အမေရိကန်လေ့လာချက်က သတ္တဝါများ အကြီးအကျယ် မျိုးသုဉ်းမည်ဟု ပြောကြား

အမေရိကန်လေ့လာချက်က သတ္တဝါများ အကြီးအကျယ် မျိုးသုဉ်းမည်ဟု ပြောကြား
Published 21 June 2015
ွRef:AFP

ကမ္ဘာပေါ်တွင် သတ္တဝါများသည် ပုံမှန်ထက် အဆပေါင်း ၁၀၀ ပိုမိုမြန်ဆန်စွာဖြင့် ပျောက်ကွယ်ရတော့မည့် အကြီးအကျယ် မျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ် ကြောင်းနှင့် လူသားတို့သည် ပထမဆုံး သားကောင်များ ဖြစ်လာနိုင်ကြောင်း သိပ္ပံပညာရှင်များက ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
 
လွန်ခဲ့သည့်နှစ်ပေါင်း ၆၆ သန်းက အဆုံးသတ်သွားခဲ့သည့် ဒိုင်နိုဆောတို့၏ ခေတ်နှင့်မတူဘဲ ကမ္ဘာပေါ်တွင် မျိုးစိတ်များသည် အလွန်လျင်မြန်သည့်နှုန်းဖြင့် ပျောက်ကွယ်ခဲ့သည်ဟု စတန်ဖို့ဒ်တက္ကသိုလ်၊ ပရင်စတန်တက္ကသိုလ်နှင့် ဘာကလေရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်တို့မှ ပညာရှင်များ ဦးဆောင်သော လေ့လာချက်တစ်ရပ်က ပြောကြားခဲ့သည်။ 
 
“ဒီလေ့လာချက်က ကျွန်တော်တို့အနေနဲ့ ဆဋ္ဌမမြောက် အကြီးအကျယ် အစုလိုက်အပြုံလိုက် မျိုးသုဉ်းမှု ဖြစ်စဉ်ထဲကို အခုဝင်ရောက်လာပြီဆိုတာ သံသယဖြစ်ဖွယ်မရှိကြောင်း ပြသနေပါတယ်” ဟု စတန်ဖို့ဒ် တက္ကသိုလ်မှ ဇီဝဗေဒပါမောက္ခ ပေါအာလစ်က ပြောကြားခဲ့သည်။ 
 
လူသားတို့သည်လည်း ပျောက်ကွယ်ရမည့် မျိုးစိတ်ထဲတွင် ပါဝင်ဖွယ်ရှိကြောင်း Science Advances  ဂျာနယ်တွင် ဖော်ပြခဲ့သည့် အဆိုပါလေ့လာချက်၌ ပြောကြားထားသည်။  
 
“ဒီလိုဆက်ဖြစ်နေတာကို ခွင့်ပြုမယ်ဆိုရင် သက်ရှိတွေအနေနဲ့ ပြန်လည်နာလန်ထဖို့ နှစ်သန်းပေါင်းများစွာ အချိန်ယူရပါမယ်။ ကျွန်တော်တို့ မျိုးစိတ်တွေဟာ သူ့အလိုလို အစောကြီး ပျောက်ကွယ်သွားတော့မယ့် ပုံပါပဲ” ဟု ယခုလေ့လာချက်ကို ဦးဆောင်ရေးသားသူ မက္ကဆီကိုအော်တိုနိုမာ တက္ကသိုလ်မှ ဂီရာတိုစီဘဲလော့စ်က ပြောကြားခဲ့သည်။
 
ယခုလေ့လာသုံးသပ်ချက်သည် မှတ်တမ်းတင်ထားသော ကျောရိုးရှိ သတ္တဝါတို့၏ မျိုးသုဉ်းပျောက်ကွယ်မှုများနှင့် ဖားများ၊ တွားသွားသတ္တဝါများနှင့် ကျားများကဲ့သို့သော ကျောရိုးရှိ သတ္တဝါများ၏ ရုပ်ကြွင်း မှတ်တမ်းများနှင့် အခြားသမိုင်းအချက်အလက်များကို အခြေခံထားခြင်းဖြစ်သည်။ 
 
ယခုလေ့လာချက်တွင် ခေတ်သစ်မျိုးစိတ်များ ပျောက်ကွယ်နှုန်းကို လူသားတို့၏ လုပ်ရပ်များ မလွှမ်းမိုးမီ မျိုးစိတ်များ သဘာဝအတိုင်း ပျောက်ကွယ်နှုန်းနှင့် နှိုင်းယှဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent