အမေရိကန်တစ်ဒေါ်လာ ကျပ် ၁၂၃၀ အထိ စံချိန်တင်မြင့်တက်

အမေရိကန်တစ်ဒေါ်လာ ကျပ် ၁၂၃၀ အထိ စံချိန်တင်မြင့်တက်
Published 10 June 2015
သတင်းအယ်ဒီတာအဖွဲ့

အမေရိကန်တစ်ဒေါ်လာ ကျပ် ၁၂၃၀ အထိ စံချိန်တင်မြင့်တက်
 
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံကို ပိတ်ဆို့မည်ဆိုပါက အခါတစ်ရာပိတ် ဂရုမစိုက်ဘူးဟူသော မှတ်ချက်စကား ထွက်ပေါ်ပြီးနောက် ဒေါ်လာငွေလဲနှုန်း တစ်ရက်အတွင်း ၃၅ ကျပ် မြင့်တက်သွား
 
 
ဇွန် ၉ ရက်တွင် အမေရိကန်တစ်ဒေါ်လာ ကျပ် ၁၂၃၀ အထိ စံချိန်တင် မြင့်တက်သွားကြောင်း သိရသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစ၍ ဆက်တိုက်မြင့်တက်လာသော ဒေါ်လာငွေလဲနှုန်းသည် ဇွန် ၈ ရက်က ပြုလုပ်သော ရွေးကောက်ပွဲကော်မရှင်၏ မီဒီယာတွေ့ဆုံပွဲတွင် ကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲနှင့် ပတ်သက်သောမှတ်ချက်စကား ထွက်ပေါ်ပြီးနောက် ဒေါ်လာငွေလဲနှုန်းမှာ တစ်ရက်အတွင်း ၃၅ကျပ် မြင့်တက်သွားခြင်းဖြစ်သည်။
 
ဇွန် ၈ ရက်က ပြုလုပ်သော ရွေးကောက်ပွဲကော်မရှင်၏ မီဒီယာရှင်းလင်းပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက “....၄ ရက်နေ့ကျတော့ မစ်မက်ကော်နယ်က ဘာပြောလဲဆိုတော့ မြန်မာပြည်မှာ ရွေးကောက်ပွဲက လူထုဆန္ဒ မထင်ဟပ်ဘူးဆိုရင် တပ်မတော်နဲ့ ဆက်ဆံရေး ပျက်ပြားသွားနိုင်တယ်။ စီးပွားရေး ပျက်ပြားသွားနိုင်တယ်။ ကျွန်တော်မကြောက်ပါဘူး။ လူထုဆန္ဒ မထင်ဟပ်ဘူးဆိုတာ ဘာတိုင်းတာတာလဲ။ သူနိုင်စေချင်တဲ့ပါတီ မနိုင်လို့ လူထုဆန္ဒ မထင်ဟပ်ဘူးဆိုရင် ဒီဟာမျိုးကျတော့ လက်မခံနိုင်ဘူး။ သူနိုင်စေချင်တဲ့ပါတီ နိုင်တာဟာ လူထုဆန္ဒ ထင်ဟပ်တယ်လို့ သဘောထားရင် NO ပဲ။ ဘယ်ပါတီ နိုင်နိုင် လူထုသဘောထားအတိုင်းပဲ ဖြစ်ရမယ်။ သူ နိုင်စေချင်တဲ့ ပါတီမနိုင်ရင် လူထုသဘောထား မထင်ဟပ်တာဖြစ်တဲ့ အတွက်ကြောင့် မြန်မာပြည်ကို ပိတ်ဆို့မယ်ဆိုရင် အခါ ၁၀၀ ပိတ် ကျွန်တော် ဂရုမစိုက်ဘူး...” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
 
၎င်းအနေဖြင့် NLD ပါတီမှ ရွေးကောက်ပွဲကော်မရှင်သို့ အခြေခံမဲစာရင်းနှင့် ပတ်သက်သော အားနည်းချက်များအား ရေးသားထားသည့် အိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
 
နိုင်ငံရေးမတည်ငြိမ်မှုနှင့် ရွေးကောက်ပွဲအပေါ် မယုံကြည်မှုများ ရှိနေချိန် အခြေခံမဲစာရင်းကြေညာရာတွင် အားနည်းချက်များ၊ မှားယွင်းမှုများ ထွက်ပေါ်နေချိန်တွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။
 
