နိုင်ငံများ၏ အကျင့်ပျက်ခြစားမှုဖြစ်စဉ်များကို လေ့လာကြည့်ပါက ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် တွင်းထွက်ပစ္စည်းစသည့် သဘာဝသယံဇာတများ ထုတ်ယူသည့်ကဏ္ဍများတွင် အဓိကဖြစ်ပေါ်နေကြောင်း ဇွန် ၅ ရက်တွင် ရန်ကုန်မြို့ မီကာဆာဟိုတယ်တွင် ပြုလုပ်သော NRGI ၏ သတင်းစာရှင်းလင်းပွဲမှရရှိသော သတင်းများအရ သိရသည်။
“အကျင့်ပျက်ခြစားမှုကိစ္စတွေက သဘာဝသယံဇာတ အရင်းအမြစ်ကဏ္ဍတွေနဲ့ ဆက်စပ်ပတ်သက်ပြီး တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီကဏ္ဍတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်ပါတယ်။ အရင်းအမြစ်ကဏ္ဍတွေမှာ သွားနေတဲ့ပုံစံတွေကတော့ နိုင်ငံတကာကုမ္ပဏီကြီးတွေက ဝင်ရောက်ရင်းနှီးမြှုပ်နှံတဲ့ပုံစံနဲ့ နိုင်ငံပိုင်လုပ်ငန်း (SOE) တွေက လုပ်ကိုင်နေတဲ့ပုံစံဆိုပြီး နှစ်မျိုးတွေ့ရပါတယ်။ အဲဒီမှာတော့ နိုင်ငံပိုင်လုပ်ငန်းတွေဟာ အားနည်းချက်တွေ အများကြီးတွေ့ရပါတယ်”ဟု အမေရိကန်အခြေစိုက် NGRI မှ Legal and Economic Programs ၏ အကြီးအကဲဖြစ်သူ Mr. Patrick Heller က ပြောကြားသည်။
“ဒီနေရာမှာ အကျင့်ပျက်ခြစားမှုဆိုတဲ့ ကိစ္စတွေမှာ နိုင်ငံပိုင်လုပ်ငန်းစုတွေနဲ့ ဆက်စပ်ပတ်သက်မှုတွေ ရှိပါတယ်။ နိုင်ငံတကာဥပမာတွေကို လေ့လာတဲ့အခါမှာလည်း နိုင်ငံပိုင်လုပ်ငန်းစုတွေက အကျင့်ပျက်ခြစားမှုတွေနဲ့ ဆက်စပ်ပတ်သက်နေတာ တွေ့ရပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းက နှစ်ခုရှိပါတယ်။ ပထမအချက်ကတော့ သူတို့က စီးပွားရေးလည်းလုပ်တယ်။ စီးပွားရေးလုပ်တဲ့ အစိုးရဌာနလည်းဖြစ်ပြီး စည်းမျဉ်းစည်းကမ်းကို ထိန်းတာကျတော့လည်း သူတို့ပဲ ထိန်းတယ်။ ဌာနတစ်ခုကနေ နှစ်ခုကို တာဝန်ယူပြီးလုပ်ဆောင်တဲ့အခါမှာ အဲဒီနှစ်ခုဟာ အကျိုးစီးပွားချင်း သယံဇာတမဖြစ်တဲ့အတွက် အဆင်မပြေတာ များပါတယ်။နောက်တစ်ခု သတိထားရမှာက နိုင်ငံပိုင်လုပ်ငန်းစုတွေဟာ စာချုပ်စာတမ်းတွေ တစ်နည်းအားဖြင့် လုပ်ပိုင်ခွင့်လိုင်စင်တွေကို ချပေးနိုင်တဲ့ပါဝါက သူတို့ဆီမှာရှိတယ်။ ဥပမာဆိုရင် ဘရာဇီးနိုင်ငံက Petrobra ဆိုလို့ရှိရင် သူတို့ရဲ့ရေနံကုမ္ပဏီတွေနဲ့ ပတ်သက်ရင် ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ လုပ်ပိုင်ခွင့်တွေကို ချုပ်ကိုင်ထားတယ်။ ပုံမှန်အားဖြင့် ဈေးအတော်ဆုံး အကောင်းဆုံးကုမ္ပဏီကို ရွေးချယ်ရမှာဖြစ်ပေမယ့် နိုင်ငံရေးအရ သူတို့နဲ့လက်သင့်တဲ့သူကို ဆွဲခေါ်ပြီးထည့်လိုက်တဲ့အတွက် ပြဿနာတက်နေတာမျိုးတွေလည်း ရှိတယ်။ ကမ္ဘာနှင့်တစ်ဝန်း ဒီလိုပြဿနာဖြစ်နေတာတွေ အများကြီးပါ။ မြန်နိုမာနိုင်ငံကို ဦးတည်ပြီးပြောနေတာ မဟုတ်ပါဘူး” ဟု Mr.Patrick Heller က ပြောကြားခဲ့သည်။
