၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အစိုးရဘတ်ဂျက်ထဲမှ ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် ကျပ်သန်းပေါင်း ၇၀၀၀ နှင့် လယ်မဲ့ယာမဲ့များအတွက် မြေယာဖော်ထုတ်ရန် ကျပ်သန်းပေါင်း ၁၀၀၀၀ လျာထားဟု ဆို

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အစိုးရဘတ်ဂျက်ထဲမှ ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် ကျပ်သန်းပေါင်း ၇၀၀၀ နှင့် လယ်မဲ့ယာမဲ့များအတွက် မြေယာဖော်ထုတ်ရန် ကျပ်သန်းပေါင်း ၁၀၀၀၀ လျာထားဟု ဆို
Published 27 May 2015
အငယ်ထွေး၊ နီလာ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ဘတ်ဂျက်ထဲမှာ ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် ကျပ်သန်းပေါင်း ၇၀၀၀ နှင့် လယ်မဲ့ယာမဲ့များအတွက် မြေယာဖော်ထုတ်ရန် ကျပ်သန်းပေါင်း ၁၀၀၀၀ အသုံးပြုသွားရန် လျာထားထားကြောင်း မေ ၂၆ ရက်က နေပြည်တော်ရှိ ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။“၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကိုကြည့်ရင် အထူးကိစ္စရပ်အနေနဲ့ တိုင်းနဲ့ပြည်နယ်တွေကို ခွဲဝေပေးရတဲ့ အထဲမှာ ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက်က ကျပ်သန်းပေါင်း ၇၀၀၀ ရှိပါတယ်။ လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် ထောက်ပံ့တာက ကျပ်သန်းပေါင်း ၃၂၄၀၀ ရှိပါတယ်။ မြို့နယ်စီမံခန့်ခွဲမှု အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ရန် ကျပ်သန်းပေါင်း ၃၂၀၀၊ ခရိုင်မြို့နယ် စုပေါင်းရုံး ၁၄ ရုံး ဆောက်ဖို့အတွက်က ကျပ်သန်းပေါင်း ၂၁၀၀၀၊ အိမ်ရာစီမံကိန်းများအတွက် ထောက်ပံ့ငွေက ကျပ်သန်းပေါင်း ၄၆၀၀၀၊ လယ်မဲ့ယာမဲ့တွေအတွက် လယ်ယာဖော်ထုတ်ရေးအတွက်ဆိုပြီး သန်းပေါင်းတစ်သောင်း စုစုပေါင်း ပြည်ထောင်စုကနေ  တိုင်းနဲ့ပြည်နယ်တွေကို ထောက်ပံ့ပေးမှုဟာ ၁၂၉ ဒသမ ၄၂ဘီလျံ ရှိပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဝင်းက ပြောကြားသည်။ပြီးခဲ့သည့် မတ်လအတွင်းက ထုတ်ပြန်ခဲ့သော အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အစီရင်ခံစာအရမူ ယခုနှစ်အတွက် ဘတ်ဂျက်လိုငွေမှာ ဂျီဒီပီ၏ ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် ငါးရာခိုင်နှုန်းဝန်းကျင်သာ ရှိခဲ့သောကြောင့် ယခုနှစ် ဘတ်ဂျက်လိုငွေပို၍ မြင့်မားလာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။“ထပ်တိုးဘတ်ဂျက်နဲ့ ပတ်သက်လို့ရှိရင် အခြေအနေပေါ်မူတည်ပြီး ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဘဏ္ဍာရေးလိုငွေပြတာ အစိုးရသစ်တက်လာတဲ့ကာလ လေးနှစ်တွင်းသာ မကပါဘူး။ ဟိုးတုန်းကတည်းက ပြခဲ့တာပါ။ ဒါကြောင့်မို့လို့ ပြည်တွင်းကြွေးတွေ ပြည်ပကြွေးတွေဆိုတာ ဖြစ်လာတာပါ။ အစိုးရရဲ့ အသုံးစရိတ်ချတာ မချတာကတော့ သူ့ရဲ့မူဝါဒအပေါ်မှာ မူတည်ပါတယ်။ အစိုးရအနေနဲ့ ရငွေထက် ပြန်ပြီးသုံးရတဲ့ အပိုင်းလည်း ရှိပါတယ်။ ဒါကြောင့် လိုငွေပြတိုင်း လျှော့ချရမယ်လို့တော့ ပြောလို့မရသေးပါဘူး။ လိုငွေပြတာကို ထိရောက်အောင် အသုံးချပြီးတော့ တိုင်းပြည်တိုးတက်အောင် လုပ်နိုင်ဖို့ လိုပါတယ်” ဟု ဦးမောင်မောင်ဝင်းက ဆက်လက်ပြောကြားသည်။အစိုးရသစ်လက်ထက် ကာလအတွင်း မြန်မာနိုင်ငံ၏ ဘတ်ဂျက်လိုငွေမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ သုံးနှစ်တာကာလအတွင်း ကျပ်ဘီလျံ ၇၂၀၀ သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။“မနှစ်တုန်းကတော့ ၉၅၀ နဲ့ ဆွဲခဲ့တယ်။ ၉၈၀ နဲ့ ဆွဲခဲ့တယ် စသဖြင့်ပေါ့။ ဒီနှစ် ၂၀၁၅-၂၀၁၆ ကိုဆွဲဖို့ကို မြန်မာနိုင်တော် ဗဟိုဘဏ်ကို ခန့်မှန်းခြေ Rate၊ အဲဒါကို Budgetary Assumption Rate လို့ခေါ်တာပေါ့။ ဘတ်ဂျက်အတွက် ခန့်မှန်းပေးတဲ့ Rate ပေါ့။ ဘတ်ဂျက်ရေးဆွဲတဲ့ကာလ လွန်ခဲ့သော ၂၀၁၄ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလလောက်တုန်းက အဲဒီတုန်းက စဆွဲတာ။ အဲဒီတုန်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မှန်းပေးတဲ့ Rate က ၁၀၂၀ ပါ။ အဲဒါနဲ့ ကျွန်တော်တို့ ဆွဲထားပါတယ်။ ဆွဲထားတဲ့ အခါကျတော့ အခုလို ဈေးနှုန်းကြီးလာတဲ့ အခါကျတော့ သက်ဆိုင်ရာကနေပြီးတော့ လိုသွားတာကို ထပ်ပြီးတော့ တောင်းခံရမယ်” ဟု ၎င်းက ပြောကြားသည်။ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင်လည်း အစိုးရ၏ အသုံးစရိတ် မြင့်တက်ခဲ့ကြောင်း၊ တယ်လီဖုန်းဆက်သွယ်ရေး လိုင်စင်များရောင်းချခြင်းမှရသော ဝင်ငွေများမှာ ၂၀၁၃ ခုနှစ်မှစ၍ ကျဆင်းလာခဲ့ကြောင်း၊ ယင်းမှာလည်း ဘတ်ဂျက်လိုငွေ ဖြစ်ပေါ်စေခြင်းအကြောင်း တစ်ခုဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ဘတ်ဂျက်လိုငွေ ၄ ဒသမ ၅ ရာခိုင်နှုန်းဝန်းကျင် ရှိခဲ့သည့်အတွက် ငွေတိုက်စာချုပ်များ လေလံတင်ရောင်းချခြင်းဖြင့် လိုငွေအား ဖြည့်ဆည်းခဲ့ရကြောင်း ADB အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most Read

Most Recent