တောင်ကိုရီးယား၌ MERS ရောဂါဖြင့် သေဆုံးသူ ငါးဦးအထိ မြင့်တက်လာပြီး ရောဂါထပ်မံ ကူးစက်ခံရသူ ၁၄ ဦး တွေ့ရှိ

တောင်ကိုရီးယား၌ MERS ရောဂါဖြင့် သေဆုံးသူ ငါးဦးအထိ မြင့်တက်လာပြီး ရောဂါထပ်မံ ကူးစက်ခံရသူ ၁၄ ဦး တွေ့ရှိ
Published 8 June 2015

တောင်ကိုရီးယားနိုင်ငံတွင် MERS ရောဂါကြောင့် သေဆုံးသူ ငါးဦးရှိသွားပြီဖြစ်ကြောင်း ဇွန် ၇ ရက် သတင်းများထဲတွင် ဖော်ပြခဲ့သည်။ ထိုအချိန်မှာပင် အစိုးရက ပြည်သူများ၏ စိုးရိမ်ကြောက်ရွံ့မှုများကို လျော့ပါးသက်သာသွားစေရန် အစွမ်းကုန် လုပ်ဆောင်သွားမည်ဟု ကတိပြုထားသည်။ဇွန် ၆ ရက်နှောင်းပိုင်းက MERS ရောဂါကြောင့် ငါးဦးမြောက်သေဆုံးသူ အပါအဝင် ကူးစက်မှုခံရသူ ၁၄ ဦးကို ကျန်းမာရေးဝန်ကြီးဌာနမှ ထပ်မံအတည်ပြုခဲ့ပြီးနောက် စုစုပေါင်း ရောဂါကူးစက်ခံရသူဦးရေ ၆၄ ဦးအထိ မြင့်တက်သွားခဲ့သည်။ယခု ထပ်မံတွေ့ရှိခဲ့သည့် ရောဂါကူးစက်ခံရသူ ၁၄ ဦးသည် ရောဂါပိုးနှင့် တိုက်ရိုက် (သို့) သွယ်ဝိုက်၍ ထိတွေ့မှုရှိခဲ့သဖြင့် သီးသန့်ခွဲခြားထားခဲ့ရသူ ၁၈၂၀ ဦးထဲမှဖြစ်သည်။ သို့သော် ဒုတိယအကြီးဆုံးမြို့ ပူဆန်တွင် MERS ရောဂါဖြစ်ပွားသူ တစ်ဦးရှိသည်ဟု အာဏာပိုင်များက သတင်းပို့ခဲ့ကြသည်။ ထိုဖြစ်ပွားမှုသည် ထပ်မံတွေ့ရှိခဲ့သည့် ရောဂါကူးစက်ခံရသူ ၁၄ ဦးထဲတွင် မပါဝင်သဖြင့် MERS သည် နိုင်ငံတစ်ဝန်းသို့ ပျံ့နှံ့နေမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ဝန်ကြီးချုပ်ချွိုင်ကျောင်ဟွမ်ကမူ ပြည်သူများကို မကြောက်လန့်ကြရန်နှင့် ရောဂါကူးစက်ခံနေရသည့် လူနာ ၆၄ ဦးစလုံး ဆေးရုံတွင် ရှိနေကြကြောင်း ပြောကြားခဲ့သည်။  နိုင်ငံတွင်း၌ MERS ရောဂါဖြစ်ပွားနေသည်ကို သိရှိမှု နောက်ကျခြင်းနှင့် လုံလောက်သော တုံ့ပြန်ဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် သမ္မတပက်ကွမ်ဟီးနှင့် ကျန်းမာရေးဝန်ထမ်းများမှာ အလွန်အမင်း ဝေဖန်ခံနေရသည်။ အထူးသဖြင့် MERS ရောဂါဖြစ်ပွားသော လူနာများကို ကုသပေးနေသည့် ဆေးရုံများ၏ အမည်ကို မထုတ်ဖော်ခြင်းသည် ဝေဖန်ခံရမှု၏ အဓိကအချက် ဖြစ်နေသည်။ ထို့ကြောင့် ချွိုင်သည် ပြည်သူများ၏ စိုးရိမ်မှုကို လျော့ပါးစေရန် ရည်ရွယ်ပြီး ဇွန် ၇ ရက်က MERS ရောဂါကုသနေသည့် ဆေးရုံ ၂၄ ရုံ၏ စာရင်းကို ကြေညာခဲ့သည်။ ထိုဆေးရုံအများစုမှာ ဆိုးလ်မြို့ထဲနှင့် အနီးတစ်ဝိုက်တွင် ရှိကြသည်။ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံတစ်ဝန်းရှိ ကျောင်းပေါင်း ၁၃၀၀ ကျော်ကို ယာယီပိတ်ထားပြီး၊ ကျောင်းလေ့လာရေး ခရီးစဉ်များ၊ ပွဲလမ်းသဘင်များ၊ အားကစားပွဲများကိုလည်း ဖျက်သိမ်းခဲ့ရသည်။ ပြီးခဲ့သည့် သီတင်းပတ်ကစ၍ တောင်ကိုရီးယားသို့လာရောက်မည့် နိုင်ငံခြားသားခရီးသွား ၅၃၀၀၀ ကျော်သည် သူတို့၏ခရီးစဉ်များကို ဖျက်သိမ်းခဲ့ကြသည်။Ref:AFP

Most Read

Most Recent