EU နိုင်ငံများသို့ လက်ရှိဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် နှစ်သိန်း တင်ပို့မည်ဖြစ်ကာ ဆန်စပါးတင်ပို့မှုကဏ္ဍမှ ဒေါ်လာ တစ်ဘီလျံအထိရရှိရန် မျှော်မှန်းထား

EU နိုင်ငံများသို့ လက်ရှိဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် နှစ်သိန်း တင်ပို့မည်ဖြစ်ကာ ဆန်စပါးတင်ပို့မှုကဏ္ဍမှ ဒေါ်လာ တစ်ဘီလျံအထိရရှိရန် မျှော်မှန်းထား
Published 18 June 2015
ဇော်ဝေ

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသို့ ယမန်နှစ်က ဆန်တန်ချိန် တစ်သိန်းခန့်သာ တင်ပို့နိုင်သော်လည်း လက်ရှိဘဏ္ဍာနှစ်တွင် EU နိုင်ငံများသို့ ဆန်တန်နှစ်သိန်းအထိ တင်ပို့မည်ဖြစ်ပြီး ဆန်စပါးတင်ပို့မှုကဏ္ဍမှ ဝင်ငွေဒေါ်လာ တစ်ဘီလျံအထိ ရရှိရန်မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။
“ကိုယ်တို့ ရည်ရွယ်ချက်က ဆန်စပါးကနေ ဒေါ်လာတစ်ဘီလျံရဖို့ပေါ့။ အခုဆိုရင် ဆန်စပါးကဏ္ဍကနေ သန်း ၆၀၀ ကနေ သန်း ၇၀၀ ပဲရသေးတယ်။ ဒီသန်း ၆၀၀ ကနေ သန်း ၇၀၀ ပဲရတော့ Export ဝင်ငွေနည်းပြီး Import ကများနေတဲ့အခါ Exchange Rate တွေကအစ မတည်ငြိမ်တာတွေဖြစ်နေတော့ ကိုယ်တို့က Export Promotion လုပ်ရမယ်။ Export Promotion လုပ်မှ ကိုယ်တို့ တိုင်းပြည်ကလည်း ချမ်းသာမယ်။ တောင်သူလယ်သမားတွေရော စက်ပိုင်ကုန်သည်တွေရော အကျိုးဖြစ်မယ်။ အဲဒီတော့ ဒီ Export Promotion လုပ်ဖို့အတွက် နံပါတ်စဉ်းစားထားတာက Quantity ကိုတိုးမှာလား။ Quantity တိုးဖို့ဆိုတာက ကိုယ်တို့တိုင်းပြည်အနေနဲ့ ခက်တယ်။ Quantity မတိုးရင် ဘာတိုးနိုင်လဲ Quality တိုးလို့ရတယ်။ ၂၅ မှတ်ဆန်ကို ပို့လို့ရှိရင် တစ်တန်ကို ဒေါ်လာ ၃၂၀ ပဲရတယ်။ EU ကိုပို့တဲ့ဟာတွေဆိုရင် ဒေါ်လာ ၄၀၀ ရတယ်။ စသည်ဖြင့် ဈေးနှုန်းပိုရရင် ဆန်ဘယ်နှတန်ပို့တယ် ဆိုတာထက် ဆန်ပို့လိုက်တာကနေပြီးတော့ ငွေဘယ်လောက်ရလဲ ဆိုတာက အရေးကြီးတယ်။ လက်ရှိကိုယ်တို့ကတော့ တန်နှစ်သန်းလောက်ပို့ပြီးတော့ ၁ ဒသမ ၈ သန်း လောက်ပို့ပြီးတော့ ဒေါ်လာ သန်း ၆၀၀ ပဲရတယ်။ Quality ဆန်ကိုသာပို့နိုင်ရင် တစ်သန်းလောက် ပို့ပြီးတော့ ဒေါ်လာတစ်ဘီလျံလောက် ရနိုင်မယ့် အနေအထားရှိတယ်။ ဒါကြောင့်မို့လို Quality တွေ ဦးစားပေးပြီးတော့ ထုတ်လုပ်တဲ့နေရာမှာ Export Income ပေါ့နော်။ ပို့ကုန်ကနေရတဲ့ ဝင်ငွေတွေများလာမယ်။ များလာတဲ့အခါ တိုင်းပြည်အတွက် ပိုပြီးတော့ အကျိုးရှိလာမယ်” ဟု ဦးရဲမင်းအောင်က ဆိုသည်။
ဥရောပသို့ မြန်မာနိုင်ငံမှ ဆန်ပို့မိုတင်ပို့နိုင်ရေးအတွက် ဥရောပသမဂ္ဂ ကုန်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဌာနက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်သို့ ဇွန် ၁၇ ရက်က လာရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
“အခုဟာက ကိုယ်တို့က Broken ပဲပို့တာ။ ကိုယ်တို့တိုင်းပြည်က ၂၀၁၀ ပြည့်နှစ်လောက်မှာမှ ဆန်စပါးကဏ္ဍက ရင်းနှီးမြှုပ်နှံမှုစတင်ပြီး ဦးစားပေးပြီးလုပ်လာတာ။ အရင်တုန်းကဆို သိတဲ့အတိုင်းပဲ ၂၅ မှတ်။ အခုလည်း တရုတ်ကို ၂၅ မှတ်ဆန်ပဲ အများဆုံးပို့နေတာ။ ၂၅ မှတ်ဈေးကွက်က ရေရှည်ထိန်းထားဖို့ ဆိုတာက ရေရှည်ကြရင် ရောင်းတော့ ရောင်းတယ်။ အကျိုးအမြတ်နည်းတာပေါ့။ ဒါကြောင့်မို့လို့ ကိုယ်တို့တွေက ဆန်စက်တွေကို ပြုပြင်သင့်တာလည်း ပြုပြင်ရအောင်လို့ စက်တွေအစားထိုးဖို့အတွက် လုပ်နေတယ်။ အခုလည်း ကိုယ်တို့ရေလမ်းကြောင်းက သွားနေတယ်။ တန်ချိန်တစ်သိန်းလောက် ပို့နိုင်တယ်။ တစ်သိန်းကနေပြီးတော့ နှစ်သိန်းလောက် ပို့နိုင်တဲ့ အနေအထားထိ ဒီနှစ်မှာ ကြိုးစားသွားမှာပါ” ဟု ဦးရဲမင်းအောင်က ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ဥရောပနိုင်ငံများသို့ ဆန်တန်ချိန် တစ်သိန်းဝန်းကျင် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
အထူးသဖြင့် ဥရောပနိုင်များဖြစ်သည့် ဘယ်လ်ဂျီယံ၊ ဒိန်းမက်နှင့် ပိုလန်နိုင်ငံများသို့ အဓိကတင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဥရောပနိုင်ငံများ ဆန်တင်ပို့ရာတွင် အထူးသက်သာခွင့် အခွင့်အရေး ရရှိထားခြင်းကြောင့် ၂၅ မှတ် ဆန်တစ်တန်လျှင် ဒေါ်လာ ၄၀၀ ဝန်းကျင်ရရှိခဲ့ကြောင်း ဦးရဲမင်းအောင်က ပြောကြားသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ဆန်တင်ပို့မှု အနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၄သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၁ ဒသမ၂သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ၁ ဒသမ ၈ သန်း တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင် ဆန်တန်ချိန် နှစ်သန်းကျော်အထိ တင်ပို့ရန် ရည်မှန်းထားကြောင်း သိရသည်။
 

Most Read

Most Recent