MERS ရောဂါအကြောင်း သိကောင်းစရာများ

MERS ရောဂါအကြောင်း သိကောင်းစရာများ
Published 21 June 2015
နရီမင်း

တောင်ကိုရီးယားနိုင်ငံ၌ MERS ရောဂါ ဖြစ်ပွားသူကို မေ ၂၀ ရက်တွင် ပထမဆုံး တွေ့ရှိခဲ့ပြီးနောက် ဇွန် ၂၁ ရက်က MERS ရောဂါကူးစက်ခံရသူ သုံးဦးကို ထပ်မံတွေ့ရှိ ခဲ့ရာ တောင်ကိုရီးယားတွင် MERS ရောဂါ ကူးစက်ခံခဲ့ရသူ ၁၆၉ ဦး ရှိသွားပြီဖြစ်သည်။ သေဆုံးဦးရေ ၂၅ ဦးရှိသည်။ MERS ရောဂါ ပျောက်ကင်းသွားသဖြင့် ဆေးရုံဆင်းခွင့်ရရှိသူ ဦးရေမှာ ၄၃ ဦးရှိပြီဖြစ်သည်။ သို့သော် လူနာလေးဦးမှာမူ အရေးပေါ် အခြေအနေ၌ ရှိနေသည်ဟု သိရသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ဇွန် ၁၈ ရက်၌ MERS ရောဂါဖြစ်ပွားသူကို ပထမဆုံး တွေ့ရှိခဲ့သည်။ အိုမန်မှလာသည့် အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် MERS ရောဂါဖြစ်ပွားကြောင်း ထိုင်းနိုင်ငံက အတည်ပြုခဲ့သည်။
MERS ဟူသည် Middle East Respiratory Syndrome ကို အတိုကောက် ယူထားခြင်းဖြစ်ပြီး အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဟု ခေါ်ဆိုနိုင်သည်။ ယင်းသည် ကော်ရိုနာ အမျိုးအစားဝင် ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ပွားပြီး ယင်းဗိုင်းရပ်စ်ကို MERS-CoV ဟု ခေါ်ဆိုသည်။ MERS သည် အဆုတ်နှင့် လေဲပြွန်တို့ အပါအဝင် အသက်ရှူခြင်းဆိုင်ရာ စနစ်တစ်ရပ်လုံးကို သက်ရောက်သည်။
MERS ရောဂါရရှိသွားသော လူနာအများစုသည် အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူကျပ်ခြင်း တို့နှင့်အတူ ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်ပွားသည်။ MERS ရောဂါဖြစ်ပွားသည်ဟု သိရှိရသော လူနာ ၁၀ ဦးလျှင် သုံးဦးမှ လေးဦးနှုန်း သေဆုံးခဲ့သည်။
ကျန်းမာရေး အာဏာပိုင်များက ပထမဆုံး MERS ရောဂါသည်၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း ဆော်ဒီအာရေဗျ၌ ပထမဆုံးဖြစ်ပွားကြောင်း အစီရင်ခံခဲ့သည်။ နောက်ပိုင်းတွင် စုံစမ်းစစ်ဆေးမှုများ အထပ်ထပ်ပြုလုပ်ပြီးမှ ပထမဆုံးသိရှိသည့် MERS ရောဂါသည် ၂၀၁၂ ခုနှစ် ဧပြီလအတွင်း ဂျော်ဒန်နိုင်ငံ၌ ဖြစ်ပွားကြောင်း အတည်ပြုခဲ့သည်။ ယခုအထိ MERS ရောဂါဖြစ်ပွားမှုကို အာရေဗျ ကျွန်းဆွယ်အတွင်းရှိ နိုင်ငံများနှင့် ယင်းအနီးရှိနိုင်ငံများ၌သာ တွေ့ရှိရသေးသည်။
MERS-CoV ဗိုင်းရပ်စ်ပိုးသည် ရောဂါဖြစ်ပွားနေသူထံမှ အခြားတစ်ဦးသို့ လူနာအား ပြုစုစောင့်ရှောက်ခြင်းနှင့် လူနာနှင့်အတူ နေခြင်းကဲ့သို့သော နီးနီးစပ်စပ်ထိတွေ့မှုမှတစ်ဆင့် ကူးစက်သည်။ MERS ရောဂါသည် မည်သူ့ကိုမဆို ကူးစက်နိုင်ပြီး MERS ရောဂါ လူနာများ၏ အသက်သည် တစ်နှစ်အောက်မှနေ၍ ၉၉ နှစ်အထိရှိသည်။
 
