စိတ်ချလက်ချ အိပ်စက်ပျော်နိုင်ပါစေလေ

စိတ်ချလက်ချ အိပ်စက်ပျော်နိုင်ပါစေလေ
Published 22 June 2015
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

အသက်၊ အနာ၊ ချိန်အခါ၊ စွန့်ရာ၊ လားဂတိ။
နိမိတ်အပြား၊ ဤငါးပါး၊ အများ လူမသိ။
ဘဝဆိုတာ ဘာများရေရာတာ ရှိလို့လဲ၊ ဘာမှရေရာတာ မရှိပါ။ ဘာများသေချာတာရှိလို့လဲ၊ ဘာမှသေချာတာ မရှိပါ။ တကယ်တော့ ဘဝဆိုတာ မရေရာခြင်းနဲ့ မသေချာခြင်းဆိုတဲ့ ဒေါက်တိုင်နှစ်ခုအပေါ်မှာ တည်ဆောက်ထားတာပါ။ နေရေးက ရေရာသေချာမှုမရှိသလို သေရေးကလည်း ဘာမှ မရေရာ မသေချာပါ။ သို့ဖြစ်ပါလျက် ပုထုဇဉ်လူပြိန်းတွေ ဘဝစည်းစိမ်ဥစ္စာ အာဏာတွေအပေါ်မှာ အသေအလဲဖက်တွယ် နေကြတာဟာ တော်တော်တော့ သနားစရာ ကောင်းတာပါ။
သတင်းစာတွေ ဖတ်လိုက်။ နေ့စဉ်သေနေကြတဲ့လူတွေ မနည်းပါ။ သေမင်းတမန်လမ်းရယ်လို့ သမုတ်ခံနေရတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာလည်း တစ်ပတ်တစ်ကြိမ်ဆိုသလို ယာဉ်တွေမှောက် လူတွေသေကျေ နေကြတာကို အမြဲလိုလို ကြားသိနေရပါတယ်။ အဲဒီလူတွေဟာ အဲဒီလိုမသေခင် နာရီပိုင်းအထိ သူတို့ကိုယ်သူတို့ သေလူဆိုတာ မသိရှာကြပါ။ ကမ္ဘာနဲ့ အဝန်းမှာလည်း အကြောင်းအမျိုးမျိုးကြောင့် နေ့စဉ်သေနေကြရတဲ့လူတွေ သောက်သောက်လဲပါပဲ။
လူတွေမသိနိုင်တဲ့အချက် ငါးပါးရှိတယ်လို့ စာက ဆိုပါတယ်။ ဇီဝိတ- ဘယ်အသက် ဘယ်အရွယ်မှာ သေမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါ။ ဗျာဓိ- ဘယ်အနာ ဘယ်ရောဂါနဲ့ သေမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါ။ ကာလ- ဘယ်နေ့ဘယ်အချိန်မှာ သေမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါ။ ဒေဟနိက္ခေပန- ဘယ်အရပ် ဘယ်ဒေသမှာ သေပြီး မိမိခန္ဓာကိုယ် အလောင်းကောင် ဘယ်သုသာန်မှာ စွန့်ရမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါ။ ဂတိ-သေပြီးနောက် ဘယ်ဝယ် ဘယ်ဆီရောက်ရမယ်ဆိုတာ ဘယ်သူမှမသိနိုင်ပါ။ သဿတဒိဋ္ဌိ အားကြီးစွာနဲ့ လူတွေ ဖက်တွယ်ခင်တွယ် ထားတဲ့ဘဝမှာ ရေရာသေချာတာ တစ်ခုပြပါဆိုရင် အဲဒါကတော့ မုချသေရမှာပါ။ ဒါပေမဲ့ အဲဒီရေရာ သေချာပါတယ်ဆိုတဲ့ သေခြင်းတရားဟာလည်း မရေရာ မသေချာမှု ငါးမျိုးနဲ့ ဆက်စပ်နေပါတယ်။
အာဠဝီပြည်မှာ ဘုရားရှင်ရဲ့ တရားပွဲကျင်းပတော့ တရားမဏ္ဍပ်အစွန်မှာ ရက်ကန်းသည်မလေးတစ်ယောက် ရက်ဖောက်တောင်းလေးချပြီး တရားနာယူနေတယ်။ ဘုရားက ထိုကလေးမလေးကို နှုတ်ဆက်ပြီး
“သမီး ... ဘယ်ကလာတာလဲ” လို့ မေးတော့ “မသိပါဘုရား” တဲ့။
