ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ မြိတ်ကျွန်းစုအတွင်း ရေလုပ်ငန်းအပြင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၌ပါ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ မြိတ်ကျွန်းစုအတွင်း ရေလုပ်ငန်းအပြင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၌ပါ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား
Published 7 June 2015
ဇော်မိုးဦး

ထိုင်းနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ မြိတ်ကျွန်းစုအတွင်း ရေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသည့်အပြင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၌ပါ ရင်းနှီးမြှုပ်နံှရန် စိတ်ဝင်စားနေကြောင်း သိရသည်။မြိတ်ကျွန်းစုအတွင်းရှိ လှပသောကျွန်းများသို့ ထိုင်းနိုင်ငံသားများအပြင် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရန် စိတ်ဝင်စားနေပြီး ခရီးသွားလုပ်ငန်းမှာ မြိတ်ကျွန်းစုအတွင်း အမြန်ဆုံးဖွံ့ဖြိုးလာမည့် လုပ်ငန်းတစ်ခုအဖြစ် ရောက်ရှိလာမည်ဟု ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက သုံးသပ်ထားကြောင်း သိရသည်။“မြိတ်ကျွန်းစုမှာ ကျွန်းတွေပေါများတဲ့အတွက် ခရီးသွားလုပ်ငန်း အမြန်ဆုံးဖွံ့ဖြိုးလာမှာပါ။ လာရောက်လည်ပတ်ချင်သူတွေလည်း အများအပြား ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ အနေအထားက လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် ၃၀ လောက်က ထိုင်းနိုင်ငံရဲ့ အနေအထားပါ။ မကြာခင် တိုးတက်လာမယ့် အနေထားတွေ ရှိနေပါတယ်။ ခရီးသွားလာရေးကဏ္ဍဖြစ်တဲ့ ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်၊ ခရီးသွားအေဂျင်စီတွေ မလွဲမသွေ တိုးတက်လာပါမယ်” ဟု ထိုင်းနိုင်ငံဖွံ့ဖြိုးရေးကောင်စီမှ ညွန်ကြားရေးမှူး မစ္စတာစီရီခွန်နိုလတ်က ပြောကြားသည်။ဆင်းခွန်ဂိတ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ အရာရှိများနှင့် ထိုင်းနိုင်ငံမှ အရာရှိများ မေလနောက်ဆုံးပတ်က တွေ့ဆုံရာတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ထိုင်းနိုင်ငံအနေဖြင့် ပို့ဆောင်ရေးကဏ္ဍ၌ ထိုင်းနိုင်ငံ ဝေဟင် (ဟွာဟင်) မှ ထားဝယ်-မြိတ်-ကော့သောင်းမြို့များသို့ လေကြောင်းလိုင်း ပျံသန်းရန် စိတ်ဝင်စားနေကြောင်း သိရသည်။“မြိတ်ကျွန်းစုကို ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားနေပေမယ့် ဒီမှာလုပ်ရမယ့် အပိုင်းတွေက အပိတ်အပင် အဟန့်အတားတွေ အများကြီး ရှိနေတယ်။ နိုင်ငံခြားသားတွေကို ပို့ဆောင်လို့လည်း မရ၊ ညအိပ်လို့လည်း မရ ဖြစ်နေတယ်။ အဆင့်ဆင့် တင်ပြရပြီး ရက် ၂၀ လောက်ကြာမှ ရ၊ မရ အကြောင်းပြန်မယ်ဆိုတော့ ဘယ်သူမှ ဒီလောက် မစောင့်နိုင်ကြဘူး။ သတင်းတွေမှာကတော့ ဖူးခက်လို ဖြစ်လာမလိုလိုတွေ ရေးနေပေမယ့် ဒီမှာက ပိတ်ပင်ဟန့်တားထားတာတွေက အများကြီး။ ဒါတွေကို ဘယ်လိုဖြေလျှော့မလဲ ဆိုတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက အရင်စဉ်းစားပေးဖို့ လိုမယ်။ ဒါမှ မြိတ်ကျွန်းစုမှာ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှာ” ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။ထိုင်းနိုင်ငံသားများ အနေဖြင့် ဆင်းခွန်-မောတောင်နယ်စပ် ဝင်ပေါက်မှ လာရောက်ပြီး မြိတ်ခရိုင်အတွင်း ၁၃ ညအိပ် ၁၄ ရက်အထိ နေထိုင်သွားလာခွင့်ရသော်လည်း သွားလာလိုသည့်ကျွန်းများသို့ သွားလာခွင့်မရှိ ဖြစ်နေကြောင်း သိရသည်။ထိုင်းနိုင်ငံ အနေဖြင့် အာဆီယံနိုင်ငံများအတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လုပ်ဆောင်နေပြီး လက်ရှိအနေထားအရ အာဆီယံနိုင်ငံများတွင် ဒေါ်လာသန်းပေါင်း ၃၃၀၀ ကျော် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံများတွင် အဓိကရင်းနှီးမြှုပ်နှံရန် သတ်မှတ်ထားပြီး မြိတ်ကျွန်းစုတွင် ရေလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေခြင်းဖြစ်သည်။     

Most Read

Most Recent