နိုင်ငံခြားသုံးငွေလဲလှယ်ခွင့် လိုင်စင်ရဘဏ်များနှင့် လိုင်စင်ရငွေလဲကောင်တာများတွင် ဒေါ်လာအဝယ်သာရှိပြီး အရောင်းရပ်ထားသဖြင့် နိုင်ငံခြားငွေလိုအပ်သူများ တရားမဝင်ဈေးကွက်မှ ဝယ်ယူနေရ

နိုင်ငံခြားသုံးငွေလဲလှယ်ခွင့် လိုင်စင်ရဘဏ်များနှင့် လိုင်စင်ရငွေလဲကောင်တာများတွင် ဒေါ်လာအဝယ်သာရှိပြီး အရောင်းရပ်ထားသဖြင့် နိုင်ငံခြားငွေလိုအပ်သူများ တရားမဝင်ဈေးကွက်မှ ဝယ်ယူနေရ
Published 25 May 2015
ဇော်ဝေ၊ အောင်မြတ်ကို

ဗဟိုဘဏ်ခွင့်ပြုထားသော နိုင်ငံခြားသုံးငွေလဲလှယ်ခွင့် လိုင်စင်ရဘဏ်များနှင့် လိုင်စင်ရငွေလဲကောင်တာများတွင် ဒေါ်လာအဝယ်သာရှိပြီး လိုအပ်သူများ အနေဖြင့် တရားမဝင်ဈေးကွက်မှ ဝယ်ယူနေရကြောင်း သိရသည်။“ကျွန်တော် တစ်လလောက်ရှိပြီ။ အစိုးရ သတ်မှတ်ထားတဲ့ ငွေလဲကောင်တာတွေမှာ ဒေါ်လာဝယ်လို့ မရတာ။ ကျွန်တော်ဒီနေ့ လုပ်ငန်းအတွက် လိုအပ်လို့ ဒေါ်လာ ၅၀၀၀ လောက်သွားဝယ်တာ မရောင်းဘူးတဲ့။ ရောင်းစရာမရှိဘူးလို့ ပြောတယ်။ ကျွန်တော်တို့ ဒီယုဇနပလာဇာနဲ့ မင်္ဂလာဈေးနားမှာ ကောင်တာတွေ အများကြီးရှိတယ်။ CB ဘဏ်လည်း မရဘူး။ ကမ္ဘောဇလည်း မရဘူး ဖြစ်နေတယ်။ ဘဏ်ကြီးတွေက သက်သက်ကစားနေလားတောင် ထင်ရတယ်။ ရွှေဘုံသာလမ်းမှာ သွားဝယ်ရင်တော့ ရတယ်။ ဈေးပိုပေးရတယ်ဆိုတော့ ဒါသက်သက်လုပ်နေတာလားလို့ အောက်မေ့ရတယ်” ဟု ယုဇနပလာဇာနှင့် မင်္ဂလာဈေးသို့ နယ်စပ်မှ ကုန်စည်များတင်သွင်း ဖြန့်ဖြူးနေသူ ကိုသီဟက ဆိုသည်။ဗဟိုဘဏ်မှ ခွင့်ပြုထားသော နိုင်ငံခြားသုံးငွေလဲလှယ်ခွင့် လိုင်စင်ရဘဏ်များနှင့် လိုင်စင်ရငွေလဲကောင်တာများတွင် နိုင်ငံခြားငွေ ဝယ်ယူမရ ဖြစ်နေခြင်းအပေါ် သွင်းကုန်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက “ပုဂ္ဂလိကဘဏ်က ဖွင့်ထားတဲ့ ငွေလဲကောင်တာမှာ ဒေါ်လာလိုလို့ သွားဝယ်တယ်။ ဒီနေ့ အရောင်းပိတ်ထားတယ်လို့ ကောင်တာက ပြန်ပြောတယ်။ ဒါနဲ့ နောက်ဘဏ်တစ်ခုကို သွားဝယ်တော့လည်း အရောင်းပိတ်ထားလို့ ဝယ်လို့မရခဲ့ဘူး။ ဒေါ်လာငွေက အခုလိုနေတော့ အပြင်မှာ ငွေလဲကောင်တာထက် ဈေးပိုပေးပြီး ဝယ်လိုက်ရတယ်” ဟု မေ ၂၅ ရက်တွင် ပြောကြားသည်။မေ၂၅ ရက်က ပြည်တွင်း ပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများတွင် ရောင်းဈေး ၁၀၉၁ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁၀၈၉ ကျပ် ဝန်းကျင်တွင် ရှိနေပြီး ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၁၀၈၂ ကျပ် သတ်မှတ်ထားသည်။ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေး ၁၁၂၇ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁၁၂၅ ကျပ် ဝန်းကျင်တွင် ရှိနေပြီး ပို့ကုန်ရငွေတန်ဖိုးမှာ တစ်ဒေါ်လာလျှင် ၁၁၂၈ ကျပ်ဝန်းကျင်တွင် ရှိနေသည်။“ကျွန်တော်တို့  ဒေါ်လာရောင်းချင်ရင် ဒေါ်လာဝယ်ရတယ်။ ကျွန်တော်တို့ ဒေါ်လာဝယ်လို့မရရင် ကျွန်တော်တို့ ဘယ်လိုရောင်းမလဲ” ဟု ကမ္ဘော့ဇဘဏ် အကြီးတန်းအကြံပေး ဦးသန်းလွင်က ပြောကြားသည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂၀၁၂ ဧပြီမှ စတင်ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲစနစ်ကို ကျင့်သုံးခဲ့ပြီး နေ့စဉ် နိုင်ငံခြားငွေလဲနှုန်းများကို ထုတ်ပြန်ပေးလျက် ရှိနေကြောင်း၊ ပုဂ္ဂလိကဘဏ်များအား Money Changer Licence များကို ၂၀၁၁ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှ စတင်ခွင့်ပြုထုတ်ပေးခဲ့ပြီး နိုင်ငံခြားငွေကြေးဈေးကွက် ပိုမိုဖွံ့ဖြိုးလာစေရန်အတွက် ဘဏ်မဟုတ်သော ကုမ္ပဏီအဖွဲ့အစည်းများအား နိုင်ငံခြားငွေများ ပြည်တွင်းသုံးကျပ်ငွေဖြင့် ရောင်းချခြင်းလုပ်ငန်းကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။“ငွေလဲနှုန်း အတက်အကျဖြစ်တာကတော့ ထုံးစံဖြစ်ပေမယ့် အခုလို ကောင်တာတွေက မရောင်းဘူး ဆိုတာကတော့ ဈေးကွက်ရဲ့ သဘောအရ အဓိပ္ပာယ် မရှိပါဘူး။ လိုင်စင်ပေးထားတယ် ဆိုတာကလည်း ရောင်းဖို့ဝယ်ဖို့ ပေးထားတာ။ ထိုက်သင့်တဲ့ဈေးနဲ့ ဝယ်ပြီးရင် ထိုက်သင့်တဲ့ဈေးနဲ့ ရောင်းရမှာပဲ။ အခုဟာက ဝယ်တော့ဝယ်ထားပြီးတော့ ပြန်မရောင်းဘူးဆိုတာက ဒီထက်ဈေးတက်ဦးမယ် ဆိုပြီးတော့ Message ပေးသလို ဖြစ်နေတယ်။ ဒီထက် တက်မတက် ဆိုတာက ဈေးကွက်ပေါ်မှာ မူတည်နေတာပဲ။ ကိုယ်လုပ်ချင်သလို လုပ်လို့မရဘူး။ အခုလို မရောင်းဘူးဆိုတဲ့ဟာကို ကျွန်တော်တို့ ပြန်စိစစ်ပါမယ်။ အခုလို ဖြစ်နေတာက လုပ်ငန်းသဘောအရရော အရောင်းအဝယ် သဘောအရရော အဓိပ္ပာယ်မရှိဘူး ဖြစ်နေတယ်” ဟု ဗဟိုဘဏ် နိုင်ငံခြားငွေလဲနှုန်း စီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။မြန်မာနိုင်ငံတွင် ပို့ကုန်ရငွေ (Export Earning) ၏ ရာခိုင်နှုန်း ၄၀ သာ တိုင်းပြည်၏စာရင်းသို့ ဝင်ရောက်မှုရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် ဦးမော်သန်းက ရန်ကုန်မြို့ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် ပြုလုပ်သည့် Foreign Exchange Management Law and Regulations ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ပြောကြားသည်။နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့်လိုင်စင် (Money Changer Licence) ကို ညွှန်ကြားချက်နှင့်ကိုက်ညီသည့် လုပ်ငန်းတိုင်းသို့ ထုတ်ပေးနေပြီး အရေအတွက် ကန့်သတ်ထားခြင်း မရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ချက်အရ သိရသည်။လတ်တလောတွင် နိုင်ငံပိုင်ဘဏ်နှစ်ခု၊ ပုဂ္ဂလိကဘဏ် ၂၁ ဘဏ်သို့ နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်လက်မှတ် ထုတ်ပေးထားပြီး ငွေလဲကောင်တာ ၅၆၃ ခုအထိ ဖွင့်လှစ်ထားကြောင်း သိရသည်။

Most Read

Most Recent