ပုဒ်မ ၅၉ (စ) နှင့် ပုဒ်မ ၄၃၆ တို့ပြင်ဆင်ရန်ပါဝင်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း

ပုဒ်မ ၅၉ (စ) နှင့် ပုဒ်မ ၄၃၆ တို့ပြင်ဆင်ရန်ပါဝင်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း
Published 10 June 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ပုဒ်မ ၅၉ (စ) နှင့် ပုဒ်မ ၄၃၆ တို့ပြင်ဆင်ရန်ပါဝင်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်သို့ ဇွန် ၁၀ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြစ်ကြီးနားမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က တင်သွင်းခဲ့သည်။ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများအခန်းပါ ပုဒ်မခွဲ (စ) ဖြစ်သည့် “မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားခွင့်ရှိသူများ မဖြစ်စေရ” ဆိုသည့် နေရာတွင် “မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏  မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင် သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားခွင့်ရှိသူများ မဖြစ်စေရ” ဟု အစားထိုး ပြင်ဆင်ထားသည်။ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်းပါ ပုဒ်မ ၄၃၆ (က) ဖြစ်သည့် “ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း (၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်” ဆိုသည့် စာသားနေရာတွင် “ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း (၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ရာခိုင်နှုန်း ၇၀ အောက်မလျော့သော လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်” ဟု အစားထိုးပြင်ဆင်ထားသည်။ထို့ပြင် ၄၃၆ (ခ)ဖြစ်သည့် “ပုဒ်မခွဲ (က)တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်” ဆိုသည့် စာသားနေရာတွင် “ပုဒ်မခွဲ (က) တွင် ဖော်ပြထားသော ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ရာခိုင်နှုန်း ၇၀ အောက်မလျော့သော လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်” ဟု အစားထိုးထားသည်။ဦးသိန်းဇော်က အဆိုတင်သွင်းရာတွင် လွှတ်တော်တွင်းကိုယ်စားလှယ်များ၏ သဘောတူညီချက်များဖြင့် ပြင်ဆင်နိုင်သည့် ပုဒ်မများအား ပြင်ဆင်နိုင်ရန် အဆိုတစ်ခုနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ပြီးမှ ပြင်ဆင်နိုင်သော ပုဒ်မများအား ပြင်ဆင်နိုင်ရန် အဆိုတစ်ခု စုစုပေါင်း အဆိုနှစ်ခုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။ရွေးကောက်ပွဲကျင်းပရန် ငါးလခန့်သာ ကျန်ရှိတော့သည့် အချိန်တွင် ယခုကဲ့သို့ ဥပဒေကြမ်း လွှတ်တော်သို့ ရောက်ရှိလာသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် မျှော်လင့်ချက်ရှိလာကြောင်း၊ တင်သွင်းလာသည့် ဥပဒေကြမ်းအား အချိန်ကြာမြင့်စွာ စောင့်ဆိုင်းမနေဘဲ လွတ်တော်အတွင်း လျင်မြန်စွာ မဲခွဲဆုံးဖြတ်နိုင်ရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ပြောကြားသည်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်လေ့လာ သုံးသပ်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီမှ သူရဦးအေးမြင့်က ၂၀-၃-၂၀၁၃ တွင် အဆိုတင်သွင်းခဲ့သည်။ ၎င်းအဆိုအား ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းဇော်က ထောက်ခံခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၎င်းကော်မတီမှ ၃၁-၁-၂၀၁၄ တွင် အစီရင်ခံစာ တင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို ဆက်လက်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီသည် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာကို တင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မစုစုပေါင်း ၄၅၇ ခုအနက်မှ ပုဒ်မ ၅၉ (စ) အပါအဝင် ပုဒ်မပေါင်း ၂၁၀ အား ပြင်ဆင်ရန် အကြံပြုခဲ့ကြောင်း ဦးသိန်းဇော်က အဆိုတင်သွင်းရာတွင် ထည့်သွင်းပြောကြားသည်။

Most Read

Most Recent