အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၂၀၀၀၀ ဝန်းကျင် ရှိလာပြီး နှစ်ပတ်ဆက်တိုက် အမြင့်ဈေး၌ ရပ်တည်

အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၂၀၀၀၀ ဝန်းကျင် ရှိလာပြီး နှစ်ပတ်ဆက်တိုက် အမြင့်ဈေး၌ ရပ်တည်
Published 25 May 2015
ချမ်းမြေ့သူ

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၇၂၀၀၀၀ ဝန်းကျင်ရှိပြီး နှစ်ပတ်ဆက်တိုက် အမြင့်ဈေး၌ ရပ်တည်နေကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။ပြည်တွင်းအခေါက်ရွှေဈေးမှာ မေလပထမပတ် အတွင်းမှစ၍ တက်ရိပ်ပြလာခဲ့ပြီး မေ ၁၁ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၇၀၀၀၀၀ ကျော်သို့ မြင့်တက်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနောက် ဈေးဆက်လက်မြင့်တက်မှု ဖြစ်ပေါ်ခဲ့ပြီး တစ်ကျပ်သားလျှင် ကျပ် ၇၁၉၀၀၀ အထိ ဈေးမြင့်ခဲ့ကြောင်း သိရသည်။“ဒီနေ့ အဖွင့်ဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၇၁၄၅၀၀ ပေါက်ဈေးရှိတယ်။ ဈေးကွက်ထဲမှာတော့ အဝယ်လိုက်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။နိုင်ငံတကာဈေးကွက်၌ ရွှေဈေးမြင့်တက်မှု အနည်းငယ်ဖြစ်ပေါ်ချိန်တွင် ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်၌ ဒေါ်လာဈေးနှင့် မြန်မာငွေလဲဈေး မြင့်တက်မှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အခေါက်ရွှေဈေးမှာ ယခင်တစ်ကျပ်သားလျှင် ကျပ် ၆၈၀၀၀၀ ကျော်မှ ကျပ် ၇၀၀၀၀၀ သို့ မြင့်တက်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်းနောက် နိုင်ငံတကာရွှေဈေးမှာ တစ်ဖြည်းဖြည်း မြင့်တက်မှု ဖြစ်ပေါ်ခဲ့ပြီး ယခင် တစ်အောင်စလျှင် ဒေါ်လာ ၁၁၆၀ ကျော်ရှိရာမှ တစ်အောင်စလျှင် ဒေါ်လာ ၁၁၇၄၊ ၁၁၈၇ သို့ မြင့်တက်ခဲ့ပြီး မေ ၂၄ ရက်တွင် နိုင်ငံတကာ ရွှေတစ်အောင်စလျှင် ဒေါ်လာ ၁၂၀၀ ကျော် ပေါက်ဈေးရှိကြောင်း သိရသည်။ပြည်တွင်းရွှေဈေးနှုန်းမှာ နိုင်ငံတကာ ရွှေဈေးအတက်ပေါ် မူတည်၍ ဈေးအတက်အကျ ဖြစ်ပေါ်နေခြင်း ဖြစ်သည့်အတွက် ယခင်က နိုင်ငံတကာရွှေဈေးနှုန်း အတက်အကျ တည်ငြိမ်မှု မရှိချိန်တွင် ပြည်တွင်းရွှေဈေးမှာ အမြင့်ဈေး၌ ကြာရှည်စွာ ရပ်တည်နိုင်ခြင်း မရှိကြောင်း သိရသည်။မေ ၂၅ ရက်တွင် နိုင်ငံတကာရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ ၁၂၀၅ ကျော်ရှိပြီး ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၂၀၀၀၀ ဝန်းကျင်ရှိပြီး ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၆၇၀၀၀၀ ကျော် ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ရန်ကုန်တွင် ရွှေရောင်းဝယ်ရေးလုပ်ငန်းများ၊ ရွှေသန့်စင်သည့် လုပ်ငန်းများ အများဆုံးရှိသဖြင့် အရောင်းအဝယ်အများဆုံး ပြုလုပ်ရာ နေရာဖြစ်ပြီး မော်လမြိုင်၊ မန္တလေး၊ တောင်ကြီး စသည့်ဒေသများမှ ကုန်သည်များ လာရောက် အရောင်းအဝယ် ပြုလုပ်ကြကြောင်း သိရသည်။         

Most Read

Most Recent