“ဘယ်ကို သွားမှာလဲ” မေးတော့လည်း “မသိပါဘုရား” တဲ့။
“မသိဘူးလား” မေးတော့ “သိပါတယ် ဘုရား” တဲ့။ “သိသလား” မေးတော့ “မသိပါဘုရား” တဲ့။
ရက်ကန်းသည်မလေးရဲ့ အဖြေဟာ ဘဝရဲ့ သရုပ်မှန်ပါပဲ။ မိမိတို့ အဘိုးအဘွားတွေ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ဆီက လွတ်လပ်ရေးအိပ်မက် မက်ခဲ့ကြတယ်။ အိပ်မက်တွေ အကောင်အထည် ပေါ်ခဲ့ကြတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းပြည်ကို ဘယ်လိုဘယ်ပုံ ထူထောင်ကြမယ်၊ တည်ဆောက်ကြမယ်ဆိုပြီး အိပ်မက်လှလှတွေ မက်ခဲ့ကြပေမယ့် ထိုအိပ်မက်တွေဟာ ယခုတိုင် မရေရာခြင်းနဲ့ မသေချာခြင်းဆိုတဲ့ ရေစုန်မှာ မျောလို့ကောင်းဆဲ။ ယခုထက်တိုင် အိပ်မက်ဆိုးက နိုးမထနိုင်ကြသေးပါဘူး။ အိမ်နီးချင်း အာဆီယံနိုင်ငံတွေကတော့ နှစ်ပေါင်းငါးဆယ်စာလောက် မိမိတို့ရှေ့ကို ရောက်သွားပါပြီ။ မိမိတို့ တိုင်းပြည်ကတော့ စလုံးရေစကနေ ပြန်ပြန်စနေရတာနဲ့ ရှေ့ကိုမရောက်နိုင်တော့ပါဘူး။ အခုလည်း ဒီမိုကရေစီဆိုတာက စလုံးရေစအဆင့်ကနေ မတက်သေးပါဘူး။
တချို့က စနေပြီဆိုတဲ့ အပေါ်မှာတောင် သံသယရှိကြပါတယ်။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ ကျော်တစ်လျှောက် မရေရာခြင်းက ပေးတဲ့ ဒုက္ခတွေ၊ မသေချာခြင်းက ပေးတဲ့ဒုက္ခတွေကို ပြည်သူတွေဟာ ရင်နဲ့အမျှ ခံစားခဲ့ကြရတယ်။ တိုင်းရင်းသားတွေက သူတို့ပဲခံစားနေကြရတယ်လို့ ယူဆနေကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေလည်း တိုင်းရင်းသားတွေနည်းတူ ခံစားခဲ့ကြရတာပါ။ ဒါကြောင့် ထိုဒုက္ခပေါင်းစုံက လွတ်ရာလွတ်ကြောင်း အိပ်မက်တွေ မက်ခဲ့ကြတယ်။ ယခု ဘာမှမရေရာ မသေချာတဲ့ ဒီမိုကရေစီခရီးကို လေးနှစ်ကျော်ကြာ ဖြတ်သန်းပြီးခဲ့ပြီးပါပြီ။ ၂၀၁၀ ရွေးကောက်ပွဲကတော့ ဓားတွေ၊ လှံတွေအောက်မှာ ကျင်းပခဲ့တာမို့ ယခု ၂၀၁၅ ရွေးကောက်ပွဲကိုတော့ မိမိတို့အိပ်မက်တွေ အကောင်အထည် ဖော်မယ်ဟဲ့လို့ အားခဲထားခဲ့ကြတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကျင်းပဖို့ လေးလလောက်သာ လိုတော့တဲ့ အချိန်ထိ အရာရာဟာ မရေရာခြင်းနဲ့ မသေချာခြင်းကသာ မင်းမူနေဆဲပါပဲ။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ပြီးချိန်ကစလို့ မြန်မာ့နိုင်ငံရေး ရေပြင်မှာ မရေရာခြင်း၊ မသေချာခြင်းဆိုတဲ့ လှိုင်းတံပိုးတွေဟာ ပိုမိုအားကောင်းကာ လှိုင်းကြီးလေထန် ဖြစ်ခဲ့ရတယ်။ ရခိုင်ပြည်နယ်က စခဲ့တဲ့ မိတ္ထီလာ၊ လားရှိုး၊ ကန့်ဘလူ၊ နောက်ဆုံး မန္တလေးတို့မှာ ဖြစ်ခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ရှုပ်ထွေးမှုတွေဟာ သွေးရိုးသားရိုး မဟုတ်ဘူးလို့ အများက နားလည်လက်ခံ ထားကြတယ်။ အဲဒီရှုပ်ထွေးမှုတွေက အမျိုးသားရေးဝါဒကို အလွဲသုံးစားလုပ် တလွဲဆံပင်ကောင်းဖြစ်စေပြီး ရိုးသားမှုကို အရောင်းအဝယ်လုပ်ကာ မြန်မာပြည်ရဲ့ အနာဂတ်ကို မရေရာခြင်းနဲ့ မသေချာခြင်းချောက်ထဲမှာ နစ်မွန်းနေအောင် တွန်းချပစ်ခဲ့တယ်။
မြန်မာ့နိုင်ငံရေးမှာ ရှေ့မမီ နောက်မမီ (ရှင်ရောလူပါ) လူငယ် လူရွယ်အချို့က ပြောချင်ရာပြော၊ လုပ်ချင်ရာ လုပ်နေကြပေမယ့် ရှေ့မီ နောက်မီ လူကြီးသူမတွေကတော့ မြန်မာ့ရှေ့ရေး ရတက်မအေးနိုင်ကြပါဘူး။ စိတ်ချလက်ချ အိပ်စက်မပျော် နိုင်ကြပါဘူး။ တိုင်းပြည်အပေါ် စေတနာမှန်တဲ့ အလွတ်ပုဂ္ဂိုလ်တွေပါ။ ဟိုတစ်နေ့က အသက်ရှစ်ဆယ်အရွယ် နိုင်ငံရေးသမားဟောင်းကြီး တစ်ယောက်နဲ့တွေ့လို့ ၂၀၁၅ ရွေးကောက်ပွဲ အနေအထားကို မေးစမ်းကြည့်တော့ သူ့မျက်နှာ ညှိုးသွားပါတယ်။ နောက်ပြီးတော့ ညင်ညင်သာသာ ခေါင်းခါရှာတယ်။
ဆရာတော်တစ်ပါးက ပြောတယ်။ ပေးချင်ရင် လွန်ခဲ့တဲ့ ၂၅ နှစ် ကတည်းက ပေးမှာပေါ့။ မပေးချင်လို့  ခုထက်ထိ ကြာနေတာပေါ့တဲ့။ အဲဒီလောက် သံသယကြီးတဲ့သူတွေလည်း ရှိပါတယ်။ ယခု လူတချို့ကြားမှာ စိတ်ဝင်စားနေတဲ့ မေးခွန်းက “၂၀၁၅ ရွေးကောက်ပွဲဖြစ်မှာလား၊ တကယ်လို့ ဖြစ်ခဲ့ရင်ကော အနိုင်ရပုဂ္ဂိုလ်တွေကို အာဏာအပ်မှာလား” ဆိုတဲ့ မေးခွန်းနှစ်ခုပါ။ ပြည်သူတွေဟာ ၁၉၉၀ ရွေးကောက်ပွဲနဲ့စပ်လို့ ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်နေတာမို့ သူတို့ကိုလည်း အစိုးရိမ်ကြီးရန်ကောလို့ အပြစ်မတင် သင့်ပါဘူး။ လူအများစုကြားမှာ ရွေးကောက်ပွဲမှ ဖြစ်ပါ့မလားဆိုတဲ့ သံသယတွေ ကြီးထွားလာနေပါတယ်။ အခြေအနေ အရပ်ရပ်ဟာ ပြည်သူတွေကို သို့လောသို့လော ဖြစ်စေပါတယ်။ အဲဒီလိုဖြစ်အောင် တမင်ဖန်တီးထားတာလား။ ဒါလည်း အတတ်မပြောနိုင်ပါဘူး။ အတတ်ပြောနိုင်တာကတော့ ပြည်သူတွေရဲ့ ဘဝဟာ အရာရာမှာ စိတ်ချလက်ချ မအိပ်စက်နိုင်တော့ အိပ်မက်လှလှ မက်ဖို့ဆိုတာလည်း အခွင့်အရေး မရှိပါဘူး။ ပြည်သူတွေရဲ့ဘဝဟာ အနာဂတ်တွေက ပျောက်ပြီးရင်း ပျောက်ပါပဲ။
သမ္မတအကြံပေးပုဂ္ဂိုလ်(ငြိမ်း) ရေးတဲ့ ဆောင်းပါးမှာတော့ မြန်မာ့နိုင်ငံရေး အလားအလာဟာ ဘာမှမျှော်လင့်ဖွယ်ရာ မရှိတဲ့အပြင် တော်တော်ကို ရင်လေးဖွယ်ရာပါ။ အခြားစာရေးဆရာကြီးတွေ ရေးကြတဲ့ အထဲမှာလည်း ဒီလိုပါပဲ။ ပြည်သူဘက်က ဒိုင်ခံအတိုက်အခံ ပြောပေးနေတဲ့ လွှတ်တော်အမတ်အချို့ရဲ့ အင်တာဗျူးတွေ ဖတ်ရတော့လည်း ဒီလိုပါပဲ။ ဟိုတစ်နေ့က ဒီဗွီဘီရုပ် သံဒီဘိတ်မှာ ကျောင်းအုပ်ကြီး တစ်ယောက်က “အကြောင်းတစ်ခုခုကြောင့် ရွေးကောက်ပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့လိုက်သည်” ဆိုတဲ့ သတင်းကိုပဲ နားစွင့်နေကြပါလို့ မာန်ပါပါပြောသွားတာ ကြားလိုက်ရတော့...။
နိုင်ငံ့တာဝန်ကို ယူထားသူတွေ အမှန်လုပ်ရမယ့်အလုပ်က အရှုပ်တွေကို ရှင်းအောင်လုပ်ရမှာပါ။
အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး၊ အထူးသဖြင့်တော့ စစ်တပ်နဲ့ပြည်သူ၊ အစိုးရနဲ့ ပြည်သူကို ရန်တိုက်ပေးထားသလို ဖြစ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရှုပ်အထွေး။ ယခုတော့ နဂိုရှိရင်းစွဲ အရှုပ်တွေကို မရှင်းတဲ့အပြင် ရှင်းနေတာတွေကိုပဲ ရှုပ်အောင်လိုက် လုပ်နေကြသလားဆိုတာ သံသယဖြစ်ဖွယ်ရာတွေက များစွာပါပဲ။ ဘာသာရေး၊ လူမျိုးရေး ဖြစ်စဉ်တွေအစ ယခုအကြိုမဲစာရင်း ကြေညာတဲ့ ကိစ္စမှာ ရာခိုင်နှုန်း ၈၀ လောက် မှားယွင်းနေပါတယ် ဆိုတဲ့ကိစ္စအဆုံး ပြည်သူအများစု လက်ခံယုံကြည်ဖွယ်ရာ မရှိတဲ့အခါကျတော့ ပြည်သူတွေဟာ အာဏာပိုင်တွေနဲ့ ပတ်သက်လာရင် ဘာကိုမှ စိတ်ချလက်ချ မရှိနိုင်ကြပါဘူး။ အရာရာမှာ ဒွိဟသံသယတွေနဲ့ပဲ လုံးလည်ချာလည် လိုက်နေပါတယ်။ အရှုပ်တွေကို ဖန်တီးပြီး ပြည်သူတွေကို မရေရာ၊ မသေချာခြင်း လောင်တိုက်ထဲမှာ ပိတ်လှောင်ထားတာတွေ ဒီမှာပဲ ရပ်လိုက်ကြပါတော့။       
မဲစာရင်းတွေ အမြန်ဆုံး ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ပေးရပါမယ်။ ခြောက်ပွင့်ဆိုင် ကိစ္စကိုလည်း အမြန်ဆုံး လက်စသတ်ရပါမယ်။ ရွေးကောက်ပွဲရက်ကိုလည်း အဖြစ်နိုင်ဆုံး၊ အစောဆုံး တိတိကျကျ ကြေညာပေးရပါမယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကိုလည်း အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်  ပြင်ဆင်ပေးရပါမယ်။ ၂၀၁၅ အလွန် အစိုးရသစ်နဲ့စပ်လို့လည်း ပေးသင့် ပေးထိုက်တဲ့ ကတိကဝတ်တွေ တိတိကျကျ ပေးရပါမယ်။ ဒါမှ ပြည်သူတွေ စိတ်ချလက်ချ အိပ်စက်နိုင်ပါလိမ့်မယ်။
မရေရာ မသေချာခြင်းတွေကြားမှာ အိပ်စက်မပျော်နိုင်သော ညပေါင်းများစွာ ခေါင်းအုံးဘေးချ အိပ်စက်ခဲ့ရတာ နှစ်ပေါင်းငါးဆယ် ကျော်ခဲ့ပါပြီ။ ပြည်သူတွေ စိတ်ချလက်ချ အိပ်စက်ပျော်နိုင်ပါစေလေ။ အိပ်မက်ဆိုးမှ နိုးထပါစေတော့။ အိပ်မက်လှလှ မက်ပါစေတော့။