ကမ္ဘာ့စရိတ်အကြီးဆုံးမြို့ကြီး ၁၀ မြို့အနက် ငါးမြို့သည် အာရှမှ ဖြစ်ကြောင်း စစ်တမ်းတစ်စောင်တွင် ဖော်ပြ

ကမ္ဘာ့စရိတ်အကြီးဆုံးမြို့ကြီး ၁၀ မြို့အနက် ငါးမြို့သည် အာရှမှ ဖြစ်ကြောင်း စစ်တမ်းတစ်စောင်တွင် ဖော်ပြ
Published 22 June 2015
Ref:AFP

နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေသူများအတွက် အာရှသည် စရိတ်အကြီးဆုံးဒေသများထဲတွင် ပါဝင်လာကြောင်း စစ်တမ်းတစ်ခုထဲတွင် ဖော်ပြခဲ့သည်။ ထိုစစ်တမ်းထဲတွင် ဖော်ပြထားသော နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေသူများအတွက် စရိတ်အကြီးဆုံးနေရာ ၁၀ ခုအနက် ထက်ဝက်မှာ အာရှရှိမြို့ကြီးများဖြစ်သည်။ 
 
Mercer မှ နှစ်စဉ်ပြုလုပ်သော နေထိုင်စရိတ်စစ်တမ်းအတွင်း နိုင်ငံရပ်ခြားတွင် နေထိုင်သူများအတွက် ကမ္ဘာပေါ်တွင် စရိတ်အကြီးဆုံး ဒုတိယနေရာ၌ ဟောင်ကောင်က ရပ်တည်နေပြီး ယမန်နှစ်ကထက် တစ်ဆင့်မြင့်တက်လာခြင်း ဖြစ်သည်။ စင်ကာပူ၊ ရှန်ဟိုင်း၊ ပေကျင်းနှင့် ဆိုးလ် တို့သည်လည်း ထိုထိပ်တန်း ၁၀ မြို့ စာရင်းထဲတွင် ပါဝင်ကြသည်။ 
 
အမေရိကန်ဒေါ်လာနှင့် လဲလှယ်သည့်  ယွမ်ငွေဈေးနှုန်း မြင့်တက်လာမှုကြောင့် တရုတ်နိုင်ငံ၏ နေထိုင်စရိတ်မှာလည်း မြင့်တက်လာသည်။ ထို့ပြင် တရုတ်နိုင်ငံထဲရှိ မြို့ကိုးမြို့သည် ကမ္ဘာပေါ်တွင် နိုင်ငံခြားသားများအတွက် နေထိုင်စရိတ် အမြင့်မားဆုံးမြို့ကြီး ၃၀ တွင် ပါဝင်နေသည်။ 
 
ဂျပန်ဗဟိုဘဏ်၏ သက်သာချောင်ချိရေးအစီအစဉ်တစ်ခုကြောင့် ဂျပန်ငွေကြေးတန်ဖိုး ထိုးကျသွားခဲ့သည့်အတွက် ၂၀၁၂ ခုနှစ်က နိုင်ငံခြားသားများအတွက် စရိတ်အကြီးဆုံးမြို့ဖြစ်ခဲ့သည့် တိုကျိုသည် နံပတ် (၁၁) အထိ ကျဆင်းသွားခဲ့သည်။ ယခုနှစ်အတွင်း အခြားဂျပန်မြို့များသည်လည်း အဆင့်ကျဆင်းခဲ့ကြောင်း သိရသည်။
 
ယူရိုငွေဈေးနှုန်းကျဆင်းမှုကြောင့်လည်း အနောက်နိုင်ငံများတွင် နေထိုင်စရိတ်များ ကျဆင်းနေသည်။ ထိပ်တန်း ၁၀ နိုင်ငံစာရင်းထဲတွင် ဥရောပနိုင်ငံ သုံးနိုင်ငံသာပါဝင်ပြီး ယင်းတို့မှာ ဇူးရစ်၊ ဂျီနီဗာ နှင့် ဘန်းတို့ဖြစ်ကြသည်။
 
၁၀ နိုင်ငံစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေသည့်နိုင်ငံမှာ အင်ဂိုလန်နိုင်ငံ၏ မြို့တော်လူအန်ဒါ ဖြစ်သည်။ သွင်းကုန်များနှင့် နိုင်ငံခြားသား အများအပြားအသုံးပြုကြသော လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းများ ဈေးနှုန်းကြီးမြင့်သည့်အတွက် လူအန်ဒါမြို့သည် ကမ္ဘာ့စရိတ်အကြီးဆုံးမြို့နေရာကို ဆက်လက်ထိန်းသိမ်းထားသည်။
 
အတိုင်ပင်ခံအုပ်စုဖြစ်သော Mercer ၏ စစ်တမ်းမှာ အိမ်၊အစားအစာ၊ သယ်ယူပို့ဆောင်ရေးနှင့် ဖျော်ဖြေရေးအစရှိသည်တို့ အပါအဝင် ကဏ္ဍပေါင်း ၂၀၀ ကျော်၏ ဈေးနှုန်းကို မြို့ပေါင်း ၂၀၇ မြို့တွင် နှိုင်းယှဉ်ခြင်းဖြစ်သည်။ စစ်တမ်းထဲတွင် နယူးယောက်မြို့ကို နှိုင်းယှဉ်မှု၏ အခြေခံမြို့အဖြစ် ထားရှိထားပြီး ငွေကြေးဈေးနှုန်းများကိုလည်း အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ထားသည်။ 
 
 

Most Read

Most Recent