အစိုးရသစ်လက်ထက် လေးနှစ်အတွင်း အသေးစားချေးငွေ လုပ်ငန်းလုပ်ကိုင်ရန် ပြည်ပအဖွဲ့အစည်း ၁၇ ခုနှင့် ပြည်တွင်း အဖွဲ့အစည်း ၂၀၉ ခုတို့အား ခွင့်ပြုပေးထားပြီး အဆိုပါ လုပ်ငန်း ၂၂၆ ခု၏ စုစုပေါင်း လည်ပတ်ငွေမှာ ကျပ် ၅၆ ဘီလျံ ရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
"ကျွန်တော်တို့အနေနဲ့ အသေးစားချေးငွေ ထုတ်ချေးတဲ့ကဏ္ဍ (Micro Finance Sector) မှာ Democratic Institution တွေ ထောင်နေတယ်။ ထောင်နေတဲ့အခါမှာ ဥပဒေ ပြဋ္ဌာန်းပြီး ဘဏ်လုပ်ငန်းတွေ ခွင့်ပြုနေခဲ့ပါ တယ်။ အဲဒီမှာ Micro Finance လိုင်စင်တွေလည်း ပေးနေပါပြီ။ ဥပဒေထွက်တာ ၂၀၁၁ မှာ ထွက်ပါတယ်။ ဒီလေးနှစ်အတွင်း Micro Finance အဖွဲ့အစည်းတွေကို လိုင်စင်ထုတ်ပေးထားတာ ၂၂၆ ခုရှိပါတယ်။ ၂၂၆ ခုထဲမှာ ပြည်ပအဖွဲ့အစည်းကို ပေးတာက ၁၇ ခုပဲရှိပါတယ်။ ကျန်တာက ပြည်တွင်းက အဖွဲ့အစည်းတွေပါ။ ဒီအထဲမှာမှ နိုင်ငံခြားအဖွဲ့အစည်းတွေရဲ့ လှည့်ပတ်ငွေက ကျပ်၂၄ ဘီလျံရှိပါတယ်။ ပြည်တွင်း အဖွဲ့အစည်းတွေနဲ့ အားလုံးပေါင်းစပ် လည်ပတ်နေတာက ၅၆ ဘီလျံပါ။ သူတို့ကိုဝင်ခွင့်ပေးတာက ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် ကျွန်တော်တို့က လုပ်ရတာပါ" ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ၁၉၇၇-၁၉၇၈ ဘဏ္ဍာ နှစ်လောက်မှစ၍ အသေးစားချေးငွေလုပ်ငန်းများ စတင်ခဲ့ကြကြောင်း၊ ယင်းကဲ့သို့လုပ်ဆောင်ရာတွင် အချို့မှာ UN အဖွဲ့အစည်းများ၏ အထောက်အပံ့ဖြင့် ပြုလုပ်နေကြပြီး အချို့မှာ ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ တစ်ပိုင်တစ်နိုင်အားဖြင့် မောင်းနှင်သော အသေးစား လုပ်ငန်းများဖြစ်ကြောင်း၊ အချို့မှာမူ IFC (International Finance Corporation) မှ ထောက်ပံ့ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အသေးစားချေးငွေ လုပ်ငန်းလုပ်ကိုင်သည့် အဖွဲ့အစည်းများအနက် Pact ကို လူသိများကြပြီး Lift မှာ Micro Finance အလုပ်ကို လုပ်ကိုင်ခြင်းမရှိဘဲ လုပ်သည့်အဖွဲ့အစည်းများကိုသာ လိုအပ်သည့် အထောက်အပံ့များ ပေးနေကြောင်း၊ အချို့ကို UNDP က ပေးနေကြောင်း သိရသည်။
အသေးစားချေးငွေပေးသည့် အစီအစဉ်တွင် နေရာဒေသအလိုက် ကွဲပြားမှုရှိနေပြီး အချို့က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ နာဂစ်မုန်တိုင်း တိုက်ခံရသည့်နေရာများကို ဦးစားပေး၍ ချေးငွေများချပေးကြောင်း၊ အချို့အဖွဲ့အစည်းများက ရန်ကုန်၊ မန္တလေးမြို့များရှိ ဆင်ခြေဖုံးရပ်ကွက်များကို ဦးစားပေး၍ ချေးငွေများ ချထားပေးလေ့ရှိကြောင်း၊ အလားတူ ပညာရေး၊ ကျန်းမာရေးနှင့် ပတ်သက်သော Social Loan များကိုလည်း ပေးနေကြကြောင်း၊ အချို့က အသေးစား စက်မှုလက်မှုလုပ်ငန်းများ တိုးတက်ရေးအတွက် တစ်ဦးချင်းချေးငွေ (Individual Loans) အနေဖြင့် ချပေးနေမှုများလည်း ရှိကြောင်း၊ ထို့အတူ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအတွက် အထောက်အကူပြု ချေးငွေအစီအစဉ်များလည်း ရှိကြောင်း၊ လူမှုရေးချေးငွေ (Social Loans) နှင့်ပတ်သက်၍ အမျိုးသမီးများနှင့် အိမ်ထောင်စုများကို ဦးစားပေး၍ ချေးပေးလေ့ရှိကြောင်း သိရသည်။
အလားတူ နှစ်စဉ် မေလဆန်းသို့ရောက်လျှင် အသေးစားချေးငွေ လုပ်ငန်းများ ခြေလှမ်း ပြင်တတ်ကြကြောင်း၊ အထူးသဖြင့် ကျောင်းဖွင့်ရာသီအမီ ချေးငွေများကို အိမ်ထောင်စုများသို့ ချပေးလေ့ရှိကြောင်း သိရသည်။
အစိုးရသစ်လက်ထက် လေးနှစ်အတွင်း အသေးစားချေးငွေလုပ်ငန်း လုပ်ကိုင်ရန် ပြည်ပအဖွဲ့အစည်း ၁၇ ခုနှင့် ပြည်တွင်းအဖွဲ့အစည်း ၂၀၉ ခုရှိနေပြီး အဖွဲ့အစည်း အားလုံး၏ လည်ပတ်ငွေ ကျပ် ၅၆ ဘီလျံရှိနေဟုဆို