်းသွားပြီး ဖခင်မှာလည်း အလုပ်လုပ်ရန်  ခြားနေရာသို့ ထွက်သွားသည်ဟု ဆို ပါသည်။ ကလေးများသည် နှစ်အတော်များများ ဆိုးရွားသည့် အိမ်တွင်းအကြမ်းဖက်မှုများကို ခံစားခဲ့ရပြီး အကြီးဆုံးယောကျ်ားလေးသည် ယခင်ကလည်း မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့ဖူးသည်ဟု ဆိုပါသည်။
ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီလိုမျိုးအဖြစ်အပျက်တွေ မကြာခဏ တွေ့ဖူးကြားဖူးပါသည်။ အဖြစ်အပျက်တစ်ခု ဖတ်ဖူးသည်။ အရမ်းချမ်းသာသော မိသားစုတစ်စု၊ သူတို့မှာ တစ်ဦးတည်းသော သားတစ်ယောက် ရှိသည်။ ထိုတစ်ဦးတည်းသောသားကို အတန်းတိုင်း၌ အဆင့်တစ် ရစေချင်သည်။
ထိုအချိန်မှစ၍ သူတို့သားကို ကျူရှင်မသွားခိုင်းတော့ဘဲ ကျူရှင်ဆရာကို အိမ်မှာပဲ ခေါ်သင်သည်။ ဘာသာအရေအတွက်ထက်ပင် ဆရာအရေအတွက်က ပိုများနေသေးသည်။ ထိုအချိန်မှစ၍ ကျောင်းသား၏ ဘဝသည် ထွက်ခါနီးရထားနောက်ကို အပြေးလိုက်နေရသလို အိမ်နှင့်ကျောင်းကို မောကြီးပန်းကြီး ကူးနေရတော့သည်။ အပြင်ထွက်ဖို့၊ ကစားဖို့ အချိန်ဆိုတာ မရှိတော့။ သို့သော် သူတို့ထင်သလို သူတို့သားက အဆင့်တစ် မရပြန်ပါ။ သို့ဖြင့် ဖခင်ဖြစ်သူက နောက်တစ်ဆင့်မြှင့်ပြီး အတင်းအကျပ် မောင်းပြန်သည်။ အခန်းတစ်ခန်းထည့်ပြီး အခန်းပိတ် စာကြည့်စေပြီး လုံခြုံရေးကင်မရာဖြင့် လူနှစ်ယောက်ကို စောင့်ကြည့်စေသည်။
သို့သော် ကျောင်းသား၏စိတ်တွင် ကြောက်စိတ်လွှမ်းမိုး၍ ဖိအားများ ဝင်သွားတော့သည်။ အခန်းထဲမှာ မလွတ်မလပ် မလုပ်ချင် လုပ်ချင် လုပ်နေရတော့သည်။ လုပ်သမျှ စာအုပ်တွေသည် ကျောင်းသားရဲ့ ခေါင်းထဲမရောက်တော့။ ကျောင်းသားသည် ထိုအခန်းကို ကြောက်စိတ်များဖြင့် ထောင်သွင်းအကျဉ်းချ၊ တိုက်ပိတ်ခံထားရသလို ထင်သွားသည်။
လူတစ်ယောက်၏ ကိုယ်စွမ်းကိုယ်စ အသိဉာဏ်ပညာသည် အတိုင်းအတာတစ်ခုအထိ ရှိတာမှန်သော်လည်း ထိုအတိုင်းအတာထက် ပိုလွန်းပြီး အတင်းအကျပ်ထိုးသွင်း၍ မရနိုင်၊ ထိုလူတစ်ယောက်၏ ခေါင်းနှင့်ဆံ့သလောက်ပဲ ရိုက်သွင်းလို့ ရနိုင်ပေလိမ့်မည်။ ထို့ထက်ပို၍ ရိုက်ထည့်ပါက ပေါက်ထွက်ဖို့ပဲ ရှိလေလိမ့်မည်။
မိဘတိုင်းသည် သားသမီးကို တော်စေချင်၊ တတ်စေချင်၊ ဖြစ်စေချင်သော စိတ်ကြောင့် အတင်းအကြပ် မောင်းတဲ့အခါ ကိုယ့်ကလေးက ကိုယ်ဖြစ်စေချင်သလို လိုက်နိုင် မလိုက်နိုင် ဆိုတာကိုလည်း ထည့်တွက်သင့်ပေသည်။ ကလေးက မလိုက်နိုင်၍ ကိုယ်ဖြစ်စေချင်သလို ဖြစ်မလာတော့တဲ့အခါ မိဘများက ဒဏ်ပေးနှိပ်စက်ခြင်းသည် ကိုယ့်ကလေးကို ချစ်ပုံချစ်နည်း မှားယွင်းသည်ဟု ဆိုနိုင်သည်။ မိဘတိုင်းသည် သားသမီးတိုင်းကို ချစ်သည်ဆိုတာ အကြွင်းမရှိ ယုံပါသည်။ သို့သော် တချို့မိဘသည် မိမိသားသမီးကို ပြင်းပြင်းထန်ထန် ရိုက်နှက်ဆုံးမတာ မကြာခဏ တွေ့ဖူးသည်။ တချို့ဆုံးမမှုသည် လိုအပ်တာထက် ပိုလွန်းသည်ဟု ထင်သည်။
သားသမီးက မိဘကို ချစ်ကြောက်ရိုသေ မြတ်နိုးပြီး နာခံတာ သဘာဝကျပေမယ့် အကြောက်တရား သက်သက်ဖြင့် ကြောက်ရွံ့နာခံနေတာကတော့ မကောင်းဘူးဟု ထင်ပါသည်။ သားသမီးသည် အကြောက်တရားဖြင့် စိတ်မှာဒဏ်ရာ ရသွားနိုင်သည်။ ထိုကဲ့သို့သောနည်းဖြင့် မိသားစု၏ မိဘသားသမီး ဆက်ဆံရေးသည် ပျော်ရွှင်ချမ်းမြေ့သော မိသားစု မဖြစ်နိုင်ပေ။ မိဘက သားသမီးကို မှန်ကန်သော ချစ်ခြင်း၊ မှန်ကန်သော ဆက်ဆံရေးများဖြင့် ပျော်ရွှင်ချမ်းမြေ့သော မိသားစုများ တည်ထောင်နိုင်ပါစေဟု ဆန္ဒပြုလိုက်ရပေသည်။