ကာယအလှမယ် ခင်ဆုရည်နှင့် တွေ့ဆုံခြင်း

ကာယအလှမယ် ခင်ဆုရည်နှင့် တွေ့ဆုံခြင်း
Published 18 June 2015
လင်းလင်းခိုင်

ယနေ့အင်တာဗျူး ကဏ္ဍတွင် တွေ့ဆုံမေးမြန်းဖြစ်သူက facebook လူမှုကွန်ရက်တွင် ပျံ့နှံ့လာသူ ကာယအလှမယ် ခင်ဆုရည် ဖြစ်သည်။ ဆရာဝန်တစ်ဦးဖြစ်ပြီး နွေရာသီကာယကြံ့ခိုင်မှု သင်တန်းတွင် ကာယကြံ့ခိုင်မှု ပထမဆုကို ဆွတ်ခူးထားသည့် ခင်ဆုရည်နှင့် တွေ့ဆုံဖြစ်သည့်အခိုက် အားကစားလေ့ကျင့်မှု များအကြောင်း၊ ရှေ့ဆက်လုပ်ဆောင်လိုသည့် ရည်မှန်းချက်များ အကြောင်းနှင့် လူမှုကွန်ရက် စာမျက်နှာထက်တွင် အားကစား လေ့ကျင့်မှုများနှင့် ပတ်သက်၍ မျှဝေဖြစ်ခဲ့ပုံများအား မေးမြန်းဖြစ်ခဲ့ပါသည်။

