နေပြည်တော်၌ ပြုလုပ်မည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အရောင်းအဝယ်ပြုလုပ်ရာ၌ ပေးဆောင်ရမည့် အခွန်နှုန်းထားကြောင့် ရောင်းချလိုသူ နည်းပါးနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။“ဒီနှစ်ပြပွဲမှာ တက်ရောက်ပြသ ရောင်းချမယ့်သူတွေ အနေနဲ့ အရောင်းအဝယ်ပြုလုပ်တဲ့အခါ ပေးဆောင်ရမဲ့ အခွန် ၂၅ ရာခိုင်နှုန်းကြောင့် စိတ်ဝင်စားမှု နည်းနေကြပါတယ်။ လာရောက်ဝယ်ယူကြမယ့် ပြည်တွင်းပြည်ပက ကုန်သည်တွေကတော့ လာသင့်သလောက် လာကြမယ် ထင်ပါတယ်။ ဒီဘက်က ရောင်းချမယ့်သူတွေ ဘက်ကပဲ စိတ်ဝင်စားမှု နည်းနေကြတာပါ” ဟု မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးထွန်းလှအောင်က ပြောကြားသည်။နှစ်စဉ် နေပြည်တော်၌ ပြုလုပ်သည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အရောင်းအဝယ်ပြုလုပ်ကြရာ၌ ရောင်းရငွေ၏ ၁၀ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရပြီး ယခု ၂၀၁၅-၂၀၁၆ အတွင်း၌ ရောင်းရငွေ၏ ၁၅ ရာခိုင်နှုန်းကို ပေးဆောင်ရမည် ဖြစ်သည့်အတွက် စုစုပေါင်း အခွန် ၂၅ ရာခိုင်နှုန်းကို ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။မြန်မာ့ကျောက်မျက်ရတနာပပွဲတွင် အခြေခံယူရိုလေးထောင်မှ နှစ်သိန်းအထိရှိ ကျောက်စိမ်းအတွဲများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ပြပွဲတွင် နိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များက တင်ပြရောင်းချလိုသည့် ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများ၏ အခြေခံရောင်းဈေး ညှိနှိုင်းသတ်မှတ်ခြင်းကို ဇွန် ၁၀ ရက်အထိ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ ဗဟိုကော်မတီမှ သိရသည်။ကျောက်မျက်ရတနာပြပွဲသို့ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်ခြင်း၊ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာ အချောထည်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ သက်တမ်းရှိ ဂျီတီစီလိုင်စင် ရယူထားသူများနှင့် ကျောက်မျက်ရတနာကုမ္ပဏီ မှတ်ပုံတင် ရရှိပြီးသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်အသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်များနှင့်အညီ ရတနာပြပွဲသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနည်းဥပဒေများနှင့်အညီ ခွင့်ပြုမိန့်နှင့် လိုင်စင်ရယူထားသူများကို ဝယ်ယူခွင့်ပြုမည်ဖြစ်သည်။၅၂ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် ဇွန် ၂၄ ရက်မှ ဇူလိုင် ၆ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ပြည်တွင်းပြည်ပ ရတနာကုန်သည်များအတွက် ပြပွဲတက်ရောက်ဝယ်ယူခွင့်ဆိုင်ရာ ကိစ္စများကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း(ရုံးချုပ်)၌ ပြုလုပ်ပေးမည်ဖြစ်သည်။
(၅၂) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပေးဆောင်ရမည့် အခွန်နှုန်းထားကြောင့် ရောင်းချလိုသူ နည်းပါးနိုင်ဖွယ်ရှိဟု ဆို