တကယ်တော့ ဖြစ်နိုင်ရင် တစ်သက်လုံးကို ဖုံးထားလိုက်ချင်တာဗျာ။
ဒါကြောင့် ဖုံးလည်းဖုံး၊ ဖိလည်းဖိ၊ ဖုံးဖုံးဖိဖိ လုပ်ကြလေရဲ့။ လုပ်ရက်လေရဲ့။
ဘယ်သူတွေများလဲဗျ။
နေပါဦး။ ဖုံးဖုံးဖိဖိ၊ ဖုံးတယ်ဖိတယ် ဆိုတဲ့စကားကို အနက်ဖွင့်ကြည့်သင့်ပါသေးတယ်။ အဘိဓာန်မှာ ပေးထားတဲ့ အနက်အဓိပ္ပာယ်တွေ ရှိပါတယ်ခင်ဗျ။
“ဖုံး” ကို ပေးထားတဲ့ အဓိပ္ပာယ်တစ်ခုက “အပေါ်မှ လွှမ်းအုပ်သည်” လို့ပေးပါတယ်။
“ဖိ” ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်တစ်ခုတော့ “တစ်စုံတစ်ခုကို မရွေ့၊ မကြွအောင် အပေါ်တွင် အခြားတစ်ခုခုကို တင်သည်” လို့ ပေးထားပါတယ်။
ဒါ့ကြောင့် ဖုံးဖိတယ်ဆိုတာ ဆိုပါတော့ဗျာ အိမ်မှုကိစ္စမှာ အလုပ်အကိုင်တွေမှာ စည်းကမ်းစနစ်တကျ လုပ်ကိုင်ကြတဲ့အခါ သုံးနှုန်းတာပေါ့။ စားစရာသောက်စရာတွေ ချက်ပြုတ်ပြီး ပြင်ဆင်ပြီးတဲ့အခါ ထမင်းဟင်းလျာ ပန်းကန်တွေ၊ ထမင်းအိုးဟင်းအိုးတွေကို ဖုံးဖုံး ဖိဖိနဲ့ လုံခြုံသန့်ရှင်းစွာထားတာ။ ရုံးအလုပ် ဌာနတွေမှာ ဆိုရင်လည်း စားပွဲပေါ်မှာ အလုပ်နဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေ ဖရိုဖရဲ ပြန့်ကျဲ ဖြစ်မနေအောင် စနစ်တကျစီလို့ထပ်လို့ ဖိစရာနဲ့ဖိ၊ ရေမိုးမစိုအောင်လည်း ဖုံးစရာနဲ့ဖုံး။ အဲဒီလိုနေရာမျိုးမှာလည်း သုံးနှုန်းကြတာ ပေါ့။ ဒီလို ဖုံးတယ်၊ ဖိတယ်ဆိုတာက ကောင်းကျိုးရှိတယ်ဗျ။ လုပ်ကြရမယ့် အလုပ်ပဲခင်ဗျ။
ဒါပေမဲ့ နောက်ထပ်ပေးထားတဲ့ အဓိပ္ပာယ်က ရှိသေးတယ်ဗျာ။ မြန်မာစာ မြန်မာ စကားကလည်း ပရိယာယ်ကြွယ်တယ်လေ။ ကြည့်ပါ။ “ဖုံး” ဆိုတဲ့ ဝေါဟာရရဲ့ နောက်အဓိပ္ပာယ်တစ်ခုက “ကွယ်ဝှက်သည်” တဲ့ဗျာ။ ဒါကြောင့် တကယ်တော့ ဖြစ်နိုင်ရင် တစ်သက်လုံးပဲ ဖုံးထားလိုက်ချင်တယ် ဆိုတဲ့လူတွေဟာ ကွယ်ဝှက်ထားချင် သူတွေပေါ့ခင်ဗျာ။ မှောက်ထားကိုင်ထားတဲ့ ဝှက်ဖဲပေါ့။
ဘာတွေများ ဖုံးကွယ်ဝှက်ထားချင်တာလဲ။
အာ့ဟား၊ လာသေးတယ်။ မပေါ်စေချင်တဲ့အရာ ကိစ္စမှန်သမျှပေါ့။