ဒေါ်လာငွေလဲနှုန်းမှာ တစ်ပတ်တာကာလအတွင်း သိသိသာသာပြောင်းလဲခဲ့ပြီး ဇွန် ၃ ရက်တွင် ၁၁၅၂ ကျပ်ရှိကာ ဇွန် ၄ ရက်နှင့် ၅ ရက်များတွင် ၁၁၆၅ ကျပ်နှင့် ၁၁၆၈ စသည်ဖြင့် မြင့်တက်ခဲ့ပြီး ယခု ဇွန် ၉ ရက်တွင် ဒေါ်လာငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် ၁၂၃၀ အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ စနေ၊ တနင်္ဂနွေအပြီး ဇွန် ၈ ရက် တနင်္လာနေ့တွင် တစ်ဒေါ်လာလျှင် ငွေလဲနှုန်း ၁၁၉၅ ကျပ်သို့ ရောက်ရှိခဲ့ပြီး တစ်ရက်အတွင်း ယခုကဲ့သို့ ၃၅ ကျပ်အထိ မြင့်တက်ကာ ဇွန် ၉ ရက်တွင် ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၁၂၃၀ ကျပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
 
ငွေလဲနှုန်းရှင် သတ်မှတ်ပြီး သုံးနှစ်ကျော်ကြာ ပြင်ပဈေးကွက်တွင် ဇွန် ၉ ရက်၌ အမေရိကန်တစ်ဒေါ်လာ လဲနှုန်း ငွေကျပ် ၁၂၃၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး မြန်မာ့စီးပွားရေးကဏ္ဍကို ကြီးမားစွာ ရိုက်ခတ်မှုဖြစ်လာကြောင်း နိုင်ငံခြားရေးငွေကြေးလဲလှယ်ရောင်းဝယ်ရေး ဈေးကွက်အသိုင်းအဝိုင်းထံမှ သိရသည်။ 
 
၂၀၁၅ ခုနှစ် ဇွန် ဒုတိယပတ် ရောက်ချိန်တွင် အမေရိကန် တစ်ဒေါ်လာ ရောင်းဈေး ငွေကျပ် ၁၂၃၀ ဝန်းကျင်၊ ဝယ်ဈေး ငွေကျပ် ၁၂၂၀ ဝန်းကျင်သို့ ရောက်ရှိလာပြီး  ၂၀၁၄ ခုနှစ် ဇွန်ဒုတိယပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၂၅၉ ကျပ်ဝန်းကျင် တက်လာခဲ့ခြင်း ဖြစ်သည်။ 
 
ရာခိုင်နှုန်းအားဖြင့် ၂၀၁၂ ဧပြီလက စတင်ခဲ့သော ငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာတန်ဖိုး ၈၁၅ ကျပ်နှင့် နှိုင်းယှဉ်ပါက သုံးနှစ်အတွင်း မြန်မာငွေတန်ဖိုးမှာ ဒေါ်လာဖြင့် နှိုင်းယှဉ်လျှင် ရာခိုင်နှုန်း ၅၀ ကျော်အထိ စံချိန်တင် ကျဆင်းခဲ့ခြင်း ဖြစ်သည်။ 
 
မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ငွေကြေးမူဝါဒ ပြုပြင်ပြောင်းလဲနိုင်ရန်အတွက်  အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်ကဲ့သို့  အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ငွေလဲနှုန်းကို တစ်မျိုးတည်းပေါင်းစည်းရေးနှင့် ထိန်းကျောင်းမှုရှိသော ငွေလဲနှုန်းစနစ် စတင်ခြင်းကို ၂၀၁၂ ခုနှစ် ဧပြီလတွင် စတင်ခဲ့ခြင်း ဖြစ်သည်။ 
 