ရောဂါလက္ခဏာရပ်များနှင့် နောက်ဆက်တွဲပြဿနာများ
အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူကျပ်ခြင်းတို့အပြင် အချို့လူနာများတွင် ဝမ်းလျှောခြင်းနှင့် ပျို့အန်ခြင်းတို့ အပါအဝင် အစာအူလမ်းကြောင်းဆိုင်ရာ လက္ခဏာရပ်များလည်း ဖြစ်ပွားသည်။ MERS ရောဂါရနေသော လူများစွာတို့သည် နမိုးနီးယားနှင့် ကျောက်ကပ်ပျက်စီးခြင်း ကဲ့သို့သော ပြင်းထန်သည့် နောက်ဆက်တွဲ ပြဿနာရပ်များ ဖြစ်ပေါ်သည်။ MERS ရောဂါဖြစ်ပွား သူ ၁၀ ဦးလျှင် သုံးဦးမှ လေးဦးနှုန်း သေဆုံးခဲ့သည်။ သေဆုံးသူ အများစုသည် ရောဂါအခံ တစ်ခုခု ရှိတတ်ကြသည်။ အချို့သော ရောဂါကူးစက် ခံရသူတို့သည် အအေးမိခြင်းတွင်ကဲ့သို့သော ပျော့ပျောင်းသည့် ရောဂါလက္ခဏာ ရပ်များကိုသာ ခံစားရခြင်း သို့မဟုတ် မည်သည့်ရောဂါ လက္ခဏာရပ်မှ ခံစားရမှုမရှိခြင်းတို့ကို တွေ့ရှိရပြီး ပြန်လည်ကောင်းမွန် သွားတတ်သည်။
ယခုအထိ သုတေသန ပြုလုပ်သူများ၏ တွေ့ရှိချက်အပေါ်အခြေခံလျက် ကြည့်ပါက ရောဂါအခံ ရှိသူများသည် MERS ရောဂါ ပိုမိုကူးစက်လွယ်သကဲ့သို့ MERS ရောဂါ ကြောင့် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာရပ်များကို ခံစားရကြောင်း တွေ့ရှိရသည်။ ယင်းကဲ့သို့ ဖြစ်စေသည့် ရောဂါအခံများထဲ တွင် ဆီးချိုရောဂါ၊ ကင်ဆာရောဂါများနှင့် အဆုတ်၊ နှလုံးနှင့် ကျောက်ကပ်ရောဂါများ ပါဝင်သည်။ ကိုယ်ခံအားစနစ် လျော့နည်းသော သူများသည်လည်း MERS ရောဂါကူးစက်ခံရနိုင်ခြေနှင့် MERS ကြောင့် ရောဂါလက္ခဏာ ပိုမိုပြင်းထန် နိုင်ခြေရှိသည်။
ယခုအထိ ရရှိသော အချက်အလက်များအပေါ် အခြေခံကြည့်လျှင် MERS ၏ ရောဂါပျိုးချိန် (MERS-CoV ဗိုင်းရပ်စ်ပိုး စတင်ဝင်ရောက်ချိန်နှင့် ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်ချိန်အကြား ကြာချိန်) သည် ငါးရက် သို့မဟုတ် ခြောက်ရက်ဖြစ်သည်။ သို့သော် နှစ်ရက်မှ ၁၄ ရက်အထိ အတိုင်းအတာ ကျယ်ဝန်းသည်။

ဇွန် ၁၉ ရက်က ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်တွင် ရောက်ရှိလာသူများ ၎င်းတို့၏ ခန္ဓာကိုယ်အပူချိန်ကို စစ်ဆေးသည့် Thermoscan ကို ဖြတ်လျှောက်နေပုံကို မော်နီတာ၌ တွေ့ရစဉ်
 
 
ရောဂါကူးစက်ခြင်း
MERS-CoV သည် အခြားကော်ရိုနာ အမျိုးအစားဝင် ဗိုင်းရပ်စ်များကဲ့သို့ပင် ရောဂါရနေသူ၏ အသက်ရှူလမ်းကြောင်းမှ စစ်ထုတ်သော အရည်များကြောင့် ချောင်းဆိုးခြင်းကဲ့သို့သော အပြုအမူမှတစ်ဆင့် ကူးစက်သည်ဟု ယူဆသည်။ သို့သော် ယင်းဗိုင်းရပ်စ်ကူးစက်ပုံ အတိအကျကို ယခုအထိ ကောင်းစွာနားလည်ခြင်း မရှိသေးပေ။
MERS-CoV ဗိုင်းရပ်စ်ပိုးသည် လူနာကိုစောင့်ရှောက်ခြင်း သို့မဟုတ် လူနာနှင့် အတူနေခြင်း ကဲ့သို့သော နီးနီးစပ်စပ် ထိတွေ့မှုမှတစ်ဆင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်သည်။ ရောဂါရနေသူများထံမှ ဗိုင်းရပ်စ်ပိုးသည် ဆေးရုံများကဲ့သို့သော ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် ဌာနများအတွင်း တစ်ဦးမှတစ်ဦးသို့ ကူးစက်ခဲ့သည်။ သုတေသန ပြုချက်များအရ MERS ရောဂါပိုးသည် လူ့အသိုင်းအဝိုင်းအတွင်း ဆက်လက်ပျံ့နှံ့ နေသည်ကို တွေ့ရှိရခြင်း မရှိသေးပေ။
MERS ရောဂါဖြစ်ပွားကြောင်း အစီရင်ခံမှုအားလုံးသည် အာရေဗျကျွန်းဆွယ်အတွင်းနှင့် အနီးရှိ နိုင်ငံများမှ ဖြစ်သည်။ ရောဂါဖြစ်ပွားသူ အများစုသည် အာရေဗျကျွန်းဆွယ်တွင် နေထိုင်သူများ သို့မဟုတ် ရောဂါမဖြစ်ပွားမီ အာရေဗျကျွန်းဆွယ်သို့ ခရီးသွားခဲ့ကြသူများ ဖြစ်ကြသည်။ အာရေဗျကျွန်းဆွယ်မှနေ၍ မကြာသေးခင်ကမှ ရောက်ရှိလာသည့် ရောဂါကူးစက်ခံရသူများနှင့် အနီးကပ်ထိတွေ့မှု ရှိခဲ့ပြီးနောက် MERS  ရောဂါဖြစ်ပွားသူဟူ၍ အနည်းငယ်သာရှိသည်။
 
ရောဂါကာကွယ်ခြင်း
ယခုလက်ရှိတွင် MERS-CoV ဗိုင်းရပ်စ်ကို ကာကွယ်ရန်အတွက် ကာကွယ်ဆေး မရှိသေးပေ။ အမေရိကန် အမျိုးသား ကျန်းမာရေးဌာနက ကာကွယ်ဆေးတစ်မျိုး ပေါ်ပေါက်လာရန် ကြိုးပမ်းနေဆဲ အနေအထား၌သာ ရှိသေးသည်။ အမေရိကန် ရောဂါထိန်းချုပ်ရေးဗဟို (CDC) က လူများအား MERS ရောဂါမှ ကာကွယ်ရန်အတွက် နေ့စဉ်ပြုလုပ်သင့်သည်များကို အကြံပြုထားသည်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
- သင်၏လက်များကို ဆပ်ပြာနှင့် ရေတို့အသုံးပြုလျက် စက္ကန့် ၂၀ ကြာဆေးပါ။ သင်၏ ကလေးငယ်များကိုလည်း ယင်းကဲ့သို့ ပြုလုပ်ပေးပါ။ ဆပ်ပြာနှင့်ရေ ရရှိနိုင်ခြင်းမရှိပါက အရက်ပြန်ပါဝင်သည့် လက်ဆေးရည်များကို အသုံးပြုပါ။
- ချောင်းဆိုးလျှင်ဖြစ်စေ၊ နှာချေလျှင်ဖြစ်စေ၊ နှာခေါင်းနှင့် ပါးစပ်ကို တစ်ရှူးစဖြင့်အုပ်ပြီး ယင်းကို အမှိုက်ပုံးတွင်ပစ်ပါ။
- လက်မဆေးဘဲ လက်ကို မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်တို့ကို မထိပါစေနှင့်။
- ဖျားနာနေသူများနှင့် နမ်းခြင်း သို့မဟုတ် ရေခွက်နှင့် စားစရာခွက်များ အတူသုံးစွဲခြင်း အစရှိသည့် ထိတွေ့မှုများကို ရှောင်ရှားပါ။
- တံခါးလက်ကိုင်ဘု ကဲ့သို့သော မကြာခဏ ထိတွေ့ရမည့် မျက်နှာပြင်များနှင့် အရာဝတ္ထု များကို ပိုးသတ်ဆေးများဖြင့် သန့်စင်ပါ။
 
ကုသမှု
MERS-CoV ဗိုင်းရပ်စ်ပိုးကို ကုသရန် အတွက် ဗိုင်းရပ်စ်သတ်ဆေး မရှိသေးပါ။ MERS ရောဂါ ကူးစက်ခံထားရသူသည် ရောဂါလက္ခဏာရပ်များ သက်သာရန်အတွက်သာ ကုသမှုခံယူနိုင်သည်။ ပြင်းထန်သော ရောဂါလက္ခဏာရပ်များ ခံစားရသူများအနေဖြင့် အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် အရေးပါသော ကိုယ်တွင်းအင်္ဂါများကို ထောက်ကူပေးသည့် ကုသမှုများ လိုအပ်သည်။

Most Read

Most Recent