ပေါင်ခြံမှာ ပွေးပေါက်တယ်ဗျာ။ အပေါ်က အဝတ်ဝတ်ထားလို့ မမြင်ရတဲ့ မပေါ်တဲ့ တိုင်အောင် ရှက်တတ်တဲ့လူက ပြောရပြရမှာ ရှက်နေပြီး ဖုံးထားချင်တယ်ဗျာ။ ဒီလိုပဲ မိဘဆွေမျိုး မိတ်ဆွေအပေါင်းအသင်းတွေ သိသွားကြရင် စိတ်မချမ်းမမြေ့ဖြစ်နိုင်မယ့် အကြောင်းကိစ္စမျိုးတွေကို သတိလုပ်ဆင်ခြင်ပြီး ထုတ်မပြောဘူး၊ ဖုံးထားလိုက်တယ်ဗျာ။ မမြင်အပ်သေး မကြားအပ်ရာကို ဖုံးထားလိုက်တယ်။ ဒါမျိုးက လူ့သဘောမနောလို့ ဆိုရမယ်ထင်ပါတယ်။ စေတနာကောင်းလို့လည်း ဆိုနိုင်ပါတယ်။
ဟော၊ အရှက်တရား အကြောက်တရား မရှိကြတဲ့လူတချို့ကျတော့ဗျာ၊ ဖုံးကွယ်ထားချင်လိုက်တာ တစ်သက်လုံး ပါပဲကလား။ ဒါပေမဲ့ မတူဘူး။ သူတို့တွေ ဖုံးကွယ်ထားချင်ကြတာက မတော်အတ္တလောဘနဲ့ ကိုယ်ကျိုးစီးပွား လုပ်ယူနေကြတဲ့ ကိစ္စတွေပါပဲဗျာ။ အကျင့်တန်လော်မာတဲ့ ကိစ္စတွေပေါ့။
ပွေးပေါက်တဲ့ကိစ္စကို ဖုံးကွယ်တာ။ အမေအဖေနဲ့ ချစ်သူခင်သူ ညီအစ်ကိုမောင်နှမသိရင် စိတ်မချမ်းသာမှာစိုးလို့ ဖုံးကွယ်တာ။ ဒါမျိုးတွေက လူအများမှာ အကျိုးမယုတ်ပါဘူး။ ထိခိုက်နစ်နာမှု မရှိပါဘူး။ အများပြည်သူနဲ့ဆိုင်တာ မဟုတ်လို့ပါပဲ။ ဒါပေမဲ့ နိုင်ငံရယ် ပြည်သူအများရယ်နဲ့ဆိုင်တဲ့ ကစားကွင်းကြီးကို စီးပွားရေးခွင်ချပြီး လက်ဝါးရိုက် လက်သိပ်ထိုး စီမံကိန်းလုပ်လိုက်ချင်တာမျိုး၊ ပြည်သူ့ဝန်ကိုဆောင်ရမယ့် လုပ်ငန်းတွေကို ဟိုကို တစ်ဖဲ့ပေး၊ ဒီကိုတစ်ဖဲ့ပေး၊ ကိုယ်တို့အဖွဲ့က တစ်ဝက်ယူဆိုသလို ဒီလိုသိုဝှက်ပြီး ကျိတ်ကြံကျိတ်လုပ်တာမျိုး။ “တင်ဒါ” ဆိုတာ ခင်ဗျားတို့အတွက်ပဲ ဖြစ်စေရမယ် ဆိုတာမျိုးကတော့ ဖုံးလည်းဖုံး၊ ဖိလည်းဖိ၊ ဖုံးဖုံးဖိဖိ လုပ်ရက်ကြတာ မဟုတ်လားဗျာ။ မမှန်မကန်တာကို ဖုံးတာဗျ။
ပြီးတော့ အရှက်ကြောင့်အရှက်နဲ့၊ စေတနာ အသိအဆင်ခြင်နဲ့ ဖုံးတဲ့သူက လူသာမန်တွေဗျ။ ကျိတ်ကြံကျိတ်လုပ်တဲ့ အဲဒီလူတွေကျတော့ ဌာနဆိုရင်လည်း ဌာနမှာအကြီးအကဲ၊ အကြီးအမှူးဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ထည်ထည်ဝါဝါ ရာထူးရာခံကြီးတွေနဲ့ဗျာ။ ပြည်သူ့တာဝန် ထမ်းနေတယ်ဆိုတဲ့ သူတွေဗျ။ နိုင်ငံနဲ့ ဌာနက လစာ၊ ရိက္ခာနဲ့ခံစားခွင့်တွေ အသီးသီးကို ခံစားနေကြရပြီး၊ ဟန်ကျပန်ကျနေကြတဲ့ သူတွေပဲဗျာ။ သူတို့ရဲ့ တာဝန်ဝတ္တရားတွေထဲမှာ အခုဒီလိုမျိုး အရောင်ပြ ဟန်ပြနဲ့ ခွင်ရိုက်တဲ့ဗျူဟာတွေများ ပါနေရော့လားဗျာ။ ဆိုပါတော့ ရာထူးဟာ ဦးဆောင်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်ဆိုရင်ပဲ နည်းတဲ့ရာထူးလားခင်ဗျာ။ သူတို့ပဲလို့ မဆိုလိုဘူးနော်။ ဥပမာ နမူနာပြောတာ။ အခုဆိုရင်လည်း လစဉ်ကျပ်နှစ်သိန်း ထပ်ဆောင်းခံစားခွင့်နဲ့ အမြဲတမ်းအတွင်း ဝန်တောင် ပေါ်ပေါက်လာသေး ဆိုလားဗျာ။ အဲဒီလို ရာထူးမျိုးထက် ပိုပြီးအဆင့်မြင့်မားတဲ့ ပုဂ္ဂိုလ်မျိုးက ဦးဆောင်ခွင်ရိုက်တယ် ဆိုရင်တော့ . . . ၊ အလွန့်အလွန်ကို အရုပ်ဆိုး အကျည်းတန်ချည်ရဲ့။
ကဲ.. မသမာသူတွေ သမာသမတ်မကျတဲ့လူတွေ မရိုးမဖြောင့်တဲ့သူတွေဟာ အဲဒီလို မမှန်မကန် လုပ်ကြတာမျိုးကို ဖုံးဖိထားချင်ကြတာပဲ မဟုတ်လား။
“မင်းတို့ ဒီကိစ္စ ဒီအကြောင်းကို ဘယ်သူမှ မသိစေနဲ့”
“လုံး၀ မပေါက်ကြားစေနဲ့၊ ကြားလား”
ဒါဆိုရင် ဖုံးကွယ်ဝှက်ခိုင်းတဲ့အပြင် ဖိလိုက်တာပါပဲ။ ‘ဖိ’ ဝေါဟာရရဲ့ နောက်အဓိပ္ပာယ် တစ်ခုက ‘အားနှင့်ဖိသည်’၊ ‘အပေါ်မှအားနှင့် နှိပ်ချသည်’ လို့ ဆိုထားပြန်တယ်ဗျ။ ဖိအားတွေ ပေးထားလိုက်ပါပြီ။ ဖုံးထားဖိထားကြပေတော့။ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့၊ တစ်ပါတီရဲ့ အကျိုးအတွက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ နိုင်ငံနဲ့ ပြည်သူအတွက်တော့ နာချင်နာပေ့စေ။ အာဏာလက်ကိုင်ရှိတုန်း၊ နေရာဌာနနဲ့ ရာထူးတွေ အသီးသီးမှာ ကိုယ့်လူတွေ ကွန်ရက်ဖြန့်ချထားပြီး ဒီလိုမျိုး လုပ်ကောင်းသလားဗျာ။ နမူနာ ဖြစ်ကောင်းသလားဗျာ။
