ပြည်တွင်း၌ ဆန်ကြမ်းဈေး ထပ်မံမြင့်တက်လာပြီး ပြည်ပဝယ်လိုအားကြောင့် မဟုတ်ဘဲ ဆန်လက်ကျန် နည်းခြင်းကြောင့်ဟုဆို

ပြည်တွင်း၌ ဆန်ကြမ်းဈေး ထပ်မံမြင့်တက်လာပြီး ပြည်ပဝယ်လိုအားကြောင့် မဟုတ်ဘဲ ဆန်လက်ကျန် နည်းခြင်းကြောင့်ဟုဆို
Published 8 June 2015
ချမ်းမြေ့သူ

ပြည်တွင်း၌ ဆန်ကြမ်းဈေးထပ်မံ မြင့်တက်လာပြီး ပြည်ပဝယ်လိုအားကြောင့် မဟုတ်ဘဲ ဆန်လက်ကျန် နည်းနေခြင်းကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ပြည်တွင်းမှာ ဆန်နဲ့စပါးက အရင်နှစ်တွေထက် နှိုင်းယှဉ်ရင် လက်ကျန်နည်းနေတယ်။ ပြီးတော့ ဈေးကွက်မှာကတော့ ငွေလဲဈေးမြင့်နေတာကြောင့် ဆန်ဈေးတက်နေတာပေါ့။ ပြည်ပကဝယ်လိုအားများလို့ ပြည်ပကို ရောင်းဈေးတက်နေလို့ စတဲ့အချက်တွေကြောင့် တက်တာတော့ မဟုတ်ပါဘူး။ အခုဆိုရင် ဆန်တင်ပို့မှုက နေ့တိုင်းရှိနေတယ်။ နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းကပဲ ပို့တာများတယ်။ နိုင်ငံခြားကို ရောင်းတဲ့ဈေး FOB ကတော့ အပြောင်းအလဲ မရှိပါဘူး” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး တစ်ဦးဖြစ်သည့် ဦးလူမော်မြင့်မောင်က ပြောကြားသည်။
ဆန်ကြမ်းဈေးနှုန်းများမှာ မေလအတွင်းကလည်း အမျိုးအစားအလိုက် တစ်အိတ်လျှင် ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ အထိ မြင့်တက်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယခု ဇွန်လအတွင်း၌လည်း တစ်အိတ်လျှင် ကျပ် ၁၀၀၀ စီထပ်မံမြင့်တက် ခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်း လက်လီဆန်ဈေးကွက်အတွင်းမှ သိရသည်။
“ဆန်ကြမ်းဈေးက ထပ်တက်ပြန်ပြီ။ တစ်အိတ်ကို ၁၀၀၀ လောက်တက်တယ်။ လက်ကားဈေးက တက်တဲ့အတွက် လက်လီရောင်းဈေး တက်သွားတာ။ ဒီနှစ်ဆန်ဈေး တက်တာစိပ်တယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေအိုးဆန်ဆိုင်မှ ဒေါ်စန္ဒာရွှေက ဆိုသည်။
ဈေးကွက်အတွင်း၌ ဆန်ကြမ်း အမျိုးအစားအလိုက် ဈေးမြင့်တက်မှု ဖြစ်ပေါ်နေခြင်းဖြစ်ကာ ယခင်က မနောသုခတစ်အိတ်လျှင် ကျပ် ၂၁၀၀၀ ရှိရာမှ ယခု တစ်အိတ်လျှင် ကျပ် ၂၂၀၀၀၊ ဧည့်မထတစ်အိတ်လျှင်  ယခင်က ကျပ် ၂၁၀၀၀ ရှိရာမှ ယခု ၂၂၀၀၀၊ ငစိန်တစ်အိတ်လျှင် ယခင်က ကျပ် ၁၈၀၀၀ ရှိရာမှ ယခု ၁၉၀၀၀ နှင့် ဇီယာ(နွေ) တစ်အိတ် လျှင် ယခင်က ကျပ် ၁၉၀၀၀ ရှိရာမှ ယခု ကျပ် ၂၀၀၀၀ အထိ ဈေးနှုန်းအသီးသီး မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
ဆန်ဈေးနှုန်းများမှာ လက်ကားရောင်းချသည့် ဈေး၌ပင် ဈေးမြင့်တက်မှုဖြစ်ပေါ်နေ ခြင်းကြောင့် လက်ကားဈေးကွက်မှ လက်လီ ပြန်လည်ဝယ်ယူရောင်းချသည့် နေရာဒေသအလိုက် သယ်ယူစရိတ်နှင့် ရောင်းချသည့် နေရာပေါ်မူတည်လည်း ပြန်လည်ရောင်း ချသည့် ဈေးမြင့်တက်မှုနှုန်း ပြောင်းလဲနိုင်ကြောင်း သိရသည်။                         

Most Read

Most Recent