မး - နွေရာသီ အားကစားသင်တန်းရဲ့ ကာယအလှမယ်ပြိုင်ပွဲမှာ ပထမဆုရခဲ့တာဆိုတော့ ဒီပြိုင်ပွဲကို ဘယ်လိုဝင်ပြိုင် ဖြစ်ခဲ့တာလဲဆိုတာ အရင်သိချင်ပါတယ်။
ဖြေ - နွေရာသီအားကစားပြိုင်ပွဲက လူသစ်တန်းပြိုင်ပွဲပါ။ အဲဒီမတိုင်ခင်တုန်းကတော့ MCC မှာ လုပ်ခဲ့တဲ့ ပြည်ထောင်စု မယ်ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ဖူးပါတယ်။ အဲဒီမှာတုန်းကတော့ ဆုမရခဲ့ဘူး။ နွေရာသီပြိုင်ပွဲ အတွက်ကိုက အချိန်တော်တော် စောစောကတည်းက ထရိန်နင်းဝင်ဖြစ်ခဲ့တယ်။ ပြီးတော့ဝင်ရောက် ယှဉ်ပြိုင်ရာမှာ ပထမဆုရခဲ့တာပါ။ လွန်ခဲ့တဲ့ လေးငါးခြောက်လ ကတည်းက လေ့ကျင့်ခဲ့တာပါ။
မေး - ကာယအလှမယ် တစ်ယောက်အဖြစ် ယှဉ်ပြိုင်ဖြစ်စေဖို့ ဘယ်လိုအချက်တွေက inspiration ဖြစ်စေခဲ့လဲ။
ဖြေ - အားကစားကို အရင်ကတည်းက စိတ်ဝင်စားတယ်။ အရင်ကတည်းကလည်း လုပ်ဖြစ်တယ်။ ရေကူးတွေ ဘာတွေလည်း လုပ်ဖြစ်ပါတယ်။ အဓိကတော့ gym နဲ့ပတ်သက်လို့ body building ပိုင်းကို အရမ်းသဘောကျတယ်။ ဒါကြောင့် gym မှာ သေချာကစားဖြစ်ရင်းက ကာယအလှမယ် ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်သွားတာပါ။
မေး- body building ပိုင်းက နိုင်ငံတကာမှာ ဆိုရင်လည်း အသက်ငယ်ငယ် ကတည်းက ကစားကြတယ် ဆိုတော့ ဆုရည်ကရော ဘယ်အရွယ်ကတည်းက ကစားဖြစ်လဲ။
ဖြေ -  အသက် ၁၂ နှစ် ၁၃ နှစ်လောက် ကတည်းက အိမ်မှာကစား ဖြစ်ပါတယ်။ တီဗီမှာလာတဲ့ အေရိုးဗစ်တွေ ဘာတွေကြည့်ပြီး လိုက်ကစား ဖြစ်တာရှိတယ်။ မေမေကလည်း အားကစား လေ့ကျင့်တဲ့ စက်ပစ္စည်းတွေ ဝယ်ပေးထားတော့ လိုက်လုပ်ဖြစ်တယ်။ စက်ဘီးနင်းတယ်။ အိပ်ထမတင် လုပ်ဖြစ်တယ်။ ကြားထဲမှာ ၁၀ တန်း စာမေးပွဲဖြေတော့ စာကျက်ရတာ များတဲ့အတွက် အချိန်မပေး နိုင်တော့ဘူး။ ဆေးကျောင်းတက်တော့လည်း စာများတော့ သေချာပြန် မလုပ်ဖြစ်ဘူး။ ကျောင်းပြီးမှပဲ body building ကို သေချာပြန်လုပ်ဖြစ်တာပါ။
မေး- နွေရာသီ အားကစားပြိုင်ပွဲမဝင်ခင် လေ့ကျင့်ချိန် ခြောက်လလောက် ရတယ်ဆိုတော့ တကယ်ယှဉ်ပြိုင်တဲ့ အချိန်မှာရော အားရခဲ့လား။
ဖြေ - ခြောက်လလောက် လေ့ကျင့်ခဲ့ပြီး ပထမဆုရခဲ့တယ်ဆိုတော့ လေ့ကျင့်ရကျိုးနပ်ပါတယ်။ အားရလား ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် အားမရပါဘူး။ အခုထိလည်း အားမရသေးပါဘူး။ အများကြီး လေ့ကျင့်သွားဦးမှာပါ။
မေး - မော်ဒယ်လ်နဲ့ ပတ်သက်လို့ရော လုပ်ဖြစ်လား။
ဖြေ - မော်ဒယ်လ်နဲ့ ပတ်သက်လို့ကတော့ ဓာတ်ပုံရိုက်တာလောက်ပဲ အဓိက လုပ်ဖြစ်ပါတယ်။ အခြားလှုပ်ရှားမှု အများကြီး မလုပ်ဖြစ်သေးပါဘူး။ အလုပ်တစ်ဖက်လည်း ရှိနေတော့လေ။
မေး- gym ကိုပုံမှန်သွားတယ်ဆိုတော့ အဲဒီရဲ့အကျိုးကျေးဇူးကိုရော ဘယ်လိုနားလည်ထားလဲ။
ဖြေ- gym သွားပြီးတဲ့အခါ စိတ်လက်ပေါ့ပါးတယ်။ ကျန်းမာရေးအရလည်း အရမ်းကောင်းတယ်။ ကစားပြီးသွားတဲ့အခါ ချွေးတွေဘာတွေ ထွက်သွားပြီး ပေါ့သွားတယ်ပေါ့လေ။ အဓိကတော့ gym ကစားတဲ့သူ အများစုက စွဲသလို ဖြစ်နေတာများတယ်။ တစ်နေ့တစ်ခါ မသွားလိုက်ရရင် မနေနိုင်ဘူး ဖြစ်နေတာ။ မသွားလိုက်ရရင်ကို အခြားအလုပ်တွေ လုပ်နေလည်း စိတ်က မကြည်ဘူးဖြစ်နေတာ။ အဓိကတော့ gym ကိုစွဲနေတာလို့ ပြောလို့ရပါတယ်။
မေး- ဆရာဝန်အလုပ်နဲ့ ကိုယ်ဝါသနာပါတဲ့ အားကစား အတွက်ကျတော့ အချိန်ဘယ်လိုမျှပြီး ပေးဖြစ်လဲ။
ဖြေ- Time Management ကတော့ သေချာလုပ်ရပါတယ်။ အလုပ်အတွက်လည်း အချိန်ပေးရသလို အိမ်ကိစ္စဆိုတာလည်း ရှိသေးတယ်လေ။ အဲဒီကြားထဲက gym သွားဖို့ အတွက်လည်း အချိန်ကိုသေချာ စီမံခန့်ခွဲဖြစ်ပါတယ်။
မေး- လူမှုကွန်ရက် facebook မှာ ဓာတ်ပုံလေးတွေတင်တယ်၊ အဲဒီပုံတွေကိုလည်း အားပေးတဲ့ ပရိသတ် များတယ်နော်။ ဓာတ်ပုံတွေတင်ဖြစ်တဲ့ အဓိက ရည်ရွယ်ချက်ကိုလည်း သိချင်ပါတယ်။
ဖြေ- အဓိကတော့ ဆုရည်လိုပဲ gym ကို စိတ်ဝင်စားတဲ့သူတွေကို motivation ပေးချင်တာ ပါပါတယ်။ နောက်တစ်ခုကတော့ ဆရာဝန်လည်း ဆရာဝန်၊ အားကစားသမားလည်း အားကစားသမား ဖြစ်နေတော့ အားလုံးကို Healthy Lifestyle နေစေချင်တယ်။ အစားဆိုရင်လည်း Healthy Diet စားစေချင်တယ်။ အဲဒီရည်ရွယ်ချက်နဲ့ပါ။
မေး- လူမှုကွန်ရက်က ကိုယ်ပေးချင်တဲ့ mseesge ကို အလွယ်တကူ ပျံ့နှံ့လွယ်တယ်ဆိုတော့ အဲဒီအချက်ကိုရော ဘယ်လိုမြင်လဲ။
ဖြေ- သေချာအကျိုးရှိအောင် သုံးတတ်မယ်ဆိုရင် ကောင်းပါတယ်။ အင်တာနက်မှာက မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးနဲ့ ဆုံခွင့်ရနိုင်တယ်။ တခြားစာပေနဲ့ ပတ်သက်ပြီးတော့ လေ့လာချင်တယ် ဆိုရင်လည်း လေ့လာနိုင်တယ်။ သေချာအကျိုးရှိအောင် သုံးတတ်မယ် ဆိုရင်တော့ အကျိုးရှိမှာပါ။
မေး- ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေကိုရော အကောင်အထည် ဖော်နိုင်ပြီလို့ ဆိုနိုင်မလား။
ဖြေ- အခုချိန်ထိတော့ကိုယ့်ကိုယ်ကိုယ် အားမရသေးပါဘူး။ ဖြစ်ချင်တာတွေကို အပြည့် အ၀ အကောင်အထည် မဖော်နိုင် သေးပါဘူး။
မေး- နောက်ထပ်အားကစားပြိုင်ပွဲတွေ၊ Miss ပြိုင်ပွဲတွေရော ဝင်ပြိုင်ဖို့ရှိဦးမလား။
ဖြေ- ဟုတ်ကဲ့ရှိပါတယ်။ အားကစားပြိုင်ပွဲတွေထပ်ပြီး ယှဉ်ပြိုင်ဖြစ်ဦးမှာပါ။
မေး- နိုင်ငံတကာမှာ သွားရောက်ယှဉ်ပြိုင်ရမယ့် Miss ပြိုင်ပွဲတွေမှာရော ပြိုင်ဖို့ရှိမလား။
ဖြေ - အခွင့်အရေးရရင်တော့ သွားပြိုင်ချင်ပါတယ်။