စာရေးသူရဲ့ တစ်ခုတည်းသော ဆန္ဒက စာရေးသူတို့ မြန်မာနိုင်ငံမှာ လတ်တလော ကြုံတွေ့နေရတဲ့ ဆင်းရဲချမ်းသာ ကွာဟမှုကို ကျဉ်းမြောင်းစေလိုတာ ဖြစ်ပါတယ်။ မိမိနိုင်ငံ တိုးတက်၊ မိမိနိုင်ငံသားတွေ ကမ္ဘာ့အလယ်မှာ ဘဝအရည်အသွေး မြင့်မားစွာနဲ့ နေထိုင်နိုင်စေဖို့ပါ။ စာရေးသူရဲ့ စာဖတ်အားနဲ့ နိုင်ငံတိုးတက်လာစေဖို့ အာဏာပိုင်အစိုးရတွေကို အဆိုပြုလွှာ ပေးပို့ဖူးတယ်။ ဘာတုံ့ပြန်မှုကိုသော်မှ မရရှိခဲ့ပါ။ ၁၉၉၇ ခုနှစ်မှာ စာရေးသူတို့နိုင်ငံက အရှေ့တောင်အာရှ ၁၀ နိုင်ငံမှာ အဖွဲ့ဝင်နိုင်ငံအဖြစ် စတင်ဝင်ရောက်စဉ်က ၂၀၁၅ မှာ AFTA လို့ခေါ်တဲ့ ASEAN Free Trade Area ကို လုပ်ဆောင်မယ်ဆိုတာ ကြေညာခဲ့တယ်။ အဲဒီမှာ စာရေးသူက ဒါဆိုရင် မိမိနိုင်ငံက ထုတ်ကုန်ပစ္စည်းတွေ အရည်အသွေးကောင်းဖို့ လိုအပ်တယ်ဆိုတဲ့ အတွေးပေါ်လာပြီး စက်မှုဇုန်တွေမှာ အရည်အသွေးပြည့် စီမံခန့်ခွဲမှု (Total Quality Management - TQM) သဘောတရားတွေ သွားရောက်ဟောပြော ပို့ချပေးခဲ့တယ်။ သို့ပေမဲ့ အရာမထင်ခဲ့ပါ။တစ်ခါ စာရေးသူတို့နိုင်ငံ ရှေးမြန်မာရှင်ဘုရင်တွေ လက်ထက်က စတင်ခဲ့တဲ့ ကျေးရွာတစ်ရွာ ထွက်ကုန်တစ်မျိုး (One Village One Product - OVOP) နဲ့ ပတ်သက်ပြီးလည်း ထိုယခင်က နိုင်ငံအကြီးအကဲနဲ့ ဝန်ကြီးတွေ၊ တိုင်းမှူးတွေကို အဆိုပြုလွှာ ရေးပို့ဖူးတယ်။ ဒါလည်း အရာမထင်ခဲ့ပါ။ သို့ပေမဲ့ ဒီကနေ့ခေတ်က ဒီမိုကရေစီခေတ်ကို ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည့်သူဆန္ဒ၊ လွှတ်တော်ဆန္ဒတွေနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်စီမံခန့်ခွဲမှု (Good Governance)၊ သန့်ရှင်းသော အစိုးရ (Clean Government) ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ တူညီတဲ့ လူတွေရဲ့ မတူညီသော အသံတွေနဲ့ မိမိနိုင်ငံ တိုးတက်ရေးအတွက် ပင်ကိုစိတ်ရင်းအမှန် ပြောင်းလဲလာကြလေပြီလို့ မှတ်ယူပြီး ယခုဤဆောင်းပါးကို ရေးဖြစ်ပါတယ်။ ဒီဆောင်းပါးရေးဖို့အတွက် ဖတ်ဖို့အထောက်အကူပြု စာအုပ်ကို ခေတ္တငှားရမ်း ဖတ်ရှုခွင့်ပေးတဲ့ ကျွန်တော့်ဆရာ ဒေါက်တာဦးသိန်းကို အထူးကျေးဇူးတင်မိတယ်။ ဆရာငှားပေးတဲ့ စာအုပ်အမည်က Why Nations Fail ဆိုတာ ဖြစ်ပါတယ်။ စာအုပ်ရဲ့ထိပ်မှာ The Originals of Power, Prosperity, and Poverty ဆိုတဲ့ စာတန်းလေးက စာရေးသူကို ဆောင်းပါးရေးဖို့ ဆွဲဆောင်လိုက်တာ ဖြစ်တယ်။ မူရင်းစာရေးသူက သူ့ရဲ့စကားချီးမှာ-“ကြီးမားတဲ့ ဝင်ငွေကွာဟချက်တွေနဲ့ လူနေမှုအဆင့်အတန်းတွေက ချမ်းသာတဲ့နိုင်ငံတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ဂရိတ်ဗြိတိန်၊ ဂျာမနီနိုင်ငံတွေနဲ့ အာဖရိကတိုက် ဆာဟာရနိုင်ငံတွေ၊ ဗဟိုအမေရိကနဲ့ တောင်အာရှနိုင်ငံလို ဆင်းရဲတဲ့ နိုင်ငံတွေကို ခွဲခြားပေးလိုက်တာ ဖြစ်ပါတယ်” လို့ ရေးသားထားတယ်။ မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေ၊ တူနီးရှား၊ အီဂျစ်နိုင်ငံတွေမှာ အုပ်ချုပ်သူတွေက သူတို့နှစ်ပေါင်းများစွာ ပိုင်စိုးထားတဲ့ ရာထူးနေရာတွေကနေ ဖယ်ခွာပေးခဲ့ကြရတယ်။ ဘာရိမ်း၊ လစ်ဗျားနဲ့ ယီမင်နိုင်ငံတွေမှာလည်း ဆင်းရဲတွင်းနက်တဲ့ ကံကြမ္မာကို ပြည်သူတွေ ခံစားနေကြရတယ်။ အဲဒီနိုင်ငံတွေမှာ ပေါ်ပေါက်နေတဲ့ မကျေနပ်မှုတွေရဲ့ ဇာစ်မြစ်က ဆင်းရဲတွင်းနက်စေမှု ဖြစ်တယ်။ အီဂျစ်နိုင်ငံသားတွေရဲ့ တစ်ဦးချင်းဝင်ငွေက အမေရိကန်နိုင်ငံသား တစ်ဦးချင်း ပျမ်းမျှဝင်ငွေ ၁၂ ရာခိုင်နှုန်းလောက်သာ ရှိတယ်လို့ ဆိုတယ်။ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေဖြစ်တဲ့ မြောက်ကိုရီးယား၊ ဆီရာလီယွန်၊ ဇင်ဘာဘွေလို နိုင်ငံတွေမှာတော့ နိုင်ငံလူဦးရေထက်ဝက်က ဆင်းရဲတွင်းနက်နေကြတာလို့ ဆိုတယ်။ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီရဲ့ ယခင်ဒါရိုက်တာဖြစ်သူ မိုဟာမက်အယ်လီဘဂရာဒေးက နိုင်ငံတွေအတွင်းမှာ အကျင့်ပျက်ခြစားမှု၊ ဖိနှိပ်မှုတွေနဲ့ ဆိုးရွားတဲ့ ပညာရေးစနစ်တွေကနေ နောက်ဆုံးမှာ ပြည်သူတွေရဲ့ မကျေနပ်ချက်တွေကနေ ပေါက်ကွဲထွက်လာစေတာ ဖြစ်တယ်။ ဒါတွေက စာရေးသူတို့ နိုင်ငံအနေနဲ့ သင်ခန်းစာယူတတ်ကြရမှာ ဖြစ်တယ်။ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓာတ်တွေ၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုတဲ့ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲဆိုတဲ့ စိတ်ဓာတ်တွေကို ပြုပြင်ပေးကြရမှာ ဖြစ်တယ်။စာရေးသူတို့နိုင်ငံမှာ အခြားနိုင်ငံတွေနဲ့ မတူကွဲပြားတဲ့ အချက်က စာရေးသူတို့နိုင်ငံက ခရိုနီစီးပွားရေးကို တီထွင်ပေးလိုက်မှု ဖြစ်တယ်။ မိမိကိုယ်မိမိ ခရိုနီလို့ သတ်မှတ်ခံရတာကိုက ရှက်ဖွယ်ဖြစ်တယ်။ သမ္မာအာဇီ၀ မဟုတ်ဘဲ အာဏာရှိသူတွေနဲ့ ပေါင်းစားပင်းစားတဲ့ လုပ်ရပ်က အတ္တဆန်တဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဒီကနေ့ခေတ်မှာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ (Protectionism) ကို ကာကွယ်ပေးနေရတာမို့ မိမိနိုင်ငံနဲ့ နိုင်ငံသားတွေ တိုးတက်ရေး ဘဝအရည်အသွေး တိုးတက်မြင့်မားလာရေးကို မလုပ်နိုင်သေးဘဲ ဖြစ်နေတယ်။နိုင်ငံတစ်နိုင်ငံမှာ အာဏာရယ်၊ အောင်မြင်မှုရယ်၊ ဆင်းရဲတွင်းနက်ရှိုင်းစေမှုတွေရဲ့ အစကနဦးက လူတစ်ဦးချင်းရဲ့ စိတ်ဓာတ် ဖြစ်ပါတယ်။ အာဏာရှိလာသူတွေက မိမိပိုင်စိုးထားတဲ့ အာဏာကို လက်မလွှတ်ချင်၊ အာဏာရှင်တွေနဲ့ပေါင်းပြီး ချမ်းသာလာသူတွေ အောင်မြင်လာသူတွေကလည်း မိမိတို့ရဲ့ အောင်မြင်မှုလို့ သတ်မှတ်ထားတဲ့ ချမ်းသာကြွယ်ဝမှုကို လက်မလွှတ်ချင်။ အဲဒီအကြောင်းတွေကနေ နိုင်ငံသားတွေ ဆင်းရဲမှုတွေ ဖြစ်လာတာဖြစ်တယ်။ကမ္ဘာကြီးရဲ့ မညီမျှမှု သီအိုရီအရ ကျွန်တော်တို့က မညီမျှတဲ့ ကမ္ဘာကြီးတစ်ခုအတွင်းမှာ နေနေကြရတာ ဖြစ်တယ်။ ချမ်းသာတဲ့ နိုင်ငံတွေမှာ လူတစ်ဦးချင်းက ပိုမိုကျန်းမာကြပြီး အသက်ရှည်ကြတယ်။ ပညာရေး ပိုမိုကောင်းမွန်ကြတယ်။ ဘဝမှာ ရသင့်ရထိုက်တဲ့ ဘဝအခွင့်အလမ်းတွေကို ရရှိနိုင်ကြတယ်။ သို့ပေမဲ့ ဆင်းရဲတဲ့နိုင်ငံမှာ နေထိုင်နေကြရတဲ့ လူတစ်ဦးချင်းကတော့ ဒီအခွင့်အလမ်းတွေကို လက်တွေ့မခံစားနိုင်ကြဘဲ အိပ်မက်အနေနဲ့သာ မက်နိုင်ကြတာဖြစ်တယ်။ ချမ်းသာတဲ့ နိုင်ငံကလူတွေက အပေါက်တွေချိုင့်ခွက်တွေ မရှိတဲ့ လမ်းတွေပေါ်မှာ မောင်းနှင်သွားလာနိုင်ကြတယ်။ သန့်ရှင်းတဲ့ရေအိမ်တွေ အသုံးပြုနိုင်ကြတယ်။ လျှပ်စစ်ဓာတ်အားတွေ မှန်မှန်ရရှိနိုင်ကြတယ်။ ရေလည်း မပြတ်လပ်ဘဲ အမြဲရရှိနိုင်ကြတယ်။ အစိုးရတွေကနေ မတရား ဖမ်းဆီးမှုတွေ မရှိဘဲ ပညာရေး၊ ကျန်းမာရေး၊ အပါအဝင် ဝန်ဆောင်မှုတွေမှာ ဖြည့်ဆည်းပေးကြတယ်။ အစိုးရရွေးချယ်ရေးတွေမှာလည်း မှန်ကန်တဲ့ လွတ်လပ်တဲ့ မဲပေးပိုင်ခွင့်တွေ ရရှိနိုင်ကြတယ်။နိုင်ငံဆင်းရဲတော့ ဆင်းရဲတွင်းနက်မှု အများစုဖြစ်တဲ့ နိုင်ငံသားတွေသာ ဆင်းရဲမွဲတေမှုကို ခံကြရတာဖြစ်တယ်။ ချမ်းသာတဲ့ လူနည်းစုအတွက်ကတော့ နိဗ္ဗာန်ဘုံအလား မတင်စားသင့်ပေမယ့် သူတို့က နောက်ဘဝဆိုတာ မရှိတော့ဘူးဆိုတဲ့ ခံယူချက်နဲ့ ဒီဘဝမှာ အစွမ်းကုန်ပျော်ချင်တိုင်းပျော် မော်ချင်တိုင်းမော်နိုင်ကြတယ်။ ဆင်းရဲတွင်းနက်တဲ့ လူအများစုမှာတော့ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်မှာ အောက်ဆုံးအဆင့် ရောက်သွားတယ်။ တစ်နေ့တစ်နေ့ တစ်ထွာသောဝမ်းကို ဖြည့်ဆည်းနိုင်ဖို့ ရရာကြုံရာအလုပ်တွေ လုပ်နေကြရတယ်။စာရေးသူတို့နိုင်ငံက သဘာဝကပေးထားတဲ့ မြေပေါ်မြေအောက် သဘာဝသယံဇာတတွေ ပေါကြွယ်ပေမယ့် အဲဒီသဘာ၀ သယံဇာတတွေကို လွဲမှားတဲ့ စီမံခန့်ခွဲမှုအောက်မှာ မိမိနိုင်ငံသားတွေ အကျိုးပြုမှုမရှိတဲ့ လူနည်းစု အကျိုးစီးပွား ဖြစ်ကုန်တယ်။ သို့ပေမဲ့ လူနည်းစုအကျိုးအတွက် လုပ်ဆောင်ရင်း သစ်ပင်တွေ ကုန်ခန်း၊ မြေအောက်က တွင်းထွက်သယံဇာတတွေ ကုန်ခန်းတဲ့ဒဏ်ကို အများပြည်သူတွေ ခံစားနေကြရတယ်။တစ်ပတ်ကို မြန်မာနိုင်ငံက သစ်တန်ချိန် ၅၀၀၀၀ လောက် အိမ်နီးချင်းနိုင်ငံဘက်ကို ခိုးထုတ်ယူတာ ခံနေရတယ်။ ကာဗွန်ဓာတ်ကို စုပ်ယူပြီး အောက်ဆီဂျင်ဓာတ်ငွေ့ ပြန်ထုတ်ပေးမယ့် သစ်တောတွေ သစ်ပင်တွေ မရှိတော့တာကြောင့် လေထုညစ်ညမ်းမှုတွေ အိုဇုန်းလွှာပေါက်ပြီး အပူလွန်ကဲမှုဒဏ်ကို ခံစားနေကြရတယ်။ဆင်းရဲချမ်းသာကွာဟမှု ဘာကြောင့် ဖြစ်ရတာလဲ၊ နိုင်ငံက ဘာကြောင့် ကျရှုံးလာရတာလဲ ဆိုတာတွေကို ပြန်လည်သုံးသပ်ကြပြီး လူနည်းစုအကျိုးထက် ဆင်းရဲတွင်းနက်နေကြတဲ့ လူများစုအကျိုး သယ်ပိုးဆောင်ရွက်ကြရင်း နာမည်ကောင်းတစ်လုံး ပိုင်ဆိုင်နိုင်ကြပါစေ။










