ဘဏ္ဍာနှစ်စတွင် စင်ကာပူနိုင်ငံက ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော် ဝင်ရောက်မြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်သည့် နိုင်ငံအဖြစ် ရပ်တည်

ဘဏ္ဍာနှစ်စတွင် စင်ကာပူနိုင်ငံက ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော် ဝင်ရောက်မြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်သည့် နိုင်ငံအဖြစ် ရပ်တည်
Published 24 May 2015
ချမ်းမြေ့သူ

ဘဏ္ဍာနှစ်စတွင် စင်ကာပူနိုင်ငံက ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော် ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ထားပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်သည့် နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလကုန်အထိ စာရင်းများအရ မြန်မာနိုင်ငံတွင်  ပြည်ပနိုင်ငံပေါင်း ၁၁ နိုင်ငံက ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော် ဝင်ရောက်မြှုပ်နှံမှုပြု လုပ်ထားသည့်အနက် စင်ကာပူနိုင်ငံက ဝင်ရောက်မြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁၄၁၀ ဒသ မ ၈၅၀ သန်း(ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော်) ဖြင့် အများဆုံး ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ယခင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်းက မြန်မာနိုင်ငံ၏ လုပ်ငန်းများတွင် ပြည်ပနိုင်ငံပေါင်း ၂၇ နိုင်ငံက ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း ဒေါ်လာရှစ်ဘီလျံကျော် ဝင်ရောက်ခဲ့သည့်အနက် စင်ကာပူ တစ်နိုင်ငံတည်းက အဆိုပါ ဝင်ရောက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ထက်ဝက်ကျော်ဖြစ်သည့် ဒေါ်လာ ၄၂၉၇ ဒသမ ၁၈၅ သန်း (ဒေါ်လာလေးဘီလျံကျော်) ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ စင်ကာပူနိုင်ငံအနေဖြင့် နိုင်ငံပေါင်း ၂၆ နိုင်ငံ၏ ဝင်ရောက်မြှုပ်နှံမှု ပမာဏများကို ကျော်လွန်၍ အများဆုံးဝင် ရောက်မြှုပ်နှံသည့် နိုင်ငံအဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စတွင်လည်း အများဆုံး ဝင်ရောက်မြှုပ်နှံမှုပြုသည့် နိုင်ငံစာရင်းတွင် ဆက်လက်ရပ်တည်နေကြောင်း သိရသည်။
စင်ကာပူအခြေစိုက် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ စသည်တို့တွင် ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ထားခြင်းဖြစ်ပြီး ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များအပြင် ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်း၍ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ နိုင်ငံအလိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ကြည့်မည်ဆိုပါက ပမာဏအားဖြင့် တရုတ်နိုင်ငံက အများဆုံးဖြစ်သော်လည်း ဘဏ္ဍာနှစ်အလိုက် ဝင်ရောက်မြှုပ်နှံမှု ပမာဏများကို ကြည့်မည်ဆိုပါက စင်ကာပူနိုင်ငံ၏ ဝင်ရောက်မြှုပ်နှံမှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၄၆ ဘီလံျကျော်ရှိပြီး တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပြီး စင်ကာပူနိုင်ငံက ဒုတိယအများဆုံး ဝင်ရောက်မြှုပ်နှံသည့် နိုင်ငံအဖြစ် ရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
 
 
 
 

Most Read

Most Recent