အမေရိကန် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုကုမ္ပဏီ တစ်ခုဖြစ်သည့် UPS ကုမ္ပဏီ မြန်မာနိုင်ငံတွင် လုပ်ငန်းတိုးချဲ့ ဆောင်ရွက်မည်

အမေရိကန် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုကုမ္ပဏီ တစ်ခုဖြစ်သည့် UPS ကုမ္ပဏီ မြန်မာနိုင်ငံတွင် လုပ်ငန်းတိုးချဲ့ ဆောင်ရွက်မည်
Published 21 May 2015
သန်းထိုက်အောင်

အမေရိကန် ကုန်စည်သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် UPS ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် လုပ်ငန်းတိုးချဲ့ ဆောင်ရွက်သွားမည်ဟု UPS (တောင်အာရှဒေသ)ဥက္ကဋ္ဌ Mr.Jim O'Gara က မေ ၂၁ ရက်တွင် ပြောကြားသည်။
၂၀၁၄ ခုနှစ် သြဂုတ်လမှ စတင်ဝန်ဆောင်မှုပေးလာခဲ့သည့် လေကြောင်းနှင့် ရေကြောင်းကုန်စည် ပို့ဆောင်မှု လုပ်ငန်းများကို အထောက်အကူပြုစေမည့် အမြန်ချောပို့ဝန်ဆောင်မှု (Express Delivery) နှင့် Contract Logistics ဝန်ဆောင်မှုလုပ်ငန်းများကို ထပ်မံတိုးချဲ့ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ ဝန်ဆောင်မှုလုပ်ငန်းတွေကို တိုးချဲ့လိုက်တာဟာ အာရှရဲ့ ဖွံ့ဖြိုးစ ဈေးကွက်တွေမှာ UPS ရဲ့ဝန်ဆောင်မှုကို တိုးချဲ့လိုက်ခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာ ကုန်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အာရှဒေသက မောင်းနှင်နေတာ ဖြစ်ပါတယ်။ ဒေသတွင်းစီးပွားရေး အရှိန်အဟုန်မြင့် ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ မြန်မာနိုင်ငံရဲ့ မဟာဗျူဟာ အချက်အချာကျတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ အိန္ဒိယနိုင်ငံတို့အပြင် အခြားအာဆီယံ ဈေးကွက်တွေနဲ့ စီးပွားရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ ကူညီပေးသွားမှာပါ” ဟု UPS (တောင်အာရှဒေသ) ဥက္ကဋ္ဌ Mr.Jim O'Gara က ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ Deputy Chief of Mission ဖြစ်သူ Mrs.Virginia Murray က “မြန်မာနိုင်ငံက ပို့ကုန်လုပ်ငန်းရှင်တွေ ဒေသအတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်က သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်လုပ်ကိုင် နိုင်ဖို့အတွက် UPS တို့လို ကုမ္ပဏီတွေက အဓိကအခန်းကဏ္ဍမှ ပါဝင်သွားမှာဖြစ်ပါတယ်” ဟုဆိုသည်။               
မြန်မာနိုင်ငံ ပြည်တွင်းပြည်ပ သယ်ယူပို့ဆောင်မှုအတွက် UPS မှ Worldwide Express Service ကို အသုံးပြုကာ အာရှ၊ ဥရောပနှင့် အမေရိကန်နိုင်ငံများသို့ သုံးရက်အတွင်း ပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ UPS ဝန်ဆောင်မှုလုပ်ငန်းမှ အကောက်ခွန် လုပ်ငန်းစဉ်များ ရှင်းလင်းဆောင်ရွက် ပေးသည့်ဌာန (In-house Customs Clearance) နှင့် အာမခံဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်သည့် ဝန်ဆောင်မှု (Guaramteed Door-to-Door Delivery) အား နိုင်ငံပေါင်း၂၂၀ တွင် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။               
UPS သည် အမေရိကန်နိုင်ငံ အတ္တလန်တာမြို့၌ ရုံးချုပ်တည်ရှိပြီး မြန်မာနိုင်ငံအတွင်း့ညငအနိ United Courier Service ကုမ္ပဏီနှင့် ပူးပေါင်း၍ ၂၀၁၄ ခုနှစ်မှစတင်ကာ ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။
 

Most Read

Most Recent