ဆက်ထုံးကို ဖြည်ပါ

ဆက်ထုံးကို ဖြည်ပါ
Published 7 June 2015
နေထွန်းနိုင်

■ (၁) 
 
အော်စကာဆုနဲ့ ရွှေကမ္ဘာလုံးဆုအတွက် ဆန်ခါတင် အများကြီးဝင် သွားတဲ့ Selma ဆိုတဲ့ မာတင်လူ သာကင်းရဲ့ဇာတ်ကားကို ကျွန်တော်တို့ ကြည့်တဲ့အခါ အဲ့ကားမှာ အကောင်းဆုံး အကြိုက်ဆုံး အခန်းက မာတင် လူသာကင်းက သမ္မတ ဂျွန်ဆင်ကို လာတွေ့တဲ့ အခါပြောတဲ့ စကားလေး ဖြစ်ပါတယ်။
 
မာတင် လူသာကင်း လာတွေ့တော့ သမ္မတ ဂျွန်ဆင်က လူမည်းတွေအတွက် ဆင်းရဲ မွဲတေမှု ပပျောက်ရေး တွေ လုပ်ဆောင်နေတဲ့ အကြောင်းရှင်းပြတဲ့အခါ မာတင်လူသာကင်းက တစ်ခုပဲ ပြောပါတယ်။ 
 
“ဆင်းရဲမွဲတေမှု ပပျောက်ရေးတွေ၊ ပညာရေးတွေ လုပ်ဆောင်နေတာထက် ကျွန်တော်တို့ လူမည်းတွေ အဓိက လိုနေတာက ကျွန်တော်တို့ရဲ့ မဲပေးပိုင်ခွင့်ပဲ။ Right to Vote ။ ဒီ မဲပေးပိုင်ခွင့်ရရင် ကျွန်တော်တို့ ကိုယ်စား ပြုတဲ့ ကိုယ်စားလှယ်တွေ ရွေးနိုင်တယ်။  ကျွန်တော်တို့ကို ကိုယ်စားပြုတဲ့ တရားသူကြီးတွေ၊ ဂျူရီလူကြီးတွေ ရွေးနိုင်တယ်။ ဒီလူတွေဟာ ကျွန်တော်တို့ အကျိုးစီးပွားကို၊ ကျွန်တော်တို့ လူမည်းတွေရဲ့ အကျိုး စီးပွားကို ရပိုင်ခွင့်တွေကို ကာကွယ်နိုင်တယ်။ ကျွန်တော်တို့ ဒီလို အသတ်ခံနေရတာ၊ ဖိနှိပ်ခံရတာတွေ၊ အခွင့်အရေးတွေ ဆုံးရှုံး ခံနေရတာတွေကို ကာကွယ်ပေးနိုင်တယ်။  အဲတာကြောင့် ကျွန်တော်တို့အတွက် အရေးကြီးဆုံးက Right to Vote မဲပေးခွင့်ရဖို့ပဲ။ ကျွန်တော်တို့ ရွေးချယ်နိုင်တဲ့ ကျွန်တော်တို့ကို ကိုယ်စားပြု သူတွေကို ရွေးချယ်နိုင်တဲ့ အခွင့်အရေးတွေက ကျွန်တော်တို့ အတွက် အရေးကြီးဆုံးပဲ”လို့ ပြောလိုက်ပါတယ်။ 
 
အခုလည်း မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတွေ အားလုံးရဲ့ အရင်းအမြစ်က ကျွန်တော်တို့ အားလုံး ကို  ကိုယ်စားပြုတဲ့၊ ပြည်သူတွေ တစ်ရပ်လုံး အမှန်တကယ် ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ် ကျွန်တော်တို့ ရွေးချယ် ပိုင်ခွင့် မရှိတာ နှစ်ပေါင်း ငါးဆယ်ကျော်ကြာ ရှိနေတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ 
 
ဒါကြောင့်မို့ အခုလို ဆန္ဒပြနေ ရတာတွေ၊ အဖမ်းခံ နေရတာတွေ၊ နှိပ်စက်ခံနေရတာတွေ၊ ဆင်းရဲချမ်းသာ ကွာဟတာတွေ ဖြစ်သမျှ ပြဿနာ အားလုံးရဲ့ အရင်းအမြစ်က နှစ်ပေါင်း ငါးဆယ်ကျော် ကိုယ့်ကို ကိုယ်စားပြု တဲ့၊ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်စွမ်းရှိတဲ့ အစိုးရနဲ့ မဏ္ဍိုင်ကြီး သုံးခုကို မရွေးချယ်နိုင်ခဲ့တာပါပဲ။ 
 
ကျွန်တော်တို့ဟာ ပြည်သူတွေကို ကိုယ်စားပြုတဲ့ သို့မဟုတ် ကိုယ်စားပြုသူ အများစုပါဝင်တဲ့ အစိုးရတစ်ရပ်၊ လွှတ်တော် တစ်ရပ်၊ တရားသူကြီးတွေကို ကျွန်တော်တို့ ရွေးချယ်ပိုင်ခွင့်ရှိဖို့ လိုပါတယ်။ ဒီမဏ္ဍိုင်ကြီး သုံးခုမှာ ပါတဲ့သူတွေဟာ ကျွန်တော်တို့ကို ကိုယ်စားပြုပြီး ကျွန်တော်တို့ကို ကာကွယ် ပေးနိုင်တဲ့၊ ကျွန်တော်တို့ အကျိုး စီးပွားကာကွယ်ပေးနိုင်တဲ့သူတွေ ဖြစ်ဖို့ အရေးကြီးဆုံးပါပဲ။ 
 
■ (၂) 
 
အခု ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲလုပ်ဖို့ အချိန်လေးလကျော်၊ ငါးလပဲ လိုချိန်မှာ မြန်မာ့နိုင်ငံရေး အကြပ် အတည်းထဲ  ရောက်နေပါတယ်။  
 
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်နိုင်သေးဘူး၊ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲလည်း ပြန် မစရသေးပါဘူး။  
 
သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လေးဦးကြားမှာလည်း  ၂၀၁၅ ခုနှစ် အလွန် အတွက် ခိုင်မာတဲ့ ကတိ မရှိသေးဘူး။  ဒီကတစ်ဆင့် နိုင်ငံရေး အကြပ်အတည်း ဖြစ်လာခဲ့တာပါ။ 
 
ဒီနေရာမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်ရင်တော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပါ ဘူး။ 
 
ပြည်ခိုင်ဖြိုး ပါတီက သမ္မတလောင်း နှစ်ဦး မတင်ဘူးလို့ ပြောထားတဲ့အတွက် သမ္မတ ဦးသိန်းစိန်နဲ့ သူရဦး ရွှေမန်းတို့ နှစ်ဦးထဲက တစ်ဦးပဲ သမ္မတလောင်း ဖြစ်လာနိုင်ပါတယ်။ 
 
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း အပါအဝင် ထိပ်ပိုင်း ဗဟိုအလုပ်မှုဆောင်တွေ ရဲ့ စကားဦး သန်းမှုတွေကို ကြည့်ရင်လည်း သမ္မတ ဦးသိန်းစိန်ကို ဘေးဖယ်ချင်တဲ့ သဘော ရှိနေပါတယ်။ 
 
ဒါပေမဲ့ ၂၀၁၆ ခုနှစ်မှာ ရာထူးသက်တမ်း ကုန်ဆုံးမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဝင်ပြိုင်ခြေ နည်းနေပါတယ်။ ဒီအချိန်မှာ  လာမယ့် ဇူလိုင်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးက နှုတ်ထွက်ပြီး နိုင်ငံရေး နယ်ပယ်ထဲ ဝင်လိမ့်မယ်လို့ လာရီဂျာဂန်က မေ ၁၆ ရက် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးခဲ့ပါတယ်။  
 
ပျောက်ချက်သား ကောင်းနေတဲ့ လာရီဂျာဂန် ပြန်ပေါ်လာတာ ထူးဆန်းနေပါတယ်။ သူ့ကို MPC၊ သမ္မတရုံး၊ ပြည်ခိုင်ဖြိုးပါတီ တစ်ခုခုက သတင်းပေးခဲ့ပုံ ရပါတယ်။ 
 
လာရီ ဆောင်းပါးနောက်မှာ  တပ်မတော်က အဆင့်မြင့် အရာရှိကြီးတွေ ရာထူးက နှုတ်ထွက်ပြီး ပြည်ခိုင်ဖြိုး ပါတီက တစ်ဆင့် ရွေးကောက်ပွဲဝင်မယ် ဆိုတဲ့ သတင်းတွေ ဆက်ပေါ်ခဲ့ပါတယ်။ 
 
ပြည်ခိုင်ဖြိုး ဗဟိုကော်မတီဝင်တွေကတော့ ဒါကို ငြင်းထားပါတယ်။ 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံရေးနယ်ပယ်ကို ဝင်ချင်ရင် တပ်မတော်က ရွေးချယ်တင်မြှောက်တဲ့ သမ္မတလောင်းနေရာကို အေးအေးဆေးဆေး ရနိုင်သူ ဖြစ်ပါတယ်။ သူ့အနေနဲ့ တပ်မတော်က နှုတ်ထွက်ပြီး ရွေး ကောက်ပွဲ ဝင်ပြိုင်နေစရာ မလိုပါဘူး။ 
 
ပြည်ခိုင်ဖြိုး ဗဟိုကော်မတီ အစည်းအဝေး မစခင် မေ ၂၀ ရက်မှာ  တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြား ဆက်ဆံရေးဝန်ကြီး Mr.Chen Fengxiang  နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ခဲ့တာ ရှိပါတယ်။ 
 
ပြည်ခိုင်ဖြိုး ထူထောင်မှုကို တပ်မတော်ကပဲ အမာခံ ဆောင်ရွက်ပေးခဲ့တာမို့ ပြည်ခိုင်ဖြိုးရဲ့ အခြေခံ သဘော ထားက တပ်မတော်နဲ့တူတယ်၊ အမျိုးသားနိုင်ငံရေးကို လုပ်ဆောင်တဲ့ အခြေခံချင်းလည်းတူတဲ့အတွက် တပ်မတော်နဲ့ ပြည်ခိုင်ဖြိုး ဆက်ဆံရေး ကောင်းတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ် နိုင်ငံခြား ဆက်ဆံရေးဝန်ကြီးကို ပြောခဲ့ပါတယ်။ 
ဒါက ပြည်ခိုင်ဖြိုးရဲ့ ရွေးချယ်ဆုံးဖြတ်ချက်တွေကို တပ်မတော်က ကန့်ကွက်စရာ မရှိဘူးလို့ ယူဆစရာ ဖြစ်ပါ တယ်။ 
 
■ (၃)
 
ဇွန် ၁ ရက်ထုတ် Tomorrow  သတင်းဂျာနယ်မှာတော့ “ တပ်မတော်က တင်သွင်းမည့် သမ္မတ လောင်းမှာ  လက်ရှိ သမ္မတ ဦးသိန်းစိန် ဖြစ်ဖွယ်ရှိ” ဆိုတဲ့ သတင်း ဖော်ပြခဲ့ပါတယ်။ ဒီသတင်းကို တပ်မတော် အသိုင်းအဝိုင်းက သိရ တယ်လို့ သူတို့က ရေးပါတယ်။  
 
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆုံးဖြတ်ချက် မချသေးဘဲ အခြေအနေ စောင့်ကြည့်နေတယ်လို့ အဲဒီသတင်းမှာ ဆိုပါတယ်။ ဒါဟာ လာရီဂျာဂန်ရဲ့ ဆောင်းပါးကို တုံ့ပြန်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ 
 
Tomorrow  ဂျာနယ်ဟာ စစ်တက္ကသိုလ် အပတ်စဉ် (၂၅) ဆင်းသူတွေနဲ့ နီးစပ်မှု ရှိပါတယ်။ ဒီထဲမှာတစ်ချို့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နီးစပ်သူတွေ ဖြစ်ကြပါတယ်။ 
 
အပတ်စဉ် (၂၅)ဆင်းတွေထဲမှာ ထင်ရှားသူတွေက တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြား ရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းနဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်တို့ ဖြစ်ကြပါတယ်။ အရင်တုန်းက စစ်တက္ကသိုလ် အမှတ်စဉ် (၂၂) ဆင်းတွေ ထိပ်ပိုင်းနေရာမှာ အများကြီး နေရာယူခဲ့သလို အခုလည်း အပတ် စဉ် (၂၅) ဆင်းတွေက ထိပ်ပိုင်းနေရာတွေမှာ တော်တော်နေရာ ရလာပါတယ်။ 
 
ကာကွယ်ရေး ဦးစီးချုပ် (ရေ)၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) အပါအဝင် ဗိုလ်ချုပ်နှင့် အထက် တပ်မတော် အဆင့်မြင့်အရာရှိ ၁၈ ဦး တပ်မတော်က အနားယူပြီး နိုင်ငံရေးလောကကို ဝင်မယ်ဆိုတဲ့သတင်း၊ လက်ရှိ အစိုးရအဖွဲ့က ၆၄ ဦး ရွေးကောက်ပွဲ ပြန်ဝင်မယ်ဆိုတဲ့ သတင်းတွေကိုလည်း Tomorrow ဂျာနယ်က ဖော်ပြဖူး ပါတယ်။ 
 
ဒါကြောင့် သမ္မတဦးသိန်းစိန်ကို တပ်မတော်က သမ္မတလောင်းအဖြစ် ရွေးဖို့ ရှိတယ်ဆိုတာ မှန်နိုင်ပါတယ်။ ဒီလိုဆိုရင် နောက်အစိုးရမှာ သမ္မတ အဖြစ်နိုင်ဆုံးက ဦးသိန်းစိန် ဖြစ်လာနိုင်ပါတယ်။ 
ဒီအတွက် သမ္မတ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကြားမှာ အပေးအယူ ရှိနိုင်ပါတယ်။ 
 
ဒါဟာ တပ်မတော်သားတွေရဲ့ အငြိမ်းစား သက်တမ်း တိုးပေးခြင်းနဲ့ သက်ဆိုင်နေပါတယ်။ ၂၀၁၆ ခုနှစ်မှာ ရာထူး သက်တမ်း ကုန်ဆုံးမယ်ဆိုရင် အငြိမ်းစား သက်တမ်း ပြင်ဆင်ပေးလိုက်တာနဲ့ ၂၀၁၈၊ ၂၀၁၉ ခုနှစ်အထိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ရှိရာထူးမှာပဲ ဆက်ရှိနေနိုင်ပါတယ်။ 
 
■ (၄) 
 
လူထုထောက်ခံမှု ကျဆင်းနေချိန်မှာ တပ်မတော်က တင်သွင်းတဲ့ သမ္မတလောင်းနေရာကို ဦးသိန်းစိန် ရနိုင် တယ်လို့ သတင်း ထွက်လာခဲ့တာဟာ တစ်ခြားသမ္မတလောင်းတွေထက် အားသာစေခဲ့ပါတယ်။ 
 
တကယ်ကျတော့ သမ္မတလောင်း လေးဦးဆိုပေမယ့် သမ္မတ ဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့ သုံးဦးမှာ တစ်ဦးပဲ ဖြစ်နိုင်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ ရွေးချယ်တဲ့သူက တစ်ဦး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သမ္မတလောင်း နှစ်ဦးပဲ ဖြစ်နိုင်ပါတယ်။  ဒီနှစ်ဦးအတွက် ဘက်နှစ်ဘက် ရှိနေပါ တယ်။ ဟိုဘက်မှာတော့ ဦးသိန်းစိန်က အသေချာဆုံး ဖြစ်နေပါတယ်။ 
 
ဘာလို့လဲဆိုရင် တပ်မတော်က ရွေးချယ်တဲ့ သမ္မတလောင်းတွေဟာ သမ္မတနေရာကို သေချာပေါက်ရဖို့ ရှိနေ ပါတယ်။ ဒါပေမဲ့လည်း ဦးသိန်းစိန် သေချာတယ်ဆိုတာ အရွေးခံမလားဆိုတဲ့အပေါ် မူတည်ပြီး အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။ 
 
အခုချိန်မှာ သမ္မတလောင်းအဖြစ် ဦးသိန်းစိန် သေချာတယ်ဆိုပေမယ့် သမ္မတအဖြစ် အသေချာဆုံးသူက ဒေါ်အောင်ဆန်းစုကြည် ဒါမှမဟုတ် သူ ထောက်ခံမယ့်သူ ဖြစ်ပါတယ်။ ဘာလို့ဆိုတော့ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ သူကို့ ထောက်ခံဖို့လိုအပ်တဲ့ ရွေးကောက်ပွဲ ၃၃၃ နေရာမှာ ၂၆၀ နဲ့ ၃၀၀ ကြား  အနိုင်ရနိုင်ပါ တယ်။ ဒီအခါ ဒေါ်အောင်ဆန်းစုကြည်က တစ်ခြားသူ တစ်ဦးနဲ့ ပေါင်းရင် သူ ထောက်ခံတဲ့သူဟာ သမ္မတ ဖြစ် နိုင်ဖို့ အခွင့်အလန်း ပိုများလာတာ ဖြစ်ပါတယ်။ 
 