တကယ်တော့ မဏ္ဍိုင်ဖြစ်ကြရမှာ။ မဏ္ဍိုင်ဆိုတာ အလယ်ဗဟိုတည့်တည့်။ အခုတော့ ချစ်သူကိုသာစေ၊ ကိုယ်နှင့်သင့်သူကိုရစေ မုန်းသူကိုနာစေ၊ ကိုယ်နှင့်မသင့်သူ၊ ကိုယ့်ကိုလာပြီး မသင့်သူကို မရစေဆိုတာမျိုးက ‘ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ’ တဲ့ပုံစံမျိုးပါပဲ။ လောဘတွေ၊ လောဘတွေ။ စားလို့ကို မဝနိုင်သလို ပါပဲကလားဗျာ။ အလွန့်အလွန်ကို သိသာရုပ်ပျက်အောင် တပ်မက်ခြင်း တဏှာပေါ့ခင်ဗျာ။ ဘဝတဏှာ-မိမိဖြစ်ရာ ဘဝကို တပ်မက်နှစ်သက်သာယာတဲ့ သဘောပါတဲ့။
ဒီလိုတပ်မက်တဲ့ တဏှာလောဘနဲ့ ရာထူးအရှိန်အဝါ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြီး လုပ်ထားမိသမျှဖုံးပေမယ့် ပုဂ္ဂလိက သတင်းစာ၊ မီဒီယာကျေးဇူးကြောင့် ပေါ်လာရ သိလာရတော့တာပါပဲ။ ရွံစရာဗျာ။ သတင်းစာကိုတော့ ကျေးဇူးတင် ချီးကျူးနေကြတယ်ဗျ။
“တဏှာနှင့် ပတ်သက်လာလျှင် အဝိဇ္ဇာကဖုံးလည်းဖုံး၏ ဖော်လည်းဖော်၏။ ဖုံးခြင်းဟူသည်မှာ တဏှာကို မကောင်းသော အဓမ္မအဖြစ် မမြင်ရအောင် ဖုံးခြင်းဖြစ်၏။ ဖော်ခြင်းဟူသည်မှာ တဏှာကို ကောင်းသောဝါဒ အနေဖြင့် မြင်ရအောင်ဖော်ခြင်းဖြစ်၏။ ဤသည်ကိုပင် သစ္စာကိုဖုံးခြင်းဟူ၍ဆိုရ၏။ သမိုင်းဆိုသည်မှာ လောက၌ အဝိဇ္ဇာဖုံးလွှမ်း နိုင်သောအခါသာ လိမ်၍ရ၏။ တစ်နေ့တွင် ဝိဇ္ဇာရောက်၍ အဝိဇ္ဇာ ကွယ်ပျောက်သောအခါ သမိုင်း၌ လိမ်ညာမှုဟူသမျှသည် လိမ်ညာမှုခံအဖြစ်ဖြင့် အမှန်အတိုင်း ပေါ်ပေါက်မြဲဖြစ်၏”။ (ဦးရွှေအောင်)
ဖတ်ဖူးမှတ်သားဖူးတဲ့ အဆုံးအမစာကြောင်း ဝါကျအချို့တို့နဲ့ ယှဉ်ကြည့်လိုက်တဲ့အခါ အခုလိုလုပ်စားနေခဲ့ကြတဲ့ သူတွေဟာ လူလိမ်လူညာတွေပါကလား၊ အစစ်အမှန်တွေကို ဖုံးကွယ်ဖျောက်။ မဟုတ်မမှန် လုပ်ကြံမှုတွေကိုကျတော့ အများအကျိုးအတွက် တာဝန်ကိုကျေပွန်အောင် ဆောင်ရွက်သလိုမျိုး ဖော်နေကြတာပါကလား။
ဖြစ်နိုင်ရင် တစ်သက်လုံး ဖုံးဖိထားချင်ကြတဲ့ လူတွေ၊ နှိပ်ကွပ်ချင်လှတဲ့လူတွေ၊ လုပ်ရက်ကြတဲ့သူတွေ။ တစ်နေ့တစ်နေ့၊ တစ်နေ့ကျရင်တော့ “တစ်သက်လုံးဖုံးသမျှ ကုန်းခါမှပေါ်” ဖြစ်ကြတော့မှာပါပဲ။
စာကိုး -
-မြန်မာစကားပုံ (မြန်မာစာအဖွဲ့)
-“ဗုဒ္ဓ” လောကသားတိုင်း အနှိုင်းမဲ့ကျေးဇူးရှင် ကိုယ်ကျင့်ဗုဒ္ဓဝင် (ဦးရွှေအောင်)
-မြန်မာ အဘိဓာန်










