မာလီအစိုးရနှင့် တူအာရက်သူပုန်တို့ သမိုင်းဝင် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး

မာလီအစိုးရနှင့် တူအာရက်သူပုန်တို့ သမိုင်းဝင် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး
Published 21 June 2015

ဂိုဏ်းဂဏစွဲ ပဋိပက္ခများနှင့် ဂျီဟတ်တို့၏ သူပုန်ထမှုဒဏ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသည့် မာလီနိုင်ငံ၏ ဒုက္ခများကို အဆုံးသတ်စေရန် နိုင်ငံတွင်းရှိ တူအာရက်ဦးဆောင်သော မဟာမိတ်သူပုန်အဖွဲ့နှင့် အစိုးရသည် ဇွန် ၂၀ ရက်က သမိုင်းဝင်ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
အယ်ဂျီးရီးယားနိုင်ငံ မြို့တော်တွင် လက်မှတ်ရေးထိုးခဲ့သည့် ထိုငြိမ်းချမ်းရေး သဘောတူညီချက်သည် မာလီနိုင်ငံမြောက်ပိုင်း ကန္တာရဒေသအတွင်း တည်ငြိမ်မှုများ ပြန်လည်ရရှိနိုင်ရန် ရည်ရွယ်သည်။ မာလီမြောက်ပိုင်းဒေသ၌ Tuareg သူပုန်များသည် ၁၉၆၀ ပြည့်နှစ်ကတည်းက ပုန်ကန်ထကြွ နေကြခြင်းဖြစ်ပြီး ထိုဒေသသည် အယ်ကေးဒါးတို့နှင့် ဆက်စပ်နေသည့် အစ္စလာမ္မစ် တိုက်ခိုက်ရေးသမားများ၏ ခိုလှုံရာနယ်မြေတစ်ခု ဖြစ်နေခဲ့သည်။ ယခုသဘောတူညီချက်ကြောင့် မာလီမြောက်ပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိလာမည်ဖြစ်သည်။
အစိုးရနှင့် သူပုန်များသည် ငြိမ်းချမ်းရေး သဘောတူညီချက်ကို မေလကတည်းက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သော်လည်း သူပုန်ညွန့်ပေါင်း အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အက်ဇဝပ်ပူးပေါင်းလှုပ်ရှားမှု (CMA) က ထပ်မံပြင်ဆင်ချက်များကို သဘောတူရန် စောင့်ဆိုင်းနေရသောကြောင့် ယခုမှအပြီးသတ် ငြိမ်းချမ်းရေး ရရှိခဲ့ခြင်းဖြစ်သည်။
“မည်သူတစ်ဦးမှ စိတ်အနှောင့်အယှက် မဖြစ်စေဖို့ သေချာအောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့တွေ ညီအစ်ကိုတွေလို မာလီနိုင်ငံကို ပူးပေါင်းတည်ထောင် သွားကြပါမယ်” ဟု မာလီသမ္မတ အီဘရာဟင်ဘူဘာကာကီရေတာက မြောက်ပိုင်းလူမျိုးစု ခေါင်းဆောင်များ၊ နိုင်ငံတကာမှ ငြိမ်းချမ်းရေးအတွက် ကမကထ လုပ်ပေးခဲ့သူများကို ပြောကြားခဲ့သည်။ “ဒီနေ့ဟာ မာလီနိုင်ငံက ကျွန်တော်တို့ရဲ့ကလေးတွေအတွက် ကြီးကျယ်မြင့်မြတ်တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်” ဟု သမ္မတက ပြောကြားခဲ့သည်။
သဘောတူညီချက်အရ နိုင်ငံမြောက်ပိုင်းဒေသ၊ ယင်းဒေသရှိ ပြည်သူများနှင့် ပိုမိုကောင်းမွန်သည့်အစိုးရ ဖြစ်ပေါ်လာစေရေးအတွက် သူပုန်များက သူတို့တိုက်ခိုက်ရေးသမားများကို အစိုးလုံခြုံရေးတပ်ဖွဲ့တစ်ခုတွင် ပါဝင်စေရမည်ဖြစ်သည်။ ယခု ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်တွင် သံသယများ၊ စိတ်ဓာတ်ကျစရာများ တွေ့ကြုံရမည့် အချိန်ကာလများလည်း ရှိနိုင်သေးကြောင်း မာလီရှိ ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးအဖွဲ့၏ အကြီးအကဲ မွန်ဂီဟမ်ဒီက သတိပေးခဲ့သည်။
မာလီနိုင်ငံသည် ၂၀၁၂ ခုနှစ်က အာဏာသိမ်းမှုတစ်ခု ဖြစ်ပွားပြီးနောက် ယိုင်နဲ့လာခဲ့သည်။ ထို့နောက်ပိုင်း တူအာရက်ခွဲထွက်ရေး သမားများသည်လည်း မာလီမြောက်ပိုင်းရှိ မြို့များ၊ နယ်မြေများကို ဆက်တိုက်သိမ်းပိုက်ကာ ၎င်းတို့၏ပိုင်နက်ကို တက္ကဆက်ပြည်နယ် အရွယ်အစားအထိ ချဲ့ထွင်နိုင်ခဲ့သည်။
Ref: AFP

Most Read

Most Recent