အဆိုပါလုပ်ငန်းများသည် အခွင့်အရေးပေးနိုင်သည့် အာဏာရှိသောကြောင့် အကျင့်ပျက်ခြစားမှုများ ဖြစ်လေ့ရှိကြောင်းလည်း သိရသည်။
“နိုင်ငံပိုင်လုပ်ငန်းတွေဟာ အလုပ်လုပ်တဲ့နေရာမှာ နှေးကွေးနေတာတွေရှိတယ်။ နိုင်ငံတကာမှာ ပုဂ္ဂလိကကုမ္ပဏီတွေက ဝန်ထမ်းတစ်ဦးစီအတွက် ဝင်ငွေရှာပေးနိုင်မှုဟာ နိုင်ငံပိုင်လုပ်ငန်းစုတွေက တစ်ဦးချင်းစီ ဝင်ငွေရှာပေးနိုင်မှုနဲ့နှိုင်းယှဉ်ရင် အများကြီးကွာဟနေတာ တွေ့ရတယ်။ တစ်ဆကျော်လောက် ကွာတယ်။ ဒီနေရာမှာ ဘယ်အရာက ပိုကောင်းတယ် မကောင်းဘူးပြောတာထက် ငွေများများ ပိုလိုချင်ရင်တော့ နိုင်ငံအနေနဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ သတ္တုလုပ်ငန်းတွေမှာ နိုင်ငံခြားကုမ္ပဏီတွေကို ဖိတ်ခေါ်ပြီးတော့အခွန်ကောက်ပြီး လုပ်လိုက်တာက တိုင်းပြည်အတွက် ဝင်ငွေပိုရနိုင်တယ်။ အဲလိုပြောလိုက်လို့ ကျွန်တော်တို့က နိုင်ငံခြားကုမ္ပဏီတွေနဲ့ပဲ လုပ်လို့ပြောတာ မဟုတ်ပါဘူး။ စဉ်းစားရမယ့်အချက်ကို ပြောတာပါ”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
NRGI အနေဖြင့် မြန်မာနိုင်ငံတွင် သုတေသနလုပ်ငန်းအား ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိ ထွက်လာသည့် သုတေသနဆိုင်ရာအစီရင်ခံမှုမှာ အကြမ်းဖျင်းအဆင့်သာရှိသေးကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် EITI အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရန် လျှောက်ထားဆဲအဆင့်တွင် ရှိကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံတကာတွင် နိုင်ငံပိုင်လုပ်ငန်းအများစု ကျူးလွန်သည့်အမှားများကို သင်ခန်းစာယူနိုင်ရန်အတွက် အဆိုပါ သုတေသနကိုပြုလုပ်ခဲ့ကြောင်း၊ ထပ်မံတွေ့ရှိသည့် အချက်အလက်များကို လည်း မီဒီယာများကိုလည်း ရှင်းလင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အကျင့်ပျက်ခြစားမှုဖြစ်စဉ်များကို လေ့လာကြည့်ပါက ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် တွင်းထွက်ပစ္စည်း စသည့် သဘာဝသယံဇာတ ထုတ်ယူသည့်ကဏ္ဍများတွင် အဓိကဖြစ်ပေါ်နေကြောင်း NRGI ပြောကြား