ဒါကြောင့် သမ္မတရွေးချယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အဆုံးအဖြတ် ဖြစ်လာပါတယ်။ သူ သဘော မတူဘဲနဲ့ ဘယ်သူမှ သမ္မတ မဖြစ်နိုင်ပါဘူး။ တပ်မတော်က ရွေးချယ်သူ သမ္မတ ဖြစ်မလားဆိုတော့ ဒုတိယ သမ္မတ အဖြစ် လူတစ်ယောက် ရနိုင်ပေမယ့် နောက်က ထောက်ခံသူ ၁၆၇ ဦး ရဖို့အတွက်တော့ မဖြစ်နိုင်ပါဘူး။ ဘာလို့ မဖြစ်နိုင်လဲဆိုရင် ၁၆၇ ဦးကို  ပြည်ခိုင်ဖြိုးပါတီနဲ့ သူ့ရဲ့ မဟာမိတ်တွေက ယူကြမှာ ဖြစ်ပါတယ်။ 
 
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကန့်သတ်ချက်ကို ဘေးဖယ်ထားရင် သမ္မတလောင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အားအကောင်းဆုံး ဖြစ်နေပါတယ်။ အားအနည်းဆုံးက သူရဦးရွှေမန်းပါပဲ။ အကယ်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတဦးသိန်းစိန်ကို မလွန်ဆန်နိုင်ဘူး ဆိုရင် ဦးသိန်းစိန်နဲ့  ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်မှာ တစ်ယောက်က သမ္မတ ဖြစ်နိုင်ပါတယ်။  
 
ဒီနေရာမှာ သူရ ဦးရွှေမန်းကို ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်မှာ မဟုတ်ပါဘူး။ ရွေးချယ်ခဲ့မယ် ဆိုရင်လည်း နှစ်ဦးနှစ်ဖက်ကြားမှာ အပေးအယူ ညှိနှိုင်းမှုတွေ ရှိလာနိုင်ပါတယ်။ 
ဒီလိုဖြစ်ခဲ့ပြီဆိုရင် မဲဆန္ဒရှင်နဲ့ ပါတီတွေ စဉ်းစားရမှာ နှစ်ချက်ပဲ ရှိပါတော့တယ်။ 
 
တပ်မတော်ဘက်က သမ္မတလောင်း တင်သွားလာမယ့် ဦးသိန်းစိန်ကို ထောက်ခံမလား၊ ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံမလား ဆိုတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရင် NLD နဲ့ သူ့ရဲ့ မဟာမိတ်တွေကို ဦးစားပေး မဲရွေးဖို့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆန့်ကျင်ဘက် ဟိုဘက်ကို ထောက်ခံမယ်ဆိုရင်တော့ ဦးသိန်းစိန်ကို ထောက်ခံရုံသာ ဖြစ်ပါတယ်။ 
 
■ (၅)  
 
အခုချိန်မှာ လက်ရှိ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေ အောင်မြင်မှုရှိတယ်လို့ ယတိပြတ် မဆို နိုင်ပါဘူး။ ဒီလို ဖြစ်ရတဲ့ အကြောင်းအရင်း သုံးခု ရှိပါတယ်။ 
 
■(၁) Mismanagement (စီမံခန့်ခွဲမှု အမှားတွေ ဆက်ရှိနေတယ်)
■(၂) Corruption (အကျင့်ပျက်ခြစားမှုနဲ့ အဂတိလိုက်စားမှုကိစ္စကို မဖြေရှင်းနိုင်ဘူး)  
■(၃) Nepotism (လက်သင့်ရာ ခရိုနီ လုပ်ငန်းရှင်တွေပဲ ကြီးပွားသွားတဲ့ ဆွေးမျိုးကောင်းစားရေး ဝါဒ ပုံစံတွေကို မထိန်းချုပ်နိုင်ဘူး) 
 
ဒီသုံးချက်ကြောင့် လက်ရှိ အစိုးရ အောင်မြင်မှု မရတာ ဖြစ်ပါတယ်။  ရှေ့ဆက်သွားရင်လည်း ဒီအတိုင်းပဲ ဖြစ်နေမယ်လို့ လူတိုင်းက ခန့်မှန်းထားပါမယ်။ 
 
Mismanagement ကို ကြည့်ရင် ဥပမာ တစ်ခုအနေနဲ့ သမဝါယမ ဝန်ကြီးဌာန တစ်ခုကို ကြည့်လို့ပါတယ်။  သမဝါယမ ဝန်ကြီးဌာနဟာ အောင်မြင်မှုရှိတဲ့ ဝန်ကြီး ဌာန မဟုတ်ပါဘူး။ အောင်မြင်ခဲ့မှု မရှိတဲ့ကြားက ငွေချေး ခဲ့ပါ တယ်။ ၂၀၁၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀၊ ၂၀၁၅ ခုနှစ်မှာ အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကို အတိုး ၄ ဒသမ ၅ ရာခိုင်နှုန်းနဲ့ တရုတ် ပို့ကုန်သွင်းကုန်ဘဏ်ကနေ ချေးပါတယ်။ ချေးတုန်းက အမေရိကန် တစ်ဒေါ်လာ တန်ဖိုးဟာ ကျပ် ၉၈၀၊ ၁၀၀၀ ပတ်ဝန်းကျင်ပဲ ရှိခဲ့ပါတယ်။ အခု ၁၂၀၀ ဝန်းကျင်ရောက်သွားပါပြီ။  
 
ဥပမာ- ၂၀၁၃ ခုနှစ်က ချေးခဲ့တဲ့ ဒေါ်လာ သန်း ၁၀၀ ကိုပဲ ပြန်ကြည့်လို့ ရပါတယ်။  အဲဒီငွေက မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှု ဘဏ်ကို ရောက်ပါတယ်။ အဲဒီအချိန်က ငွေလဲနှုန်းနဲ့ ဒေါ်လာ သန်း ၁၀၀ ကို ကျပ်ငွေနဲ့ ပြန်ထုတ် တဲ့အခါ ကျပ်ငွေ ၉၇ ဘီလျံကျော်ပဲ ရပါတယ်။ ဒါကို ပြန်ဆပ်ရင် နိုင်ငံ ခြားငွေနဲ့ ပြန်ဆပ်ရတော့မှာ ဖြစ်ပါတယ်။  အခုချိန်မှာ အမေရိကန် တစ်ဒေါ်လာ တန်ဖိုးက ၁၁၇၃ ကျပ် ဖြစ်သွားပါပြီ။ ဒါ ကြောင့် ဒီဒေါ်လာ သန်း ၁၀၀ ကို ပြန်ဆပ်ရင် ကျပ် ၁၁၇ ဘီလျံကျော် ဖြစ်သွားတဲ့အတွက် ကျပ် ၂၀ ဘီလျံ ( ကျပ်သန်း ၂၀၀၀၀) ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ 
အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ဆိုရင် ပျှမ်းမျှကျပ် ၈၀ ဘီလျံ (ကျပ်သန်း ၈၀၀၀၀) ဆုံးရှုံးနိုင် ပါတယ်။ ဒီကြားထဲမှာ တစ်နှစ်ကို အတိုးအဖြစ် အမေရိကန်ဒေါ်လာ ၁၈ သန်းပေးနေရဦးမှာ ဖြစ်ပါတယ်။ ဒါဟာ ဥပမာပေး ခန့်မှန်း တွက်ချက်ပြတာ ဖြစ်ပါတယ်။ 
 
တရုတ်မဟုတ်တဲ့ အခြားနိုင်ငံတွေဆီက အတိုးတစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်းအောက်နဲ့ ချေးယူလို့ရတဲ့ အချိန်မှာ တရုတ်ဆီကနေ အတိုး ၄ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ဘာလို့ ချေးခဲ့တာပါလဲ။ချေးယူထားတဲ့ ငွေကို တောင်သူတွေဆီ အတိုး တစ်ကျပ်ခွဲနှုန်းနဲ့ ပြန်ချေးခဲ့ပါတယ်။ ဒါပေမဲ့ တောင်သူတွေ ပြန်မဆပ်နိုင်ခဲ့ပါဘူး။ ချေး ယူခဲ့တဲ့ တောင်သူ တွေထဲက အနည်းဆုံး ၂၀ ရာခိုင်နှုန်းက ပြန်မဆပ်နိုင်ဘဲ ရာသီဥတုဖောက်ပြန်တဲ့ နှစ်တွေမှာ ဆိုရင် အနည်းဆုံး ၅၀ ရာခိုင်နှုန်းအထိ ပြန်မဆပ်နိုင်တာတွေ ရှိတယ်လို့ သိရပါတယ်။ 
 
ဒါပေမဲ့ သမဝါယမ ဝန်ကြီးဌာနက ဆုံးရှုံးမှုတွေကို တွက်ချက်မှု မလုပ်ပဲ တောင်သူတွေကို ချေးငွေ ဆက်ပေးပြီး အတွင်းသားထိ လိုက်နေတဲ့ဟာက မဲဆွယ်ဖို့အတွက် သုံးနေတယ်လို့ အများပြည်သူက စွပ်စွဲခဲ့ရင် အခုအစိုးရ အတွက် ရှင်းပြဖို့ ခက်နိုင်ပါတယ်။  
 
ဒါ့အပြင် မကြာမီသေးမီက ဖြစ်ခဲ့တဲ့ ရေကူးအသံလွှင့် စက်ရုံဟောင်း တင်ဒါနဲ့ မြကျွန်းသာ လုပ်ပိုင်ခွင့် ချထား ပေးမှု နှစ်ခုကိုပဲ ကြည့်လို့ ရပါသေးတယ်။ 
အဲဒီနှစ်ခုမှာ နိုင်ငံတော် အနေနဲ့ ကျပ်ဘီလျံ ရာနဲ့ချီ နစ်နာ ဆုံးရှုံးစရာတွေ ဖြစ်ခဲ့ပါတယ်။ ဒီလိုမျိုး တင်ဒါ ခေါ်ယူမှု၊ လုပ်ငန်း လုပ်ပိုင်ခွင့်ပေးမှုတွေ အခု ၂၀ လောက်ရှိတယ်ထားဦးတော့ နိုင်ငံတော် အနေနဲ့ ကျပ် ဘီလျံထောင်ချီ နစ်နာနေမှာ ဖြစ်ပါတယ်။  
 
ပိုဆိုးတာက ဒါတွေ အတွက် စုံစမ်းစစ်ဆေးမှု မရှိခဲ့ပါဘူး။ အရေးယူမှု မရှိခဲ့ပါဘူး။ ဒီအခါ အခုအစိုးရဟာ အရင်  အစိုးရထက် ပိုဆိုးသလို ဖြစ်လာခဲ့ပါတယ်။  နိုင်ငံတော် နစ်နာတာတွေ ရှိနေသလို တစ်ဖက်မှာလည်း တိုင်းပြည် စီးပွားရေးမှာလည်း သိသိသာသာ တိုးတက် မလာခဲ့ပါဘူး။ တိုးတက်မှုရှိရင်လည်း ဒါဟာ လူတစ်ချို့အတွက်ပဲ ဖြစ်ခဲ့ပါတယ်။ 
 
အစိုးရ အသိုင်းအဝိုင်းနဲ့ ရင်းနှီးတဲ့ ခရိုနီ လုပ်ငန်းရှင်ကြီးတွေ ပိုချမ်းသာခဲ့ပါတယ်၊ လုပ်ငန်း လုပ်ပိုင်ခွင့်တွေ ပိုရခဲ့ ကြပါတယ်။ အခုလည်း ဒီခရိုနီ လုပ်ငန်းရှင်ကြီးတွေပဲ ကျောက်မီးသွေး လျှပ်စစ် စက်ရုံစီမံကိန်းတွေ အတွက် လုပ်ပိုင်ခွင့် အသီးသီး ခွဲယူထားပါတယ်။ ဒေသခံ ပြည်သူတွေ ကန့်ကွက်တဲ့ ကြားက ဇွတ်အတင်း အကောင် အထည်ဖော်ဖို့ လုပ်နေကြပါတယ်။ 
 
■(၆) 
 
သေချာတာက လက်ရှိ အစိုးရ လက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်သုံး ရပ်လုံးမှာ ပြဿနာ တွေပဲ ပြည့်နှက်နေပါတယ်။ 
နိုင်ငံရေး ပြဿနာ အကြပ်အတည်း ဖြစ်နေချိန်မှာ အစိုးရ အသုံးစရိတ်လိုငွေက လေးနှစ်အတွင်း ကျပ်ဘီလျံ တစ်သောင်းကျော် ဖြစ်လာခဲ့ပါတယ်။ စီးပွားရေးမှာတော့ ငွေကြေးဖောင်းပွမှု အပါအဝင် စီးပွားရေး ပြိုဆင်း လုမတတ် ဖြစ်လာပါတယ်။ 
 
မြန်မာငွေတန်ဖိုးဆိုရင် သမ္မတဦးသိန်းစိန်စပြီးတော့ ငွေဈေးသတ်မှတ်တဲ့ အချိန်မှာ အမေရိကန် တစ်ဒေါ်လာ တန်ဖိုး ကျပ် ၈၀၀ ပဲ ရှိပါတယ်။ အခု ၁၂၀၀ ဝန်းကျင်အထိ တက်လာခဲ့ပါတယ်။ ကျပ် ၁၂၀၀ ကျော်သွားမယ်လို့ ခန့်မှန်းတဲ့သူတွေ ရှိလာပါတယ်။ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ကျပ်ငွေတန်ဖိုး ၅၀ ရာခိုင်နှုန်းနီးပါး ကျဆင်း သွားပြီး အခြားငွေကြေး တွေနဲ့ ယှဉ်ရင် ၂၀ ရာခိုင်နှုန်းနဲ့ ၃၀ ရာခိုင်နှုန်းကြားမှ တန်ဖိုး ကျဆင်သွားပါတယ်။  ဒါဟာ ၂၀၀၂၊ ၂၀၀၃ ခုနှစ် ၁၀ နှစ်ကျော် ၁၅ နှစ်အတွင်း၊ ဒီလေးနှစ်မှာ မြန်မာငွေတန်ဖိုး အဆိုးဆုံး ကျဆင်းခဲ့ တာ ဖြစ်ပါတယ်။ 
 
ငွေကြေးဖောင်းပွမှုကလည်း အိမ်ခြံမြေကဏ္ဍအပါအဝင် basic needs တွေ အားလုံးမှာ အကုန်လုံး တက်လာ ခဲ့ပါတယ်။ စားရေးမှာလည်း အဆင်မပြေတော့ပါဘူး။ နေရေးမှာလည်း ရန်ကုန်မြို့ မှာတင်မကဘူး၊ တစ်နိုင်ငံ လုံးမှာပါ နေထိုင်စရိတ်ရဲ့ ကြီးမြင့်မှုဒဏ်ကို အချိုးကျ ခံစားလာရပါတယ်။  ကျူးကျော်တွေ ပိုများလာသလို အခြေခံ လူတန်းစားတွေ စားဝတ်နေရေး ကြပ်တည်းလာခဲ့ပါတယ်။ လူတန်းစား ကွာဟမှုတွေလည်း ပိုပြီး ဆိုးဝါး လာခဲ့ပါတယ်။ 
 
စီးပွားရေး အကြပ်အတည်းအတွက် စီးပွားရေး ပညာရှင်တွေမှာ တာဝန်မရှိပါဘူး။  လာဘ်စားမှု၊ အဂတိ လိုက်စားမှုတွေနဲ့   Nepotism က ပြဿနာတိုင်းရဲ့ အခြေခံလို ဖြစ်လာပါတယ်။ ဒါကို  တရားဥပဒေနဲ့ အညီ အရေးယူဖော်ထုတ်ခြင်းမှသာ ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ဖြစ်လာမှာပါ။ ဒါပေမဲ့ အချိန်မီ ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပါဘူး။ ဖြေရှင်းဖို့ အခွင့်အရေး ရခဲ့ပါတယ်။  အချိန်တွေလည်း ရခဲ့ကြပါတယ်။   
 
လူမှုရေး အကြပ်အတည်းမှာ ပြည်ပကို သွားအလုပ်လုပ်နေရတဲ့ နိုင်ငံသား ၄ သန်းကျော်၊ ၅ သန်းလည်း နေရပ် မပြန်နိုင်ကြသေးပါဘူး။ ဒီကြားထဲမှာ သန်းခေါင်စာရင်း ရလာဒ် ထွက်လာပါတယ်။ 
 
မူလက သန်း ၆၀ ရှိနေရာက ၅၁သန်း ကျော်ပဲ ရှိတယ်လို့ ထွက်လာတဲ့ ရလာဒ်က ဆိုပါတယ်။ ဒါဟာ လူဦးရေ ၉ သန်းကျော် ပျောက်ဆုံးသလို ဖြစ်ခဲ့တာပါ။ ဒါ့အပြင် လူဦးရေ ၅၁ သန်းကျော်ထဲမှာ ပြည်ပကို ရောက်နေသူ တွေ ပါဝင်နေတယ်ဆိုရင် တိုင်းပြည်မှာ အမှန်တကယ်နေထိုင်နေသူ ၄၅ သန်းကျော်ပဲ ရှိပါတော့မယ်။  ဒါကလည်း ရွေးကောက်ပွဲ မဲပေးတဲ့ အချိန်မှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။  
 
■ (၇) 
 
တစ်ဖက်မှာလည်း မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ တရုတ်ကြားထဲမှာ ရပ်နေပါတယ်။ ရွေးကောက်ပွဲ လုပ်ဖို့ ငါးလ လောက်ပဲ လိုတော့တဲ့ အချိန်မှာ ဘင်္ဂါလီရိုဟင်ဂျာ ရှေ့တန်း တင်လာသူတွေ ရှိလာပါတယ်။ 
 
ကုလသမဂ္ဂ၊ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ၊ အမေရိကန် အပါအဝင်  အနောက်အုပ်စုတွေ ရှေ့တန်း တင်လာကြတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း သံသယဖြစ်စရာတွေ ရှိနေပါတယ်။ 
ဘာကြောင့်လဲဆိုရင် ဘင်္ဂါလီ ရိုဟင်ဂျာအရေး တွန်းတင်နေသူတွေမှာ အခုအစိုးရကို လော်ဘီလုပ်ခဲ့ သူတွေ အများကြီး ပါနေပါတယ်။ 
 
ပထမအချက်က အခုအစိုးရကို အထောက်အကူပေးတဲ့ MPC နဲ့ ဆက်နွှယ်နေတဲ့ အနောက်အုပ်စုတွေ ဖြစ်ပါတယ်။  
 
အမေရိကန်ကိုပဲ ဥပမာ ထားကြည့်လို့ ရပါတယ်။ MPC ကို ဥဒဟို ဝင်ထွက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိ ကန်သံရုံး သံအရာရှိတွေက တစ်ဆင့် အမေရိကန် နိုင်ငံခြားရေးဌာနကို မြန်မာနိုင်ငံက သတင်း တွေ ရောက် ပါတယ်။ အခြား လော်ဘီ တွေဆီကလည်း သတင်း ရပါတယ်။ အဲဒီကတစ်ဆင့် အမေရိကန်သမ္မတ အိုဘားမား ဆီ ရောက်ပါတယ်။ 
အခုချိန် မြန်မာနိုင်ငံအတွက် အရေးကြီးတာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ဖို့၊ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ ထပ်လုပ်ဖို့နဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ 
 
အမေရိကန်အစိုးရက အရေးကြီးတဲ့ သုံးချက်ကို ဖယ်ပြီး ဘင်္ဂါလီ ရိုဟင်ဂျာအရေးကို ဒီအချိန်မှာ ရှေ့တန်း တင် လိုက်ပါတယ်။  
အမေရိကန် လွှတ်တော် အမတ်တွေမှာတော့ ဒီသဘော မတွေ့ရပါဘူး ဇွန် ၃ ရက်မှာ အမေရိကန် အထက် လွှတ်တော်အမတ် မစ်ချ်မက်ကွန်နဲက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ လူထု ဆန္ဒကို ထင်ဟပ်မှု မရှိဘူးဆိုရင် အမေရိကန်-မြန်မာဆက်ဆံရေး အဟန့်အတား ဖြစ်စေမယ်လို့ သူက သတိပေးပါတယ်။ 
 
ဒါပေမဲ့ ရွေးကောက်ပွဲ ရောက်ချိန်နီးမှ ဘင်္ဂါလီ ရိုဟင်ဂျာ အရေး ရှေ့တန်းတင်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့ လုပ်ရပ်က စဉ်းစားစရာ ကောင်းပါတယ်။ 
 
အခြေခံအားဖြင့် လက်ရှိအစိုးရဟာ ဘင်္ဂါလီ ရိုဟင်ဂျာ အရေးဆန့်ကျင်မှုမှာ ပြည်သူ့ ထောက်ခံမှု ရနေပါတယ်။ ဒီအချိန်မှာ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ဖိအားပေးမှုကို ပယ်ချလိုက်တဲ့အခါ လူထု ထောက်ခံမှု ကျဆင်း နေတဲ့ လက်ရှိ အစိုးရ နိုင်ငံရေးအမြတ် ရစေပါတယ်။ 
 
နောက်ပြီး လက်ရှိ အစိုးရက ငှားရမ်းထားတဲ့ အမေရိကန် လော်ဘီကုမ္ပဏီ  Podesta Group ရဲ့ ခေါင်း ဆောင်ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်အတွက် အလုပ် လုပ်ပေးခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဟီလာရီကလင်တန် ဝင်ပြိုင်မယ်။ ဒီမတိုင်ခင်မှာ ဟီလာရီနဲ့ နီးစပ်တဲ့  Podesta Group ကို အကြောင်းမဲ့ ငှားရမ်းတာ မဖြစ်နိုင်ပါဘူး။
 
အမေရိကန် လော်ဘီအုပ်စုတွေရဲ့ ကြိုးပမ်းမှုကလည်း မြန်မာ့နိုင်ငံရေးကို သက်ရောက်စေပါတယ်။ ဒါကြောင့် အိုဘားမား အစိုးရရဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ အရေး ရှေ့တန်းတင်မှုဟာ လက်ရှိ အစိုးရ အာဏာ တည်မြဲရေးကို သွယ်ဝိုက်တဲ့ နည်းနဲ့ ထောက်ခံသလိုပဲ ဖြစ်ခဲ့ပါတယ်။ 
 
ဒါဆိုရင်တော့ မြန်မာပြည်သူလူထုက ကြိုက်မှာ မဟုတ်ပါဘူး။ 
ဒီအချိန်မှာ တရုတ်ကတော့ မြန်မာလူထုရဲ့ သဘောထားကို သိနေပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေး အကြပ်အတည်းကိုလည်း သိနေပုံ ရပါတယ်။ 
 
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံလာဖို့ တရုတ်ကွန်မြူ နစ်ပါတီက ဖိတ်ခေါ်လိုက်တာ ဖြစ်ပါ တယ်။ ဇွန်၁၀ရက်မှာ သွားမယ့် အဲဒီခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး တရုတ်နိုင်ငံ ခရီးစဉ် ဖြစ်လာပါ လိမ့်မယ်။  ဒီခရီးစဉ်မှာ တရုတ်သမ္မတရှီ ကျင်ပင်း၊ ဝန်ကြီးချုပ် လီခယ်ကျင်းတို့နဲ့လည်း တွေ့ပါမယ်။ ဒါကြောင့် ဒေါ် အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ နိုင်ငံတော် အဆင့် ချစ်ကြည်ရေး ခရီးစဉ်လို့ ပြောနိုင်ပါတယ်။  
ဒါ့အပြင် အခုချိန်ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို တရုတ်က ဘယ်လို ချဉ်းကပ်သလဲဆိုတာလည်း ပေါ်လွင်နေပါတယ်။ 
 
သိသာတာက ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ သမ္မတဖြစ်ဖို့ ရေပန်းစားသူ လေးဦးထဲက ဒေါ်အောင်ဆန်စုကြည်၊ သူရဦး ရွှေမန်းတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ဖြစ်အောင် တရုတ်က ထူထောင်နေတာ ဖြစ်ပါတယ်။ 
အခုလည်း မြန်မာအပေါ် အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒ ပြတ်သားမှု မရှိချိန်မှာ တရုတ်က သူတို့ရဲ့ နိုင်ငံခြား ရေးမူဝါဒပြဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ကော်ဇောနီခင်း ကြိုဆိုလိုက်တာ ဖြစ်ပါတယ်။   
 
■(၈)
 
ဒုတိယအချက်က ဘီလျံနာသူဌေးကြီး ဂျော့ရှ်ဆိုးရော့စ် ဖြစ်ပါတယ်။  ဂျော့ရှ်ဆိုးရော့စ်ဟာ Open Socity Foundation (OSF) ကို တည်ထောင်သူဖြစ်ပြီး မြန်မာနိုင်ငံက ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်းကို ထောက်ပံ့ခဲ့တာတွေရှိပါတယ်။ 
 
ဒါ့အပြင် သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပြေလည်ပုံ မရပါဘူး။ အစောပိုင်းမှာ သူနဲ့ တွဲလုပ်ဖို့ရှိတဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းဝင် တစ်ချို့ အခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဘက် ပြန်ကူးလာတာ ရှိပါတယ်။ 
 
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ လက်ရှိ အစိုးရကို အစောဆုံး ထောက်ခံခဲ့ သူတွေထဲမှာ ဂျော့ရှ်ဆိုးရော့စ် ပါဝင်ပါတယ်။ အခုထိလည်း ဂျော့ရှ်ဆိုးရော့စ် စတင် တည်ထောင်ခဲ့တဲ့ International Crisis Group (ICG) အဖွဲ့က လက်ရှိ အစိုးရကို လိုလားသူတွေ အဖြစ် ဆက်ပြီး ရပ်တည် နေပါတယ်။ 
 
ဒါပေမဲ့ မေ နောက်ဆုံးပတ်က နော်ဝေနိုင်ငံ၊ အော်စလိုမှာ လုပ်တဲ့  ရိုဟင်ဂျာ အရေး The Oslo conference to end Myanmar's systematic persecution of Rohingyas  ကွန်ဖရင့်မှာ ဂျော့ရှ်ဆိုးရော့စ်က မြန်မာကို ပြင်း ပြင်းထန်ထန် ဝေဖန် ပြစ်တင် လိုက်ပါတယ်။ 
မြန်မာတွေကို နာဇီတွေနဲ့ ခိုင်းနှိုင်းလိုက်ပြီး ဘင်္ဂါလီ ရိုဟင်ဂျာတွေကို ဂျူးလူမျိုးတွေနဲ့ နှိုင်းလိုက်တာ ဖြစ်ပါတယ်။
 
ဂျော့ရှ်ဆိုးရော့စ်ရဲ့ ခိုင်နှိုှုင်းမှု မှားယွင်းပါတယ်။  မြန်မာတွေဟာ နာဇီ မဟုတ်သလို ဘင်္ဂါလီ ရိုဟင်ဂျာတွေ လည်း  ဂျူးလူမျိုး မဟုတ်ပါဘူး။  ဒါ့အပြင် ဘင်္ဂါလီ ရိုဟင်ဂျာဆိုတာ မြန်မာ တိုင်းရင်းသားလည်း မဟုတ်ပါ ဘူး။  နောက်ပြီး အားလုံးဟာ နိုင်ငံသား မဟုတ်ပါဘူး။ ဒီအတွက် နိုင်ငံသား စိစစ်ခံရပါမယ်။  
 
ဂျော့ရှ်ဆိုးရော့စ်ရဲ့ ခိုင်းနှိုင်းချက်က နိုင်ငံတကာ မီဒီယာတွေမှာ ရိုက်ခတ်သွားပြီး မြန်မာအပေါ် ဖိအားဖြစ်စေပါ တယ်။ 
အော်စလို ကွန်ဖရင့်ရဲ့နောက်ကွယ်မှာ ဘင်္ဂါလီရိုဟင်ဂျာ အရေးကို မီးထိုးပြီး နိုင်ငံတကာအကူအညီယူဖို့ လမ်း ကြောင်း ရှိတာ သေချာပါတယ်။  အဲဒီကတစ်ဆင့် ရခိုင်ပြည်နယ်ထဲမှာ ဘင်္ဂါလီရိုဟင်ဂျာတွေ သီးခြားပြည်နယ်ခွဲ ထွက်ပြီး နေနိုင်ဖို့အထိ သူတို့ ပြင်ဆင်ထားပါတယ်။ အားလုံးက ကိုယ်ကျိုးစီးပွား အတွက်ချည်းပါပဲ။ 
 
လက်ရှိအစိုးရနဲ့ ရင်းနှီးနေတဲ့ ဂျော့ရှ်ဆိုးရော့စ် ကိုယ်တိုင် ဒီအချိန်မှာ ရိုဟင်ဂျာအရေး ရှေ့တန်း တင်ပေးခဲ့ တာ ထူးဆန်းနေပါတယ်။ 
ဂျော့ရှ်ဆိုးရော့စ်က နိုင်ငံရေး သြဇာကို ငွေပေး ဝယ်တတ်သူ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ချိန်မှာ ကျင့်ဝတ်၊ သိက္ခာ စံနှုန်းတွေ ထည့် မစဉ်းစားတတ်ပါဘူး။ အမေရိကန် နိုင်ငံရေးလောကမှာတင် မကဘဲ အာဖရိက၊ လက်တင် အမေရိကနဲ့ အာရှ ဒေသတွေမှာပါ ဂျော့ရှ်ဆိုးရော့စ်ရဲ့ ခလောက်ဆန်မှုတွေ အများအပြားရှိပါတယ်။ အနီးစပ်ဆုံး ဥပမာဆိုရင် ၂၀၀၄ ခုနှစ် သမ္မတ ဂျော့ရှ်ဘုရှ် အနိုင်ရခဲ့တဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်လာငွေ သန်းချီသုံးစွဲပြီး နိုင်ငံရေး  ကစားခဲ့တာကို ပြန်ကြည့်လို့ ရပါတယ်။ 
 
အခုလည်း ဂျော့ရှ်ဆိုးရော့စ်ရဲ့ ရိုဟင်ဂျာအရေး တွန်းအားပေးမှုဟာ ဖိအားပေးမှုထက်၊ ပေးလိုက်တဲ့ ဖိအားက တစ်ဆင့် ရလာတဲ့ အကျိုးအမြတ်ကို မျှော်မှန်းပုံ ဖြစ်နေပါတယ်။ 
ဂျော့ရှ်ဆိုးရော့စ် ကိုယ်တိုင် တိုက်ရိုက် သွယ်ဝိုက်အားဖြင့် မြန်မာ့နိုင်ငံရေးမှာ ဝင်ကစားခဲ့ပြီ ဆိုရင် တိုင်းပြည် အနာဂတ်ကောင်းမှာ မဟုတ်ပါဘူး။  
 
■(၉) 
 
မြန်မာနိုင်ငံမှာ ပြည်သူ လူထု စိုးရိမ်တာ နှစ်ချက်ရှိပါတယ်။  
တရုတ်နဲ့ ပတ်သက်ရင် မြစ်ဆုံဆည်ကိစ္စနဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပါတယ်။ မြစ်ဆုံဆည်ကိုတော့ ဘယ် သူမှ ပြန်လုပ်လို့ရမှာ မဟုတ်ပါဘူး။ 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်မှာလည်း မြစ်ဆုံဆည်ကိစ္စကို တရုတ်အစိုးရက ဆွေးနွေးဖို့ ကြိုးစားမှာ ပါပဲ။ 
 
မြစ်ဆုံဆည် စီမံကိန်း ယာယီ ရပ်ဆိုင်းလိုက်လို့ ဒီမိုကရေစီ သွားချင်နေတဲ့ မြန်မာနိုင်ငံ တံခါးပွင့်သွားပါတယ်။ ဒါပေမဲ့ မြစ်ဆုံဆည်ကြောင့် ပွင့်သွားတဲ့ တံခါးက ရိုဟင်ဂျာအရေးကြောင့် ပြန်ပိတ်သွားနိုင်ပါတယ်။ ဒါဟာ မြန်မာလူထု စိုးရိမ်တဲ့ ဒုတိယ တစ်ချက် ဖြစ်ပါတယ်။ 
 
မြန်မာနိုင်ငံမှာ ထိခိုက်မခံတဲ့ အရာနှစ်ခုက မြစ်ဆုံဆည်နဲ့ ဘင်္ဂါလီ ရိုဟင်ဂျာအရေး ဖြစ်ပါတယ်။ ဒီကိစ္စနှစ်ခုကို ဖြေရှင်းဖို အတွက် နောက်အစိုးရအပေါ်မှာ အများကြီး မူတည်ပါတယ်။ အခုဖြစ်နေတဲ့ ပြဿနာတွေကို အခု အစိုးရက လုံး၀ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ 
ဒါကြောင့် အမေရိကန်နဲ့ အနောက်အုပ်စုတွေ အနေနဲ့ ရိုဟင်ဂျာအရေးကို ကိုင်ပြီး မြန်မာ့နိုင်ငံရေးကို ဝင်ကစားဖို့ မကြိုးစားသင့်ပါဘူး။ ကြိုးစားခဲ့ရင်လည်း ဒါဟာ အရာထင်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ 
 
အခုထက်ပိုပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအထိ ရိုဟင်ဂျာအရေး တင်လာပြီဆိုရင်တော့ တရုတ်နဲ့ ရုရှအကူ အညီယူပြီး မြန်မာက ပယ်ချမှာ ဖြစ်ပါတယ်။ ဒီအခါ တရုတ်ဆီကို မြန်မာ ပြန်ရောက်သွားပါလိမ့်မယ်။ 
အခုချိန်မှာပဲ မြန်မာလူထုကို မေးလို့ ရပါတယ်။  
 
တရုတ်လက်အောက်ခံနေမလား မေးရင် မနေဘူးလို့ ဖြေကြမှာ ပါ။  အနောက်တံခါး ကျိုးပေါက်ပြီး ရိုဟင်ဂျာတွေကို ဥပဒေမဲ့ နိုင်ငံသား ခွင့်ပြုရာက အစွန်းရောက်တွေ မြန်မ နိုင်ငံထဲ ဝင်လာမှာကို လိုလားသလား မေးရင် မလိုချင်ဘူးပဲ ဖြေကြပါလိမ့်မယ်။  
နောက်ဆုံး ဒီနှစ်ခုထဲက တစ်ခုကို ရွေးချယ်ဆိုရင်တော့ ဘယ်ဟာကို ရွေးချယ်မလဲဆိုတဲ့ အဖြေကို လူတိုင်းသိ ပါတယ်။ 
 
ဒီအချက်ကို အမေရိကန်နဲ့ အနောက်အုပ်စုတွေ သိထားဖို့လိုပါတယ်။ 
 
ကျွန်တော်တို့ဟာ အမေရိကန်နဲ့ ပေါင်းပြီး တရုတ်နဲ့ ရန်သူဖြစ်တဲ့ ဗီယက်နမ်လို မဖြစ်ချင်သလို တရုတ်နိုင်ငံ တစ်ခုတည်းကို အားကိုး ရပ်တည်တဲ့ နိုင်ငံလည်း မဖြစ်ချင်ပါဘူး။  
 
ရှင်းရှင်းပြောရင် အခုဖြစ်နေတဲ့ ရိုဟင်ဂျာကိစ္စဟာ လုပ်ဇာတ်တွေ များပါတယ်။ ဒီအပေါ်မှာ မျောပါ မသွားဖို့ လို ပါတယ်။ အခုချိန်မှာ အာရုံစိုက်ရမှာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး နဲ့ ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲပဲ ဖြစ်ပါတယ်။ 
 
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်မှာ ဘင်္ဂါလီ ရိုဟင်ဂျာအရေးကို ဘာမှ မပြောဘဲနေတာ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါလိမ့်မယ်။ 
မဟုတ်ရင်တော့ အာဏာရှင်တွေ လှည့်ကွက်ထဲ ရောက်သွားနိုင်ပါတယ်။ 
 
■ (၁၀) 
 
နောက်တစ်ချက်က တိုင်းရင်းသား ပြဿနာ ဖြစ်ပါတယ်။ ဒီထဲမှာ အရေးကြီးတာက ဖက်ဒရယ် ပြည်ထောင်စု ကိစ္စပဲ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးမှာ ဖက်ဒရယ်အရေး ဆွေးနွေးခဲ့ပြီဆိုရင် တိုင်းရင်းသား တွေဘက်က သုံးပွင့်ဆိုင်ဆွေးနွေးဖို့ အမြဲတန်းတောင်းပါတယ်။  
 
တကယ်တော့ နောက်တက်လာမယ့် အစိုးရကို  အခုအစိုးရသာ ဆက်လက်တာ တာဝန်ယူမယ်ဆိုရင် အစိုးရ သပ်သပ်၊ နိုင်ငံရေးပါတီ သပ်သပ်၊ တိုင်းရင်းသား သပ်သပ် ပါဝင်တဲ့ သုံးပွင့်ဆိုင်ပဲ ဖြစ်နိုင်ပါတယ်။ 
 
အကယ်၍သာ နောက် တက်မယ့် အစိုးရမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းတို့ သုံးယောက်အုပ်စု အစိုးရ ဖြစ်ခဲ့ရင်တော့ တိုင်းရင်းသား ကိစ္စ ရှင်းရ ပိုလွယ် သွားနိုင်ပါတယ်။  နောက်ပြီး တိုင်းရင်းသားတွေလည်း ပိုပြီးတော့ ရှင်းရှင်းလင်းလင်း ရှိသွားနိုင်သလို တစ်ယောက်နဲ့ တစ်ယောက် ညှိရတာလည်း အခုထက်ပိုပြီး ပြတ်သား သွားနိုင်ပါတယ်။  
 
ဒီအတိုင်းပဲ ဘင်္ဂါလီရိုဟင်ဂျာ ပြဿနာတို့၊ မြစ်ဆုံပြဿနာတို့လည်း ရှင်းရတာ ပိုပြီး ခိုင်မာလာနိုင်ပါတယ်။  ဘင်္ဂါလီ ရိုဟင်ဂျာ ပြဿနာက အခုအစိုးရ လက်ထက် ရောက်မှ ပို အရှိန်ကောင်းလာခဲ့တာပါ။  အခုထက်ထိ လည်း ဘာသာရေး ပြဿနာဟာ အခုအစိုးရနဲ့ ဆက်နွှယ်နေတုန်းပါပဲ။ ဒီဘာသာရေး ပြဿနာတွေအတွက်  စွပ် စွဲခံရမှုတွေ ရှိနေတုန်း ဖြစ်ပါတယ်။   
 
နောက်တစ်ခါ Nepotism တို့၊ Cronyism တို့ကို အရေးယူထိန်းချုပ်မှု မလုပ်နိုင်သေးပါဘူး။ Corruption ကိစ္စမှာ ဆိုရင် လေးနှစ်တာ အစိုးရသက်တမ်းမှာ စစ်ဆေးခဲ့တဲ့ အမှု ၉ မှုပဲ ရှိပါတယ်။ ဒီအထဲမှာ အရေးယူမှု ဘယ် လောက်မှ မရှိဘူး။ ၂၀၁၄ ခုနှစ်တုန်းက ဆိုရင် တိုင်စာ ၅၃၃ စောင်ရခဲ့တယ်။ တိုင်စာစုစုပေါင်းရဲ့ ၀ ဒသမ ၅ ရာခိုင်နှုန်း၊ အမှုသုံးမှု ကိုပဲ စုံစမ်းစစ်ဆေး အရေးယူနိုင်ခဲ့ပါတယ်။ 
 
ဒါမျိုးတွေကို နောက်အစိုးရ လက်ထက်မှာလည်း ဒီလို အရေးမယူဘူးဆိုတာ လူတိုင်းက သိနေပါတယ်။ အခုချိန်မှာလည်း အကုန်လုံးက ဇီးသီးဗန်းမှောက် သလိုပဲ လာဘ်ကို အကြီးအကျယ် စားနေကြပါတယ်။ နောက်အစိုးရ လက်ထက်မှာလည်း အခုအစိုးရ ဆက်လက် တာဝန်ယူမယ်ဆိုရင် ဒီကိစ္စကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။  
 
အဲတာကြောင့် နောက်တက်မယ့် အစိုးရဟာ ညီညွတ်ပြီးတော့ အားကောင်းတဲ့ အစိုးရတစ်ရပ် ဖြစ်ဖို့လိုပါတယ်။ ညီညွတ်ပြီးတော့ အားကောင်းတဲ့ အစိုးရတစ်ရပ် ဖြစ်ဖို့ လိုတယ်ဆိုရင် ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်း၊ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တို့ တိုင်တိုင်ပင်ပင် ရှိကြပါရမယ်။ သမ္မတ ဦးသိန်းစိန် အတွက်တော့ အချိန် ကုန်သွားပြီလို့ ယူဆရပါတယ်။ 
 
ဘာလို့လဲ ဆိုတော့ သမ္မတ ဦးသိန်းစိန် တက်ခါစမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့၊ နှစ်ဦးတည်းနဲ့ ဝင်ရိုးလည်ပြီး နိုင် ငံတကာမှာရော၊ ပြည်တွင်းမှာပါ ပြဿနာတွေ ရှင်းရလွယ်မယ်လို့ ထင်ခဲ့ပါတယ်။ 
နောက်ပိုင်းကျတော့ ဒေါ် အောင်ဆန်းစုကြည်နဲ့ အဆင်မပြေတာတွေ ဖြစ်ပြီးတဲ့အခါမှာ ဦးသိန်းစိန်အပေါ် နိုင်ငံတကာမှာရော၊ ပြည်တွင်း မှာပါ ထောက်ခံမှုတွေ ကျဆင်းသွားပြီး ပြဿနာတွေ ပိုရှုပ်ထွေးသွားပါတယ်။ 
 
အဲတာကြောင့် နောက် အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်ဟာ ဆက်လက် လက်တွဲပြီး လုပ်ဖို့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။  နောက်ထပ် Player အသစ်တွေနဲ့ ထပ်မံ လက်တွဲပြီးတော့ နိုင်ငံ ပြုပြင်ပြောင်းလဲရေးကို ဆက်ပြီးလုပ်ဖို့ လိုလာပါတယ်။ ဒီ Player အသစ်တွေဟာ ဦးရွှေမန်းတို့၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့လည်း ဖြစ်လာနိုင်ပါတယ်။ ဒီလို Player တွေနဲ့ဆို ပြဿနာ ကို ပိုရှင်း ထုတ်ဖို့ လွယ်ကူ လာနိုင်ပါတယ်။ 
 
■ (၁၁) 
 
ဒီအတွက် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရင်တော့ သမ္မတ ဦးသိန်းစိန်က နောက်သက်တမ်း ရွေးချယ်ဖို့ မသင့်တော်ဘူးလို့ပဲ ငြင်းဆန်သင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ အတင်း လုပ်ခဲ့မယ်ဆိုရင်တော့ ဒီပြဿနာဟာ ပိုပိုပြီးတော့ ကြီးထွားလာနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။ 
 
အကယ်၍ ရွေးကောက်ပွဲ ဝင်အရွေးမခံဘူးလို့ သမ္မတ ဦးသိန်းစိန် ကြေညာလိုက်တာနဲ့ တိုင်းပြည်အတွက်လည်း ပိုကောင်းသွားနိုင်ပါလိမ့်မယ်။ ဒီအခါ သမ္မတ ဦးသိန်းစိန်ရဲ့ ဂုဏ်သိက္ခာလည်း ပိုတက်လာ ပါလိမ့်မယ်။ 
သမ္မတ အနေနဲ့လည်း အရင် သက်တမ်းမှာ သူတတ်နိုင်သရွေ့ လုပ်နိုင်ခဲ့သမျှ လုပ်ခဲ့တယ်လို့ ပြည်သူလူထု မြင်သွားပြီး အမြင်တွေ ကြည်လင်သွားနိုင်ပါတယ်။ ဘာပဲ ပြောပြော၊ သူဟာ အာဏာမက်လို့ ဒီအလုပ်ကို လုပ်ခဲ့တာ မဟုတ်ဘူးလို့  ပြည်သူလူထုက မြင်သွားကြမှာပါ။  
 
တစ်ဖက်မှာလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အစိုးရအဖွဲ့တွင်းမှာ လာဘ်စားတဲ့ ဝန်ကြီးတွေ၊ နာမည်ပျက်နေတဲ့ သူတွေ၊ သူတို့ရဲ့ သားသမီးထဲမှာ တရားသဖြင့် နည်းလမ်းတွေနဲ့ အခွင့်ထူးခံ စီးပွားရေး လုပ်ကိုင်နေတဲ့ သူတွေ၊ ရွေးကောက်ပွဲကို ထပ်မဝင်အောင် ဖယ်ထုတ်ပစ်ဖို့ လိုအပ်မယ် ထင်ပါတယ်။  ဒါပေမဲ့ ဒီလူတွေကတော့ ကြိုက်မှာ မဟုတ်ဘူး။ သမ္မတ အနေနဲ့ကတော့ ဒီကိစ္စကို ပြတ်ပြတ်သားသားမယ့် နည်းလမ်း ရွေးချယ်ထားရင် အကောင်းဆုံးတွေပဲ ဖြစ်လာ နိုင်ပါတယ်။ 
 
လာဘ်စားတဲ့ ဝန်ကြီးတွေ၊ မတရားလုပ်နေတဲ့ ခရိုနီအပေါ် ကာကွယ်နေသူတွေ အကုန်လုံးကို ဖြုတ်ချပြီးတော့ အခုအစိုးရ လက်ထက်မှာပဲ စတင်အရေးယူမှုတွေ လုပ်သင့်ပါတယ်။ နောက်အစိုးရ လက်ထက် မဟုတ်ဘဲ အခု အစိုးရ လက်ထက်မှာပဲ အရေးယူပြီး ပျော့ပျော့ပြောင်းပြောင်းနဲ့ ဆက်သွားလို့ရနိုင်ပါတယ်။  ဒါဆိုရင် မြန်မာနိုင်ငံ ရေးဟာ ဆက်ထုံးတစ်ခု ပြေသွားနိုင်ပါတယ်။
 
ဒီလိုဖြစ်လာပြီဆိုရင် ရွေးကောက်ပွဲဟာ သမာသမတ်ကျမှုနဲ့ Free and Fair ဖြစ်ဖို့လည်း အားပေးသွားပါ လိမ့်မယ်။ ပြည်သူလူထုအနေနဲ့လည်း သူတို့ ရွေးချယ်တဲ့ အစိုးရ တစ်ရပ်ကို လွတ်လွတ် လပ်လပ် အေးအေးဆေးဆေး တင်မြှောက်နိုင်တဲ့ အခွင့်အလန်း ရရှိသွားပါလိမ့်မယ်။ 
 
ရွေးကောက်ပွဲ အလွန်ကာလမှာလည်း ဖြစ်လာမယ့် အလားအလာတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်းမှု ရရှိတဲ့ အစိုးရအဖွဲ့လည်း ဖြစ်လာနိုင်ပါတယ်။ ဒီဘက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဦးရွှေမန်း ဆီက  စီမံခန့်ခွဲမှု အတွေ့အကြုံတွေနဲ့ တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းပြီး ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။  တိုင်းရင်း သား တွေလိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စု အတွက်လည်း တစ်ယောက်နဲ့ တစ်ယောက် စကား ပြတ်တဲ့ အထိ တိုင်တိုင်ပင်ပင် ဆွေးနွေးသွားလို့ ရနိုင်ပါလိမ့်မယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း ညှိညှိနှိုင်း နှိုင်းနဲ့ ဆက်လက်ပြီး ပြင်သွားနိုင်ပါလိမ့်မယ်။ ဒီလိုဆိုရင် အကြပ်အတည်း ဖြစ်နေတဲ့ နိုင်ငံရေး လမ်းကြောင်း လည်း ပွင့်သွားပြီး တည်တည်ငြိမ်ငြိမ်နဲ့ တိုင်းပြည်ရှေ့ခရီးကို ဆက်သွားနိုင်ပါလိမ့်မယ်။ 
 
နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခု အနေနဲ့ တပ်မတော်ကို တပ်ပိုင်းဆိုင်ရာ အရေအသွေးမြင့်တဲ့ တပ်မတော်ဖြစ်အောင် တည်ထောင်ဖို့အတွက် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ဟာ နောက်ထပ် နှစ်နှစ်၊ သုံးနှစ် လောက် တပ်မတော်မှာ ဆက်နေဖို့ ဖြစ်လာနိုင်ပါတယ်။ တပ်မတော်ထဲမှာလည်း သူ ဆက်ရှိနေပြီး နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုတွေ၊ ပုဒ်မ ၄၃၆ ပြင်ဆင်မှုလို ဟာမျိုးတွေကို သူ့ လက်ထက်မှာတင် လုပ်သွားနိုင်ပါတယ်။ 
 
နောက်ပြီး အင်တာဗျူးတွေမှာ သူ ပြောဆို ကတိပေးခဲ့တဲ့အတိုင်း တပ်မတော်ရဲ့ စီးပွားရေးကဏ္ဍ၊ စီးပွားရေး လုပ်ငန်း တွေကနေ တဖြေးဖြေးချင်း ဖယ်သွားမယ်ဆိုတဲ့ နည်းလမ်းကို အကောင်အထည် ဖော်နိုင်တဲ့ အခြေ အနေတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေအပြင် တပ်မတော်က သိမ်းထားတဲ့ လယ်ယာမြေ ပြဿနာတွေကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်မှာတင် အကုန်ရှင်းသွားလို့ ရပါလိမ့်မယ်။ နိုင်ငံတကာ လုံခြုံရေး၊ အနောက်တံခါးနဲ့ အရှေ့တံခါးမှာ ရှိတဲ့ ပြဿနာတွေကိုလည်း ပိုမိုပြီးတော့ ကိုင်တွယ်သွားနိုင်ပါလိမ့်မယ်။ 
 
တပ်မတော် အပြောင်းအလဲတွေဟာ နောက်တက်လာမယ့် အစိုးရကို အကူအညီ ဖြစ်စေခဲ့မယ်၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး အပါအဝင် တိုင်းရင်းသားတွေနဲ့လည်း ငြိမ်းချမ်းရေး ရသွားမယ်ဆိုရင်  ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်လည်း ၂၀၂၀ မှာ နိုင်ငံရေး လောကထဲ ဝင်ခဲ့မယ်ဆိုရင် သူ့အတွက်  လူထု ထောက်ခံမှု ရလာပါလိမ့်မယ်။ 
 
ဒါတွေအတွက် အဓိကျတာက သူ့ လူနဲ့သူ ထားလိုက်ခြင်းကပဲ အကောင်းဆုံးပဲ ဖြစ်လာပါလိမ့်မယ်။ သမ္မတ ဦးသိန်းစိန်အနေနဲ့  ရွေးကောက်ပွဲ မတိုင်ခင်မှာ ရွေးကောက်ပွဲ မဝင်ဘူးလို့ ကြေညာပြီး နောက် အစိုးရ အတွက် ကျန်တဲ့သုံးယောက်ကို အကူအညီပေးလိုက်တာဟာ သူအတွက် အကောင်းဆုံး နည်းလမ်းပဲ ဖြစ်လာနိုင်ပါတယ်။ ဒီလို လုပ်လိုက်တာနဲ့ ၂၀၁၅ ခုနှစ် အလွန်မှာ အစိုးရတစ်ရပ်အတွက် အပြန်အလှန် ညှိနှိုင်းပြီး ပြည်သူ ကိုယ်စားပြု သူတွေ ပေါ်ထွန်းလာမယ်။ တပ်မတော်ကလည်း သူ့နေရာနဲ့သူ ထောက်ခံပေးပါလိမ့်မယ်။ 
 
နောက်ပြီး ဒီလို လုပ်ခြင်း အားဖြင့် အစိုးရတင် မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပြဿနာတွေဟာ တဖြေး ဖြေးချင်း ပြေလည်သွားပါလိမ့်မယ်။ ဒါကြောင့်မလို့ ဒီအစိုးရလက်ထက် နောက်ကျန်တဲ့ လေးငါးလအတွင်းမှာ ပျော့ပျောင့် ပြောင်းပြောင်းနဲ့ လုပ်စရာ ရှိတာတွေ လုပ်ပြီး နောက် အစိုးရကို အကူအညီပေးဖို့ပဲ လိုပါတယ်။ 
 
ကျွန်တော်တို့ ပြောချင်တာကတော့ သမ္မတကြီး ဦးသိန်းစိန် ဆက်ထုံးကို ဖြေလိုက်စေချင်ပါတယ်။  နာမည်ကောင်းနဲ့ အနားယူသွားတဲ့ သမ္မတကြီး အဖြစ် ကျွန်တော်တို့ မြင်လိုပါတယ်။