ငွေလဲနှုန်းစနစ် စတင်ပြီးနောက်ပိုင်း ဗဟိုဘဏ်က ထိန်းကျောင်းနေသည့်ကြားကပင် မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းမှု ဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန်လတွင် ပြင်ပဈေးကွက် ရောင်းဈေး အမေရိကန် တစ်ဒေါ်လာလျှင်  ၉၅၃ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၉၅၁ ကျပ် ဝန်းကျင်သို့ ရောက်ရှိခဲ့သည်။ ၂၀၁၄ ခုနှစ် ဇွန်လတွင်မူ ပြင်ပဈေးကွက် ရောင်းဈေး အမေရိကန် တစ်ဒေါ်လာရောင်းဈေး ၉၇၁ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၉၆၉ ကျပ်ဝန်းကျင်သို့ ရောက်ရှိပြီး ယခုနှစ် ဇွန်လတွင် ရောင်းဈေး ငွေကျပ် ၁၂၃၀ ဝန်းကျင်၊ ဝယ်ဈေးငွေကျပ် ၁၂၂၀ ဝန်းကျင်သို့  ရောက်ရှိခဲ့ခြင်းဖြစ်သည်။ 
 
ဗဟိုဘဏ်သည် ၎င်းတို့အနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်းအား ထိန်းသိမ်းလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့အားဖြင့် ထိန်းသိမ်းနိုင်မှုမရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ 
 
“ဈေးကွက်ထဲမှာတော့ တကယ်တမ်း ဗဟိုဘဏ်ထုတ်ပြန်သလို အရေးယူတာ၊ ထိန်းသိမ်းတာ ထင်ထင်ရှားရှားမတွေ့ရဘူး။ ကျွန်တာ်တို့ လုပ်ငန်းရှင်တွေ ကြားထဲမှာတော့ ငွေလဲနှုန်းတက်တာကို သက်ဆိုင်ရာ ထိန်းသိမ်းရမယ့်အဖွဲ့တွေ့မထိန်းဘဲ ထိုင်ကြည့်နေတယ်လို့တောင် သတ်မှတ်ထားကြတဲ့အထိပါပဲ။ ပုဂ္ဂလိကဘဏ်တွေအကြိုက်၊ ပွဲစားတွေ အကြိုက်ဖြစ်အောင်များ  ထိုင်ကြည့်နေသလားလို့တောင် မေးတဲ့သူကမေး၊ ပြောတဲ့သူက ပြောနေကြပါပြီ”ဟု စက်သုံးဆီသွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။ 
 
၂၀၁၂ ခုနှစ် နောက်ပိုင်း နိုင်ငံခြားငွေဈေးကွက်တွင် မြန်မာငွေတန်ဖိုး ကျဆင်းမှုမှာ အဆိုးရွားဆုံး ရာခိုင်နှုန်း ၅၀ ကျော်အထိ ရှိလာသည့်နည်းတူ အခြားငွေကြေးများဖြင့် နှိုင်းယှဉ်ကလည်း မြန်မာငွေတန်ဖိုးမှာ ရာခိုင်နှုန်း ၂၀ မှ ရာခိုင်နှုန်း ၃၀ အထိ ကျဆင်းလျက်ရှိပါသည်။ 
ထိုကျဆင်းမှုသည် ပြီးခဲ့သည့် ၁၀နှစ်ကျော် ၁၅ နှစ်အတွင်း နောက်ဆုံးလေးနှစ်၌ အဆိုးရွားဆုံး ကျဆင်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ မြန်မာငွေတန်ဖိုးကျဆင်းမှုက မြန်မာ့စီးပွားရေးအပေါ် ကြီးမားစွာ ရိုက်ခတ်ပြီး မြန်မာ့စီးပွားရေး ပြိုကျလာနိုင်သည်အထိ သက်ရောက်မှုရှိနေသည်။ 
 
ပြီးခဲ့သည့် ဧပြီလအတွင်းက Weekly Eleven သတင်းဂျာနယ်၌ “မြန်မာ့စီးပွားရေး ပြိုလဲသွားနိုင်သလား” သတင်းဆောင်းပါး တစ်ရပ်ကို ဖော်ပြခဲ့ပြီး ထိုဆောင်းပါး၌ မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေမှုကိုလည်း အချက်တစ်ချက်အနေဖြင့် ဖော်ပြခဲ့သည်။ 
 
