၂၀၁၅ ခုနှစ် အခွန်အကောက် ဥပဒေအရ အခွန်နှုန်းထား လျှော့ချထားသော်လည်း ကျောက်မျက်လုပ်ငန်းရှင်များ ၂၅ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည်

၂၀၁၅ ခုနှစ် အခွန်အကောက် ဥပဒေအရ အခွန်နှုန်းထား လျှော့ချထားသော်လည်း ကျောက်မျက်လုပ်ငန်းရှင်များ ၂၅ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည်
Published 1 June 2015
အငယ်ထွေး၊ နီလာ

၂၀၁၅ ခုနှစ် အခွန်အကောက် ဥပဒေအရ အခွန်နှုန်းထားကို လျှော့ချလိုက်သော်လည်း ကျောက်မျက်လုပ်ငန်းရှင်များ အနေဖြင့် ရတနာခွန် ၁၀ ရာခိုင်နှုန်းနှင့် အရိုင်းတုံး ဆိုပါက ကုန်သွယ်လုပ်ငန်းခွန် ၁၅ ရာခိုင်နှုန်း၊ စုစုပေါင်း ၂၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။“၂၀၁၅ ခုနှစ် အခွန်အကောက် ဥပဒေမှာ နှုန်းထားကိုသာ လျှော့ချပေးလိုက်ပေမယ့် ဥပဒေပုဒ်မ - ၃၆ မှာ ကျောက်မျက်ဥပဒေမှာ မည်သို့ပင်ဆိုစေကာမူ ပြည်တွင်းမှာ ကျပ်ငွေနဲ့ပဲ ရောင်းရောင်း နိုင်ငံခြားငွေနဲ့ပဲ ရောင်းရောင်း ကုန်သွယ်လုပ်ငန်းခွန်ကို တည်ဆဲဥပဒေအရ ပေးရမယ်ဆိုတဲ့ အချက်ကို ထည့်ထားပါတယ်။ ဒါ့အပြင် ဝင်ငွေခွန်ဥပဒေအရ သူ့မှာ ဝင်ငွေမြတ်စွန်းမှုရှိရင် ဝင်ငွေခွန်ဥပဒေအရ ပေးရမယ်ဆိုတာမျိုး လုပ်ထားပါတယ်။ အဲဒီအတွက်ကြောင့် ဒီနှစ်မှာဆိုရင် ကျောက်မျက်လုပ်ငန်းရှင်တွေက ရောင်းလို့ရှိရင် ရတနာခွန် ၁၀ ရာခိုင်နှုန်း ပေးရမယ်။ အရိုင်းထည်ဆိုရင် ကုန်သွယ်လုပ်ငန်းခွန် ၁၅ ရာခိုင်နှုန်း၊ အားလုံး ၂၅ ရာခိုင်နှုန်း ပေးရပါမယ်” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားခဲ့သည်။၂၀၁၅ ခုနှစ် ဧပြီ ၂ ရက်တွင် ထုတ်ပြန်လိုက်သော ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ စီးကရက်၊ ဆေးရွက်ကြီးနှင့် အရက်ဘီယာအမျိုးမျိုး၊ ဝိုင်အမျိုးမျိုး၊ ကျွန်းသစ်၊ သစ်မာ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များနှင့် အချောထည်နှင့် လက်ဝတ်ရတနာများအား အထူးကုန်စည်များအဖြစ် သတ်မှတ်ထားကြောင်း၊ စီးကရက်အတွက် အခွန်ကို ရာခိုင်နှုန်း ၁၂၀၊ ဆေးရွက်ကြီး အုပ်စုဝင်များအား ရာခိုင်နှုန်း ၆၀၊ အရက်အမျိုးမျိုးနှင့် ဘီယာအမျိုးမျိုးအား ရာခိုင်နှုန်း ၆၀၊ ဝိုင်အမျိုးမျိုးအတွက် ရာခိုင်နှုန်း ၅၀၊ ကျွန်းသစ်၊ သစ်မာလုံးနှင့် အခြေခံအဆင့်သာ ခွဲစိတ်ထားသော သစ်ခွဲသားများအား ၂၅ ရာခိုင်နှုန်း၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များကို ၁၅ ရာခိုင်နှုန်းနှင့် အချောထည်များကို ငါးရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကောက်ခံနေကြောင်း သိရသည်။ကျောက်မျက်အချောထည်များတွင် အခွန်တိုးကောက်နေမှုအတွက် ကျောက်မျက်လုပ်ငန်းရှင်များက စိုးရိမ်နေကြသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။“ကျွန်တော်တို့ရဲ့ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေက ၁၉၉၀ ကတည်းက ပြဋ္ဌာန်းထားခဲ့တာပါ။ ကျောက်မျက်ဥပဒေက ၁၉၉၅ မှ ပေါ်ခဲ့တာပါ။ ဥပဒေသဘောအရ နောက်ကျတဲ့ ဥပဒေက လွှမ်းမိုးတယ်ဆိုတဲ့ အတွက်ကြောင့် ကျွန်တော်တို့သည် ၁၉၉၅ မှာပေါ်တဲ့ ကျောက်မျက်ဥပဒေအရ မနှစ်ကဆိုရင် ကျောက်မျက်အရိုင်းထည်ကို ပြည်ပတင်ပို့ရင် ရာခိုင်နှုန်း ၃၀၊ အချောထည်ဆို ၁၀ ရာခိုင်နှုန်း၊ ပြည်တွင်းမှာဆိုရင် အရိုင်းထည်ဆို ၃၀၊ အချောထည်ဆို ၁၅ စသဖြင့် လုပ်ခဲ့တယ်။ သို့သော်လည်း ကျောက်မျက်ဥပဒေမှာ ကျောက်မျက်ကို တွင်းဝကို ပေးပြီးတယ်ဆိုရင် ပြည်တွင်းမှာ မြန်မာကျပ်ငွေနဲ့ရောင်းရင် အခွန်ပေးဆောင်ခြင်း မရှိစေရဆိုတဲ့ဟာမျိုး ရှိတယ်။ မနှစ်ကအထိ မြန်မာပြည်မှာ ထူးခြားတာတစ်ခုက ကျောက်မျက်လုပ်တဲ့ ကုမ္ပဏီတွေက ဝင်ငွေခွန် မပေးရဘူး” ဟု ဦးမင်းထွဋ်က ပြောကြားသည်။