သီလဝါစက်မှုဇုန်၌ မဂ္ဂါဝပ် ၄၀၀ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ဧဒင်နှင့် နိုင်ငံခြားကုမ္ပဏီနှစ်ခု နားလည်မှုစာချွန်လွှာ ရေးထိုး

သီလဝါစက်မှုဇုန်၌ မဂ္ဂါဝပ် ၄၀၀ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ဧဒင်နှင့် နိုင်ငံခြားကုမ္ပဏီနှစ်ခု နားလည်မှုစာချွန်လွှာ ရေးထိုး
Published 27 May 2015
နေရိုင်း၊ ဇေယျာထွန်း

အမေရိကန်ဒေါ်လာ တစ်ဘီလျံခန့်ရှိမည်ဟု ခန့်မှန်းသော ၄၀၀ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို သီလဝါစက်မှုဇုန်၌ တည်ဆောက်ရန် ဧဒင်ကုမ္ပဏီနှင့် နိုင်ငံခြားကုမ္ပဏီနှစ်ခုတို့ မေ ၂၇ ရက်က နေပြည်တော်ရှိ Hilton ဟိုတယ်တွင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။အဆိုပါစီမံကိန်းအား မြန်မာနိုင်ငံမှ ဧဒင်ကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ Marubeni Corporation၊ ထိုင်းနိုင်ငံ PTT Group အဖွဲ့ဝင် GPSC Co တို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် လျှပ်စစ်တပ်ဆင်အင်အား ၄၀၀ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံအား တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။အင်အား ၄၀၀ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုပ်လုပ်ရေးစက်ရုံ တည်ဆောက်ရန်အတွက် ဧဒင်ကုမ္ပဏီမှ အစုရှယ်ယာ ၁၅ ရာခိုင်နှုန်း ပါဝင်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ အစိုးရမှ အဆိုပါစက်ရုံမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပြန်လည်ဝယ်ယူပြီး သီလဝါစက်မှုဇုန်၊ ရန်ကုန်တိုင်းဒေကြီးနှင့် မဟာဓာတ်အားလိုင်း ကွန်ရက်တို့မှတစ်ဆင့် ဓာတ်အားဖြန့်ဖြူးရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။“ဒီစီမံကိန်းကို ဆောင်ရွက်တဲ့ အခါမှာလည်း ဒီအထိက အကျိုးသက်ရောက်မှုတွေ အပေါ်မှာ အဓိကထားပြီး ဆောင်ရွက်ဖို့မှာ ကြားလိုပါတယ်။ ဒီနေ့ လက်မှတ်ရေးထိုးတဲ့ သန်လျင်မှာပြုလုပ်မယ့် ဧဒင်ကုမ္ပဏီနဲ့ နိုင်ငံခြားကုမ္ပဏီတို့ ပူးပေါင်းစွမ်းဆောင်တဲ့ စီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်း၊ တည်ဆဲဥပဒေ၊ နည်းဥပဒေတွေကို လိုက်နာပြီး ဆောင်ရွက်ပေးမယ်ဆိုရင် အချိန်မီ ပြီးစီးသွားမှာ ဖြစ်ပါတယ်” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။နားလည်မှုစာချွန်လွှာ ရေးထိုးပြီး ကိုးလအတွင်း အဆိုပါ စီမံကိန်းအတွက် Feasibility Study ပြုလုပ်ခြင်း၊ Project Site နေရာ သတ်မှတ်ခြင်း၊ Environmental Impact Study နှင့် Social Impact Study ပြုလုပ်ခြင်း၊ Joint Venture Agreement အပေါ် ဆွေးနွေးခြင်းနှင့် Business Plan ရေးဆွဲခြင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC တင်ခြင်း လုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ဂျပန်နိုင်ငံမှ Mr.Katsumi Miyamtoto က “ကျွန်တော့်အနေနဲ့ ဒီစီမံကိန်းကနေပြီး ထွက်ရှိလာတဲ့ လျှပ်စစ်ဓာတ်အားကို မြန်မာနိုင်ငံရဲ့ မဟာဓာတ်အားလိုင်းကို လည်းကောင်း၊ စက်မှုဇုန် ဧရိယာများဖြစ်တဲ့ သန်လျင်နဲ့ သီလဝါများကို ရောင်းချခြင်းနဲ့ ရန်ကုန်မြို့ရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်တွေကို ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။အဆိုပါ စီမံကိန်း၏ မြန်မာနိုင်ငံ ကုမ္ပဏီဖြစ်သည့် ဧဒင်ကုမ္ပဏီမှာ မြန်မာ့ကမ်းလွန်တွင် သဘာဝဓာတ်ငွေ့နှင့် ရေနံရှာဖွေခြင်းလုပ်ငန်းကို ဆောင်ရွက်နေသည့်အပြင် GPSC ကုမ္ပဏီ၏ မိခင်ကုမ္ပဏီဖြစ်သော PTT သည် Block M-3 တွင် လုပ်ငန်းများ ရင်းနှီးမြှုပ်နှံဆောင်ရွက်နေကြောင်း သိရသည်။မြန်မာ့ပင်လယ်ပြင်တွင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက် လေးခုထက်မနည်း တွေ့ရှိထားပြီးဖြစ်ကြောင်း၊ အောင်သိင်္ခသဘာဝဓာတ်ငွေ့ စီမံကိန်းသည် ၂၀၁၈ ခုနှစ်တွင် စီးပွားဖြစ် စတင်ထုတ်လုပ်လာနိုင်ဖွယ်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဦးစိုးမြင့်က ပြောကြားထားရာ နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ အများအပြား ပေါ်ပေါက်လာနိုင်ပြီး ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများ ပေါ်ပေါက်လာနိုင်ဖွယ် မရှိတော့ကြောင်း သုံးသပ်မှုများ ရှိနေသည်။   

Most Read

Most Recent