မြန်မာ့စီးပွားရေး၌ ပို့ကုန်ထက် သွင်းကုန်များပြားနေသောကြောင့် မြန်မာငွေတန်ဖိုး ကျဆင်းသည်နှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်လာမည်ကို ဆက်စပ်ဖော်ပြခဲ့သောအချက်များ ထိုဆောင်းပါး၌ ပါရှိခဲ့သည်။ 
 
ထို့အတူ ၂၀၁၅ ခုနှစ်အတွက် ငွေကြေးဖောင်းပွမှုနှုန်းက ၈ ဒသမ ၁၁ ရာခိုင်နှုန်းသို့ ရောက်လာမည်ဖြစ်ပြီး အစိုးရအသုံးစရိတ် ဘတ်ဂျက်လိုငွေမှာ စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိလာမည်ဖြစ်သဖြင့် ထိုအချက်များကလည်း နိုင်ငံ့စီးပွားရေးကို ရိုက်ခတ်နေမည် ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။ 
 
အစိုးရ၏ အသုံးစရိတ်ဘတ်ဂျက် လိုငွေမှာ ပြီးခဲ့သည့် လေးနှစ်ကျော်ကာလအတွင်း အစိုးရအသုံးစရိတ်လိုငွေ စုစုပေါင်းမှာ ကျပ်ဘီလျံ ၁၀၀၀၀ ကျော် အထိ ရှိလာခဲ့ပြီး ထိုပမာဏသည် နိုင်ငံ၏ စီးပွားရေးအခြေအနေ၊ ကုန်သွယ်မှုရငွေများနှင့် နှိုင်းယှဉ်ပါက စိုးရိမ်ဖွယ်အခြေအနေသို့  ရောက်လာခဲ့ခြင်းဖြစ်သည်။ 
 
လက်ရှိအချိန်တွင် မြန်မာငွေတန်ဖိုး ကျဆင်းမှု၊ သွင်းကုန်တင်သွင်းမှု၊ ကုန်သွယ်မှုလိုငွေ ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်လာမှုနှင့်  အစိုးရအသုံးစရိတ် ဘတ်ဂျက်လိုငွေများ အမြင့်ဆုံးသို့ ရောက်လာသဖြင့် ထိုအခြေအနေများက မြန်မာ့စီးပွားရေး ပြိုကျနိုင်ခြေကို ခြိမ်းခြောက်လျက်ရှိသည်။
 
ဇွန် ၈ ရက်က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ မှတ်ချက်စကား ထွက်ပေါ်အပြီး ဒေါ်လာငွေလဲနှုန်း ရုတ်တရက်မြင့်တက်မှုအပေါ် အမြင်အမျိုးမျိုးဖြင့် ဝေဖန်သုံးသပ်မှုများ ရှိနေသည်။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မှတ်ချက်စကားများ ထုတ်ဖော်ပြောဆိုလေ့ရှိရာ လွန်ခဲ့သည့် ၂၀၁၄ ဒီဇင်ဘာလအတွင်းကလည်း “ကျွန်တော်ခဏခဏ ပြောပါတယ်။ တပ်မတော်ဘာကြောင့်ပါနေတာလဲ။ ဒီခါးသီးတဲ့အတွေ့အကြုံတွေ ကျွန်တော်တို့ မလိုချင်တော့ဘူး။ အာဏာပြန်သိမ်းရတာတွေ ကျွန်တော်တို့ မလိုချင်တော့ဘူး။ စစ်တပ်က စစ်တပ်မှာ သူ့ဘာသာသူ နေတာပဲ။ တည်ငြိမ်အေးချမ်းနေသမျှ စစ်တပ်က အာဏာသိမ်းစရာမလိုဘူး။ သူ့နေရာမှာ သူနေမှာပဲ။ မတည်ငြိမ် မအေးချမ်းလာရင် စစ်တပ်က အာဏာသိမ်းရမှာပဲ ။အဲဒါ ကျွန်တော်တို့ တည်ငြိမ်အေးချမ်းမှုအတွက် လုပ်ရမယ်။ ဖွံ့ဖြိုးတိုးတက်မှသာလျှင် ဆူဆူပူပူမဖြစ်ဘူး။ ဆူဆူပူပူဖြစ်လာရင် အာဏာပြန်သိမ်းမယ်” ဟု ပြောကြားထားဖူးသည်။
 
 
 
 
 

Most Read

Most Recent