တရုတ်ဟက်ကာများ အမေရိကန် စစ်ဘက်ဆိုင်ရာ အချက်အလက်များကို ရရှိသွားခဲ့

တရုတ်ဟက်ကာများ အမေရိကန် စစ်ဘက်ဆိုင်ရာ အချက်အလက်များကို ရရှိသွားခဲ့
Published 14 June 2015

အမေရိကန်အစိုးရ၏ လူသားအရင်း အမြစ်ဆိုင်ရာ မှတ်တမ်းများကို ခိုးဝင်ခဲ့ကြသော တရုတ်ဟက်ကာများသည် အမေရိကန်အစိုးရ ဝန်ထမ်းအားလုံး၏ အရေးကြီးသော အချက်အလက်များကို ရရှိသွားခဲ့ကြကြောင်း၊ ထို့ပြင် အမေရိကန်ထောက်လှမ်းရေးနှင့် စစ်ဘက်ဆိုင်ရာ အမှုထမ်းများ၏ အရေးကြီး အချက်အလက်များကို ရရှိသွားခဲ့ကြဖွယ်ရှိကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက ဇွန် ၁၂ ရက်တွင် ဖော်ပြခဲ့သည်။ 
 
တရုတ်နိုင်ငံမှဟု ယူဆရသော အွန်လိုင်းတိုက်ခိုက်ခံရမှုနှစ်ခုကို စုံစမ်းစစ်ဆေးသူများက စစ်ဆေးနေကြောင်း၊ ဟက်ကာများသည် အမေရိကန်အစိုးရ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုအဖွဲ့ Office Of Personnel Management (OPM) အဖွဲ့ရုံး၏ အချက်အလက်ဘဏ်မှ အစိုးရအဖွဲ့ဝန်ထမ်းဆိုင်ရာ မှတ်တမ်းများကို ဝင်ရောက်ကြည့်ရှုခဲ့ကြကြောင်း ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။
အမေရိကန်အစိုးရ၏ ဝန်ထမ်းဆိုင်ရာ သတင်းအချက်အလက်များကို ယခင်တစ်ပတ်က တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ဒုတိယ အကြိမ် တိုက်ခိုက်ခံရပြီးနောက် အသေး စိတ်အချက်အလက်များကို တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
 
တရုတ်နှင့် ဆက်နွှယ်နေသည်ဟု ယုံ ကြည်ရသော ဟက်ကာများသည် အမေရိ ကန်အစိုးရဝန်ထမ်းများ၏ လျှို့ဝှက် ကိုယ် ပိုင်နံပါတ်များကို ရရှိသွားခဲ့ကြကြောင်း     အမေရိကန်အစိုးရဝန်ထမ်းများအဖွဲ့ချုပ်က အာဏာပိုင်များထံ ပေးပို့သောစာတွင် ရေး သားခဲ့သည်။ 
 
ဟက်ကာများသည် OPM ရုံးတိုက်ခိုက်မှုတွင် စီအိုင်အေနှင့် အမေရိကန် စစ်သားများ၏ လုံခြုံရေးဆိုင်ရာ အချက်အလက်များကို ပစ်မှတ်ထားခဲ့ကြကြောင်း အမည်မဖော်လိုသော တာဝန်ရှိသူများက အေပီကို ပြောကြားခဲ့သည်။ ဟက်ကာတိုက်ခိုက်ခံရမှုကြောင့် ဝန်ထမ်းလေးသန်းခန့်၏ အချက်အလက်များ ပေါက်ကြားခဲ့ကြောင်း အစောပိုင်းက ခန့်မှန်းခဲ့သော်လည်း နောက်ပိုင်းတွင် ဝန်ထမ်း ၁၄ သန်းခန့်၏ အချက်အလက်များ ပါဝင်သွားနိုင်ကြောင်း စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သည့် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
 
ဝန်ထမ်းများ၏ ဘဏ္ဍာရေးဆိုင်ရာ မှတ်တမ်းများ၊ ရင်းနှီးမြှုပ်နံှမှုဆိုင်ရာ မှတ်တမ်းများ၊ မိသားစု မှတ်တမ်းများ၊ နိုင်ငံခြားသားများ၊ အိမ်နီးချင်းများနှင့် မိတ်ဆွေများနှင့် အ ဆက်အသွယ်မှတ်တမ်းများ စသည့်အချက်အလက်များ အပါအဝင် ကိုယ်ရေးဆိုင်ရာ အချက်အလက်မှတ်တမ်းများ ပါဝင်သည့် အချက်အလက်ဘဏ်ကို ဟက်ကာများက ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကြောင်း ဝါရှင်တန်ပို့စ်က ဆိုသည်။
 
ဟက်ကာတိုက်ခိုက်ခံရမှု နှစ်ကြိမ်စလုံး၏ နောက်ကွယ်တွင် တရုတ်နိုင်ငံ၌ အခြေစိုက်သည်ဟု ယုံကြည်ရသော ဟက်ကာများ ပါဝင်ကြောင်း အမေရိကန်က ပြောကြားထားပြီး တရုတ်က ယင်းစွပ်စွဲမှုများသည် တာဝန်ကင်းမဲ့ကြောင်း ပြောကြားခဲ့သည်။
Ref:AFP

Most Read

Most Recent