ဂျာနယ်လစ်များအား ပြစ်မှုကျူးလွန်သူများ ပြစ်ဒဏ်မခံရဘဲ လွတ်မြောက်နေမှုကို အဆုံးသတ်နိုင်ရေး လုပ်ဆောင်ကြရန် ကုလသမဂ္ဂ တိုက်တွန်း

ဂျာနယ်လစ်များအား ပြစ်မှုကျူးလွန်သူများ ပြစ်ဒဏ်မခံရဘဲ လွတ်မြောက်နေမှုကို အဆုံးသတ်နိုင်ရေး လုပ်ဆောင်ကြရန် ကုလသမဂ္ဂ တိုက်တွန်း
Published 28 May 2015

ဂျာနယ်လစ်များအား ပြစ်မှုကျူးလွန်သူများ အပြစ်ပေးမခံရဘဲ လွတ်မြောက်နေမှုများကို အဆုံးသတ်နိုင်ရေးအတွက် အစိုးရများက လုပ်ဆောင်ကြရန် တိုက်တွန်းသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မေ ၂၇ ရက်က ချမှတ်ခဲ့ကြောင်း သိရသည်။ ယင်းဆုံးဖြတ်ချက်သည် သမိုင်းဝင်အောင်မြင်မှုတစ်ရပ် ဖြစ်သည်ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ဂုဏ်ပြုခဲ့သည်။ဂျာနယ်လစ်များသည် အစ္စလာမ္မစ်နိုင်ငံတော် (IS) ကဲ့သို့ အစွန်းရောက်များ၏ ခြိမ်းခြောက်မှု ရင်ဆိုင်နေရမှုကို အလွန်အမင်း စိုးရိမ်မိကြောင်းလည်း အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့သည်။ပြီးခဲ့သောနှစ်တွင် ဂျာနယ်လစ် ၆၆ ဦးသည် သက်ဆိုင်သည့် တာဝန်များ ထမ်းဆောင်နေစဉ်အတွင်း အသတ်ခံခဲ့ရပြီး ဂျာနယ်လစ်များအား ကျူးလွန်သောပြစ်မှု ရာခိုင်နှုန်း ၉၀ ကျော်တွင် ကျူးလွန်သူများသည် အပြစ်ပေးခံရခြင်း မရှိကြောင်း RSF က ထုတ်ပြန်ခဲ့သည်။ ပြင်သစ်နိုင်ငံ ပါရီမြို့၌ ချာလီအီဘဒူ မဂ္ဂဇင်းတိုက်ကို အစ္စလာမ္မစ်များ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ကာတွန်းဆရာလေးဦး အပါအဝင် ယခုနှစ်တွင် ဂျာနယ်လစ် ၂၅ ဦး အသတ်ခံခဲ့ရပြီးဖြစ်ကြောင်း RSF က ထုတ်ပြန်ခဲ့သည်။ကုလလုံခြုံရေးကောင်စီ၏ ယခုဆုံးဖြတ်ချက်အရ စစ်ပွဲဇုန်များတွင် လုပ်ကိုင်နေရသော ဂျာနယ်လစ်များ၊ မီဒီယာဝန်ထမ်းများ၊ သူတို့နှင့် သက်ဆိုင်သူများအား ရာဇဝတ်မှု ကျူးလွန်သူများကို တာဝန်ခံမှု အပြည့်အ၀ ရှိစေရန်အတွက် လုပ်ဆောင်ကြရန် အဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် ဂျာနယ်လစ်များကို ကာကွယ်ရေးအတွက် သမိုင်းဝင်နေ့တစ်နေ့ဖြစ်ပြီး မီဒီယာလွတ်လပ်ခွင့်အတွက်လည်း မျှော်လင့်မိကြောင်း RSF အတွင်းရေးမှူးချုပ် ခရစ္စတိုဖီးဒီလိုင်ရီက ပြောကြားခဲ့သည်။ယင်းဆုံးဖြတ်ချက်ကို လစ်သူယေးနီးယားက မူကြမ်းရေးဆွဲခဲ့ပြီး နိုင်ငံပေါင်း ၅၈ နိုင်ငံက ပူးတွဲထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ ယင်းဆုံးဖြတ်ချက်သည် ၂၀၀၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ပထမဆုံး အရေးယူဆောင်ရွက်မှုအပေါ် အခြေခံထားခြင်းဖြစ်သည်။ ပြီးခဲ့သော ၁၀ နှစ်ကျော်အတွင်း ဂျာနယ်လစ် ၇၀၀ ကျော် အသတ်ခံခဲ့ရကြောင်းလည်း RSF က ထုတ်ပြန်ခဲ့သည်။ဂျာနယ်လစ်များအား ပြစ်မှုကျူးလွန်သူများကို တရားစွဲဆိုမှုများနှင့် ပတ်သက်၍ အစိုးရ၏ လုပ်ဆောင်မှုများအား အစီရင်ခံမည့် ဂျာနယ်လစ်များ ကာကွယ်ရေးဆိုင်ရာ ကုလအထူးသံတမန်တစ်ဦး ခန့်အပ်ရန် ဒီလိုင်ရီက လုံခြုံရေးကောင်စီတွင် တောင်းဆိုခဲ့သည်။ ဂျာနယ်လစ်များအား ပြစ်မှုကျူးလွန်နေမှုများနှင့် ပတ်သက်၍ ဆီးရီးယားနှင့် အီရတ်တို့ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) သို့ လွဲှပြောင်းရန်လည်း သူက တိုက်တွန်းခဲ့သည်။Ref:AFP

Most Read

Most Recent