ပိုင်ဆိုင်မှု မှန်ကန်ပြီး အစိုးရက အသုံးပြုထားခြင်း မရှိသည့် ပြည်သူပိုင်သိမ်း တိုက်ခန်းများနှင့် အဆောက်အအုံများအား ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရန် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက မေတ္တာရပ်ခံ ပြောကြားသည်။မလှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က ဇွန် ၁၉ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အခန်း(၁) ပုဒ်မ ၂၁(က)၊ ပုဒ်မ ၃၆ (ဃ)၊ ပုဒ်မ ၃၇ (ဂ)အရ လည်းကောင်း၊ ပုဒ်မ ၃၅၆၊ ပုဒ်မ ၄၄၅ အရလည်းကောင်း သက်ဆိုင်ရာ အစိုးရထံမှ ထုတ်ပေးသော ပုံစံ(၃)အရ ပြည်သူပိုင်သိမ်းထားသည့် တိုက်ခန်းများကို ပိုင်ရှင်လက်ဝယ်သို့ ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းမေးမြန်းခဲ့သည်။ထို့နောက် အဆိုပါမေးခွန်းအား သမဝါယမဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းက ပြည်သူပိုင်သိမ်း အခန်းများနှင့် ပတ်သက်၍ အစိုးရ အဆက်ဆက် ဆုံးဖြတ်ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားပြီး လက်ရှိအစိုးရ လက်ထက်တွင် ဥပဒေအရ လွှဲပြောင်းပေးရန်မရှိဘဲ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုခွဲရောင်းချပေးရာတွင် မူလသက်ဆိုင်သူ (သို့မဟုတ်) ပိုင်ဆိုင်သူ ကိုယ်တိုင်သို့ ဦးစွာပေးဝယ်ယူခွင့် ရရှိရေးကိုသာ နိုင်ငံတော်သမ္မတက မူဝါဒ ချမှတ်ထားကြောင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးက ဝန်ကြီးဌာနများအား ညွှန်ကြားထားချက်အရ သမဝါယမ ဝန်ကြီးဌာန အနေဖြင့် ပြန်လည်ပေးအပ်ရန် ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း ဖြေကြားမှုအပြီး ဦးနန္ဒကျော်စွာက ထိုသို့ပြောကြားခြင်းဖြစ်သည်။“အဲဒီတော့ တစ်ချိန်တစ်ခါတုန်းကတော့ စီးပွားရေးစနစ်အရ ဆောင်ရွက်ခဲ့တာတွေ မှန်ပါတယ်။ ဒီကနေ့ခေတ်တော့လည်း ခုနကပြောတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နေပြီ ဖြစ်တဲ့အတွက် ဒီဟာတွေက နိုင်ငံတော်ရဲ့ စေတနာအရ ပြန်လည်စွန့်လွှတ်ပြီးတော့ ပေးနေကြတာ လယ်ယာမြေတွေကအစ အကုန်လုံး သိသာထင်ရှားနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မေးခွန်းရှင်က ပြောပါတယ်။ ဒါနိုင်ငံပိုင်သိမ်းဆည်းရေး ဌာနနဲ့ပဲ ဆိုင်တယ်။ ပြည်သူပိုင်သိမ်းဆည်းရေး ဌာနနဲ့ပဲ ဆိုင်တယ်။ ဝန်ကြီးဌာနနဲ့ မဆိုင်ဘူး ဆိုပေမယ့်လို့ ဝန်ကြီးဌာနက တာဝန်ပေးချက်အရသော် လည်းကောင်း၊ မိမိတို့နဲ့သက်ဆိုင်နေတဲ့ အခန်းတွေဖြစ်နေတဲ့ အတွက်လည်း လာရောက်ဖြေကြားခြင်း ဖြစ်ပါတယ်။ သို့သော်လည်းပဲ အကယ်၍များ ဖြစ်နိုင်မယ်ဆိုရင်တော့ ခုနက ပြောသလိုပဲ ပိုင်ဆိုင်မှုတွေလည်း မှန်ကန်နေတယ်။ နိုင်ငံတော်အနေနဲ့လည်း ခုနက မေးထားတဲ့နေရာမှာ ပုံတွေကို ကြည့်လိုက်တော့လည်း အစိုးရအနေနဲ့ ဆက်လက်အသုံးပြုနေတဲ့ အနေအထားလည်း မရှိဘဲနဲ့ ဒီအတိုင်းကြီးပဲ အသုံးမပြုတဲ့ အနေအထားကြီး တွေ့ရတာ ဖြစ်ပါတယ်။ မိမိတို့လည်း အသုံးမပြုဘူး ဆိုရင်တော့ အသုံးပြုမယ့်သူကိုပဲ ပြန်ပေးဆိုရင်တော့ ဒါနတ်လူသာဓုခေါ်မှာပဲ။ ဒီကျွန်တော်တို့ ကိုယ်စားလှယ်များအားလုံးက မိမိတို့ပြည်သူများအတွက်ကို ဝိုင်းပြီးတော့ ကြိုးပမ်းဆောင်ရွက်ပေးနေရာမှာ သူရမှ၊ ကိုယ်ရမှ မဟုတ်ပါဘူး။ မည်သူပဲ ရသွားရသွား တစ်ယောက်ကလေး အောင်မြင်သွားတယ်ဆိုရင်လည်း ကျန်တဲ့သူတွေလည်း မုဒိတာပွားပြီးတော့ ကျေးဇူးတင်နေမှာပဲ။ ဒါကြောင့် တတ်နိုင်သလောက် ကြိုးစားပြီး စောင့်ရှောက်ပေးဖို့အတွက်ကို ကျွန်တော်ကပဲ ကျွန်တော်တို့ကိုယ်စားလှယ်အားလုံး ကိုယ်စားမေတ္တာရပ်ခံပါတယ်” ဟု ဦးနန္ဒကျော်စွာက ပြောကြားသည်။ယနေ့ခေတ်သည် ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်၍ သွားနေချိန်လည်း ဖြစ်ကြောင်း၊ ယခင်က ဆိုရှယ်လစ်စီးပွားရေးစနစ်ကို တည်ဆောက်သည့် အခါ၌ စီးပွားရေးစနစ်ချင်း မတူသည့်အတွက် တိုင်းပြည်၏ တာဝန်ပေးချက်အရ ဝန်ထမ်းများ တာဝန်ယူ ဆောင်ရွက်ခဲ့ကြရခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ်သည့်နေရာ၌ ယခင်ပြည်သူပိုင် သိမ်းစဉ်ကာလက သိမ်းမည့်သာ သိမ်းခဲ့သော်လည်း အသိမ်းခံရသူများသည် နိုင်ငံတော်၏ ခွင့်ပြုချက်အရ တရားဝင်ဆောင်ရွက်ခဲ့ကြသည့် စီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း ဦနန္ဒကျော်စွာက ပြောကြားသည်။“ဒီနေရာမှာ တစ်ခုကွာတာကတော့ မိသားစုလုပ်ငန်းလေးတွေ တစ်နိုင်တစ်ပိုင် လုပ်တဲ့သူတွေ တချို့ကျတော့လည်း နေရာကို ငှားရမ်းပြီး လုပ်တဲ့သူတွေကျတော့ ပြည်သူပိုင် သိမ်းလိုက်တယ်လို့ ပြောတဲ့အခါမှာ သူတို့အနေနဲ့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံထားရတဲ့ ဘာမှမရွှေ့မပြောင်းနိုင်တာ မပါဘဲ ငှားရမ်းပြီး လုပ်တဲ့သူတွေက ဖုတ်ဖက်ခါထပြီး ပြန်သွားနိုင်ပေမယ့်လို့ ငှားရမ်းခဲ့ကြတဲ့ သူတွေကကျတော့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေမှာ အိမ်ခန်းတို့ ဆိုင်ခန်းတို့မှာ သောင်တင်ပြီး ကျန်ရစ်ခဲ့ကြရပါတယ်” ဟု ဦးနန္ဒကျော်စွာက ပြောကြားသည်။
ပိုင်ဆိုင်မှုမှန်ကန်ပြီး အစိုးရက အသုံးပြုထားခြင်း မရှိသည့် ပြည်သူပိုင်သိမ်း အဆောက်အအုံများအား ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရန် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ မေတ္တာရပ်ခံ















